တောင်ကြီးမြို့ဘုရားဖြူရွာတွင် စစ်တပ်သိမ်းမြေယာများ ဖြေရှင်းခြင်းမရှိဘဲ ရောင်းချလွဲပြောင်းမှုရှိနေ

ခွန်သန်းအောင် (တောင်ကြီး) | ဖေဖေါ်ဝါရီလ ၂၇ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

တောင်ကြီးမြို့၊ ပါမိုးနဲရွာ (ယခု ဘုရားဖြူရပ်ကွက်၊ နယ်မြေ (၄) မှ စိုက်ပျိုးခြံယာမြေ (၇၂၀) ဧကကို စစ်တပ်၏ သိမ်းဆည်းမှုကြောင့် ဒေသခံတောင်သူများ စားဝတ်နေရေး နစ်နာမှုများအား ဖြေရှင်းဆောင်ရွက်ပေးရန် မြေယာသိမ်းဆည်းမှု စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဌဦးတင်ထွဋ်ကို ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့စာဖြင့် ယခုလို တတိယအကြိမ် ထပ်မံစာတင်ရခြင်းဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၃ ရက်တောင်သူများ တွေ့ဆုံပွဲ ပါမိုးနဲရွာနေ မြေယာပိုင်ရှင် ဦးမတ်က ပြောသည်။

တောင်ကြီးမြို့၊ ပါမိုးနဲရွာအတွင်းရှိ ရွာသူရွာသားများ ဓါးမဦးချ လုပ်ကိုင်စားသောက်နေထိုင်ခဲ့သည့် အာလူး၊ ဂျူံ၊ ဟင်သီးဟင်းရွက်အမျိုးမျိုးနှင့် သစ်တော်သီးပင်၊ မက်မန်းပင်နှင့် အခြားနှစ်ရှည်ပင်များ စိုက်ပျိုးထားသည့် ခြံယာမြေ (၇၂၀) ဧကခန့်ကို ယခင်စစ်တပ် (၅၁၀) ခြေလျှင်တပ်ရင်း၊ ယခုတပ်အမှတ် (၃၅၇) အမြောက်တပ်ရင်းမှ လွန်ခဲ့သည် (၁၉၉၃) ခုနှစ်က လာရောက်သိမ်းဆည်းခဲ့သည်။

ဒေသခံတောင်သူလယ်သမားများထံမှ သိမ်းဆည်းထားသောခြံယာမြေများအား တစ်ဧကအတွက် တစ်နှစ်ကို ယခင်တွင် ငွေကျပ် (၅၀၀၀ိ) မှ ငွေကျပ် (၁၀၀၀၀ိ) နှုန်းဖြင့် စစ်တပ်က ပြန်လည်အငှားချ၍ ဒေသခံတောင်သူများမှ စားဝတ်နေရေးအတွက် ငှားရမ်းလုပ်ကိုင်နေရကြောင်း၊ ခြံမြေများ သိမ်းဆည်းခြင်းခံရသော်လည်း သိမ်းဆည်းမြေယာများအတွက် မည်သည့်လျော်ကြေးငွေကိုမျှ မရရှိကြောင်း၊ တပ်မြေအဖြစ် အသုံးပြုသော မြေကွက်များအတွက် ထိုက်တန်သောလျော်ကြေးငွေ ပေးသင့်ကြောင်း နှင့် အသုံးမပြုသည့် အပိုအလျံမြေယာများအား ဒေသခံတောင်သူလယ်သမားများ လုပ်ကိုင်စားသောက်နိုင်ရန်အတွက် ပြန်လည်ပေးအပ်စေလိုကြောင်း ဒေသခံတောင်သူများက ပြောသည်။

၁၉၉၃ ခုနှစ်က တပ်မြေအဖြစ်သိမ်းဆည်းသော်လည်း ယခုအခါတွင် တပ်မြေအဖြစ်အသုံးပြုခြင်းမရှိသည့် အခြားသိမ်းဆည်းခြံယာမြေများကို စစ်တပ်အမှတ် (၃၅၇) အမြောက်တပ်ရင်းမှ မြေကွက်များကို ခွဲ၍ အခြားသူများထံသို့ ပြန်လည်ရောင်းချမှုများ ပြုလုပ်လျှက်ရှိကြောင့် ဒေသခံတောင်သူများက (၇၊ ၉၊ ၂၀၁၂) ရက် နေ့စွဲနှင့် (၃၀၊ ၉၊ ၂၀၁၃) ရက် နေ့စွဲတို့ဖြင့် တင်ပြစာများပေးပို့ခဲ့ပြီးဖြစ်ကြောင်း တောင်သူလယ်သမားများတွေ့ဆုံပွဲတွင် ဒေသခံတောင်သူများ ပြောပြချက်အရ သိရသည်။

“တောင်သူလယ်သမားများအတွက် ဖြေရှင်းဆောင်ရွက်ပေးရန်း နှစ်ကြိမ်နှစ်ခါ အသနားခံစာတင်ပြပြီးသော်လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိဘဲနဲ့ မြေကွက်များ လွဲပြောင်းရောင်းချမှုရှိနေတဲ့အတွက် ဦးအေးထွန်း အပါအ၀င် တောင်သူလယ်သမား (၁၀၈) ဦး စုပြီးတော့ ယခုလို ထပ်မံတင်ပြစာ ပေးပို့ရခြင်းဖြစ်တယ်” ဟု ဦးမတ်က ပြောသည်။

“သိမ်းဆည်းမြေယာများ ဧကများပြားလွန်းတော့ ဒေသခံတောင်သူများ ဘ၀စားဝတ်နေရေး ဖူလုံရေးအတွက် စိုက်ပျိုးမြေယာတွေ၊ လုပ်အားအရင်းအနှီးတွေ၊ ငွေကြေးအရင်းအနှီးတွေ အခက်အခဲကြုံတွေ့ရတယ်၊ လူငယ်တွေ အလုပ်မရှိတော့ ပျက်စီးကုန်တယ်၊ နိုင်ငံခြားမှာအလုပ်သွားလုပ်ကြရတယ်” ဟု ဒေသခံရွာသား တစ်ဦးက ပြောသည်။

No comments: