အစိုးရအာဏာပိုင်များ ဟိုပုံးမြို့နယ်ရှိ ဂနိုင်ထုံရွာမြေယာများ သိမ်းဆည်းမှုဖြစ်ပွား

ခွန်သန်းအောင် (တောင်ကြီး) | ဖေဖေါ်ဝါရီလ ၂၆ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်



ဟိုပုံးမြို့နယ်၊ လွယ်အွန်းကျေးရွာအုပ်စု၊ ဂနိုင်ထုံရွာရှိ တောင်သူများပိုင်ခြံယာမြေများကို ပင်းပက်သံမဏိစက်ရုံအမှတ် (၂) မှတာဝန်ခံပုဂ္ဂိုလ်များ၊ အလုပ်သမားများနှင့် ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့များက ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် လာရောက်၍ စက်ရုံမြေအဖြစ် ပန္နက်တိုင်စိုက်သည်ဟု ဂနိုင်ထုံရွာဘုန်းကြီးကျောင်းမှ ဆရာတော်က ပြောသည်။

“မနက် ၇ နာရီအချိန်ဝန်းကျင်မှာ ကျွန်တော်တို့ရွာအောက်နားကို ဆင်းသွားတော့ ပန္နက်တိုင်စိုက်တဲ့လက်သမားတွေ၊ သေနတ်ကိုင်ထားတဲ့ရဲတွေကို ကျွန်တော်တို့တွေ့ရတယ်၊ ကျွန်တော်တို့ ရွာကပိုင်တဲ့ စိုက်ပျိုးမြေတွေ၊ တောင်တန်းတွေကို သူတို့စက်ရုံပိုင်မြေအဖြစ် ပန္နက်တိုင်စိုက်ဖို့သိတော့ ရွာကို အကြောင်းကြားပြီး ရွာသားအားလုံးကို အခုလိုကျွန်တော်တို့ ခေါ်စုလိုက်တယ် “ ဟု ရွာသားတစ်ဦးက ပြောသည်။

“သူတို့ ရဲတွေ၊ တာဝန်ခံတွေက ကျွန်တော်တို့ရွာသူရွာသားများရဲ့ ဓါတ်ပုံကို ရိုက်တယ်၊ ဒါပေမဲ့ ကျွန်တော်တို့ ရွာသူရွာသားများက သူတို့ရဲတပ်ဖွဲ့တွေ၊ အလုပ်သမားတွေ၊ တာဝန်ခံ လူကြီးတွေရဲ့ ဓါတ်ပုံကို ပြန်ရိုက်တဲ့အခါကျတော့ ပေးမရိုက်ဘူး၊ ရဲကကျွန်တော်တို့ကို တားထားတယ်၊ ဓါတ်ပုံရိုက်ဖို့ ကင်မရာဟန်းစက်တွေကို ရဲတွေက လုဖို့ကြိုးစားတယ်၊ ရဲနဲ့ကျွန်တော်တို့ တောင်သူသမားတွေ ပြဿနာတက်တော့မလို ရှိတယ်၊ အဲခါကျတော့ လိုက်ပါလာတဲ့ ဟိုပုံးမြို့နယ်အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်တချို့က ၀င်တားလို့ ပြဿနာမဖြစ်တော့ဘူး၊” ဟု ဂနိုင်ထုံရွာသား ခွန်သိန်းဟန်က ပြောသည်။



တောင်သူများခြံယာမြေအတွင်း ပန္နက်တိုင်လာစိုက်ရာတွင် ရဲတပ်ဖွဲ့များ၊ အလုပ်သမားများ၊ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်ပြီး၊ ပန္နက်တိုင်များ ဘိလပ်မြေများတင်ဆောင်လာသည့် ဆယ်ဘီးကား ၂) စီး၊ ကရိန်းကားတစ်စီး၊ သဲတင်ထော်လာဂျီတစ်စီးဖြင့် အသုံးပြုသည်။ တောင်သူလယ်သမားများ (၇၀) ဦးခန့်သည်လည်း မိမိခြံယာများ အပင်များစိုက်ထားသည့် မရိပ်သိမ်းရသေးသော ပဲစင်းငုံစိုက်ခင်းများ၊ နှစ်ရှည်ပင် ထောပတ်ပင်စိုက်ခင်းများကို လိုက်လှံကြည့်ရှုကြသည်။ ဆယ်ဘီးကားကြီးဖြင့် ပဲစင်းငုံ စိုက်ခင်းများ၊ ထောပတ်စိုက်ခင်းများ အတွင်းသို့ မောင်းနှင်ဝင်ရောက်ပန္နက်တိုင် စိုက်ခဲ့သည်။

“ အထက်က ဘယ်အပိုင်းက ဘယ်သူက ဘယ်လိုစီစဉ်တာ ကျွန်တော်တို့ ဘာမှမသိရဘူး၊ ကျွန်တော်တို့က လိုက်ပြီးလုံခြုံရေးယူတာပါ ” ဟု အမည်မဖေါ်လိုသည့် ဟိုပုံးမြို့နယ်ရဲတစ်ဦးက ပြောသည်။

ဂနိုင်ထုံရွာရှိ ရွာသူရွာသားများပိုင် ခြံယာမြေ (၃၈၀) ဧကနှင့် တောင်တန်းများ (၆) လုံးကို ၂၀၀၃ ခုနှစ်တွင် ဟိုပုံးမြို့နယ် စအရ ၉၀၃ စစ်တပ်မှ သိမ်းဆည်းထားရာ ၂၀၁၃ ခုနှစ် စက်တင်ဘာလ အတွင်းတွင် မြေယာကိစ္စနှင့်ပတ်သက်၍ စစ်တပ်မှတာဝန်ရှိသူများ၊ ပင်းပက်စက်ရုံမှတာဝန်ရှိသူ များ၊ ဒေသခံတောင်သူများနှင့် ကျောင်းထိုင်ဆရာတော်တို့ ဂနိုင်ထုံကျောင်းအတွင်း တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုအချိန်တွင် နောက်ခုနှစ်ရက်အတွင်း စစ်တပ်မြေပန္နက်တိုင်များ ပြန်လည်ဆွဲနုတ်ပေးမည်ဟု ဂတိပေးပြောဆိုခဲ့သည်။ သို့သော် ယခုလို ငါးလခန့်အကြာမှာ စက်ရုံပိုင်မြေအဖြစ် စက်ရုံမြေပန္နက်တိုင် လာစိုက်သည်။ ၂၀၀၂-၂၀၀၃ ခုနှစ်တွင် ပင်းပက်သံမဏိစက်ရုံ အမှတ် (၅) ရောက်ရှိလာကြောင်း ဒေသခံများပြောပြချက်အရ သိရှိရသည်။



ယခုသံမဏိစက်ရုံပင်းပက် လျာထားချက်အရ သိမ်းယူသည့် ဂနိုင်ထုံရွာသူရွာသားများ ဘိုးစဉ်ဘောင်ဆက်ထိန်းသိမ်းလာသော ထိုတောင်တန်းများသည် ဒိုလိုမိုက်ကျောက်တောင် အမျိုးအစားဖြစ်ကြောင်း သိရှိရသည်။

No comments: