စာဆိုတော်နေ့နှင့် သက်ကြီးစာပေ ပညာရှင်များ ပူဇော်ပွဲကျင်းပ

ခွန်ရာဇာ (တောင်ကြီး) | မတ်ခ်ျလ ၁၀ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်



တောင်ကြီးမြို့ရှိ သက်ကြီးစာပေ ပညာရှင်များကို ဂါရဝပြုခြင်းနှင့် မျိုးဆက်သစ်လူငယ်များ သိမြင်အတုယူစေနိုင်ရန် ရည်ရွယ်ပြီး တောင်ကြီးစာရေးဆရာအသင်းမှ ဦးစီးပြီး မတ်လ ၉ ရက်နေ့ တောင်ကြီးမြို့ ကိုယ်ပွားသတင်းစာတိုက်အပေါ်ထပ်တွင် စာဆိုတော်နေ့နှင့် သက်ကြီးစာပေ ပညာရှင်များ ပူဇော်ပွဲကျင်းပကြောင်း သိရသည်။

ကျွန်တော်တို့အနေနှင့် တောင်ကြီးမြို့ရှိစာပေပညာရှင်များကို ဂုဏ်ပြုဂါရဝပြုခြင်းဖြစ်တယ်၊ နှစ်တိုင်းလိုလိုလုပ်လာပြီး ယခု ၁၅ နှစ်ကျော်ရှိပြီ၊ တစ်ခြားမြို့က လုပ်လေ့မရှိဘူး၊ စာပေနှင့် ပတ်သက်ပြီး စာရေးဆရာများကို ရိုသေဂါရဝပြုနိုင်တာ အင်မတန်ကောင်းပါတယ်၊ မင်္ဂလာရှိပါတယ်၊ နောက်နှစ်လည်း ဆက်လုပ်ဖို့ရှိတယ်” ဟု တောင်ကြီးမြို့နယ် စာရေးဆရာအသင်း ဥက္ကဌ မောင်ခွန်နွယ် (အင်းလေး) က ပြောသည်။

စာရေးဆရာအသင်းဝင်များသည် များသောအားဖြင့် အသက်ကြီးပိုင်းများသာဖြစ်ကြပြီး မျိုးဆက်သစ်လူငယ်များကို လက်တွဲခေါ်သင့်သည်ဟု ၎င်းက ဆက်ပြောသည်။

၎င်းပူဇော်ပွဲတွင် စာဆိုတော်နေ့ဖြစ်သော နတ်တော်လဆန်း ၁ ရက်နေ့ကို ဂုဏ်ပြုခြင်းအားဖြင့် မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဌ ဆရာလယ်တွင်းသားစောချစ်က သဝန်လွာပေးပို့ပေးကြောင်း၊ ပူဇော်ခံအသက် ၇၀ အထက် စာပေပညာရှင်များ ဖြစ်ကြသော ဦးစံအောင်(စံအောင်)၊ ဦးသိန်းသန်းထွန်း (သိန်းသန်းထွန်း)၊ ဦးမြဦး (မြဦး)၊ ဦးအောင်သိန်း( အောင်သိန်း ရှမ်းပြည်)၊ ဦးကျော်စိုး ( မောင်ရွှေနွယ် အင်းလေး)၊ ဦးဘသိန်း ( ရှင်ကုမာရ) ၊ ဦးကီလင်း (ကီလင်း ချင်းတောင်) တို့ ဖြစ်ကြောင်း သိရသည်။

No comments: