တိုးတက်ပြောင်းလဲမှုနဲ့ ပအိုဝ်းပြည်သူရဲ့ယုံကြည်ထောက်ခံမှုရလိုရင် စနစ်ပြောင်းလဲသင့်

အမြင်ဆောင်းပါး | ခွန်သွီးပအိုဝ်းခမ်းကောင် | သြဂုတ်လ ၁၃ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

မပြောချင်ပေမယ့် ပြောရအုံးမယ်ဗျာ။ ဒါကတော့ ပအိုဝ်းလူငယ်တော်တော်များများ စိတ်ဝင်စားတဲ့အရာကိစ္စပါ။ ကျွန်တော်က ပအိုဝ်းသတင်းကို အမြဲတမ်းစိတ်ဝင်စားတဲ့လူ၊ ပအိုဝ်းအမျိုးသားရေးကို ချစ်မြတ်နိုးတဲ့လူ တစ်ယောက်ပါ။ ခုတလောသတင်းတွေ တက်လာတာ ဝမ်းသာစရာက နည်းနည်း၊ စိတ်မကောင်းတာက များများဖြစ်နေတယ်ဗျာ။

ဒီလိုမျိုး မရှိသင့်တော့ဘူး

ပအိုဝ်းဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်နေတဲ့ ပအိုဝ်းအရေးခံယူသူများက ပြည်သူရဲ့ဆန္ဒ၊ ပြည်သူရဲ့သဘောထားကို မေးမြန်းခြင်းမရှိ လုပ်ချင်တာလုပ်လိုက်တဲ့ သဘောကြောင့် ပြဿနာတွေ ကြုံတွေ့နေရတာဖြစ်တယ်လို့ ထင်ပါတယ်။ သြဂုတ် ၈ ရက်နေ့က ကျွန်တော့် Facebook ပေါ် သတင်းတစ်ပုဒ် တက်လာတယ်။ အဲဒါက ဟိုပုံးမြို့နယ်ကျောက်တန်းကျေရွာက မီးလင်းရေးအတွက် ငွေကြေးမတတ်နိုင်လို့ မီးဖိုးငွေမထည့်တဲ့ ရွာသူအမျိုးသမီးနှစ်ဦးကို ရိုက်နက်ဖမ်းဆီးတယ်။ ငွေတစ်သိန်းပေးမှ ပြန်လွတ်လိုက်တယ်ဆိုတဲ့ လုပ်ရပ်ဟာ အလွန်ရွံရှာစရာကောင်းတဲ့ လုပ်ရပ်ပါ။

လက်နက်အားကိုးနဲ့ ပြည်သူကို ခြိမ်းခြောက်တာဟာ မတရားတဲ့ နည်းလမ်းလို့ထင်မြင်ပါတယ်။ လက်နက်ကိုင်ဆောင်ခြင်းဟာ ပြည်သူကိုကာကွယ်ဖို့ပါ။ အဲဒီလုပ်ရပ်ဟာ လုပ်သင့်တဲ့တာဝန်ဝတ္တရားနဲ့ လွဲမှားနေတယ်။ စာနာထောက်ထားမှု မရှိတဲ့လုပ်ရပ်ပါ။ ကိုယ်သာအမှန်လို့ ခံယူသူ အတ္တကြီးသူ ဖြစ်နေပါတယ်။ တကယ်လို့ လက်နက်ချင်းယှဉ်ရဲတယ်ဆိုရင် ဟိုတလောက ရန်သူတွေ ကျောက်တန်းရွာထဲ ဝင်လာတဲ့အခါ အိမ်မှာမနေရဲတော့ပဲ ပုန်းရှောင်ပြီးနေတယ်ဆိုတဲ့သတင်း ကြားခဲ့ရပါတယ်။ ပြည်သူကိုကျတော့ အနိုင်ကျင့်ပြီး တကယ့်ရန်သူလာတော့ ရှောင်ပြေးသွားတယ်။ စဉ်းစားကြည့်ပါ ဖြစ်သင့်သလားလို့ပါ။

သိရတာက လက်အောက်ငယ်သားတွေ လုပ်တယ်ဆိုပေမဲ့ စစ်သေနာပတိချုပ်ရှိပြီး ဒီလိုအသေးအမွား လက်အောက်ငယ်သားကို မထိန်းနိုင်တာလား။ မထိန်းဘဲနေတာလား။ မထိန်းဘဲ နေတယ်ဆိုရင် ဒီအနိုင်ကျင့်မှုကို ခေါင်းဆောင်ကိုယ်တိုင်ပါဝင်နေတယ်လို့ပဲ ယူဆရမှာပါ။ ငါတို့က အသက်ပေးပြီး အမျိုးသားအရေးကို ကာကွယ်ခဲ့တယ်။ အခုအချိန်မှာ ငါတို့ခံစားရမယ့်အချိန်ဆိုတဲ့ အတွေးဟာ တိုင်းပြည်နဲ့လူမျိုးကို ဆုတ်ယုတ်စေတဲ့ အတွေးပါ။

စည်းကမ်းကို မလိုက်နာလို့ လူကြီးကို မထီမျက်မြင်ပြုလို့လဲ ဆိုပါသေးတယ်။ ဘယ်စည်းကမ်းမျိုး ဘယ်လိုဥပဒတွေ တိတိကျကျ ဘယ်မှာချပြဖူးသလဲ။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေ ရှိပါလျက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၁၉၆) ဇယား (၃) ပါ လုပ်ပိုင်ခွင့် ပြဌာန်းခွင့်ကို မသိတာလား။ မလိုက်နာချင်တာပဲလား။ ပအိုဝ်းပြည်သူတစ်ယောက်အနေဖြင့် မေးချင်ပါတယ်။

လူငယ်နှင့်ငြိမ်းချမ်းရေး ဆွေးနွေးပွဲတစ်နေရာမှာ ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကိုယ်တိုင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ခင်ဗျားတို့ သုံးကြည့်လိုက်ပါ။ မလုံလောက်ရင် ထပ်တောင်းပါ။ သုံးလို့ မရတော့မှ အမိုက်ပုံးထဲသို့ ပစ်လိုက်ပါ လို့ ဆွေးနွေးပွဲမှာ ပြောခဲ့ပါတယ်။ ဒါတွေကို ပအိုဝ်းအမျိုးသားအရေး ဆောင်ရွက်သူများ မသိတာလား။ မလုပ်ရဲတာလား။ စိတ်ထဲမှာ ဇဝေဇဝါ ဖြစ်မိပါတယ်။

ငြိမ်ဝပ်ပိပြားမှုစနစ်အတိုင်း ပအိုဝ်းအာဏာပိုင်တွေ အသုံးပြုနေဆဲဆိုရင် ၂၀၁၅ မှာ မရှုအလှဖြစ်မှာ သေချာပါတယ်။ ဒီလို မူမမှန် လမ်းမမှန် တစ်ကိုယ်ကောင်းဆန်တဲ့ ပအိုဝ်းနိုင်ငံရေးသမားတွေကြောင့် ကောင်းမွန်တဲ့ ပအိုဝ်းနိုင်ငံရေးအစဉ်အလာတွေ ပျက်သုန်းသွားမည်သာမကပဲ ပအိုဝ်းလူမျိုးတစ်ရပ်လုံးပါ ပျောက်ဆုံးသွားပါလိမ့်မယ်။

မြန်မာနိုင်ငံဟာ နှစ်ပေါင်း ၆၀ ကျော် အာဏာရှင်စနစ်ကျင့်သုံးခဲ့လို့ အဆင်ရဲးဆုံးနိုင်ငံ ဖြစ်လာခဲ့ပြီ။ ပအိုဝ်းခေါင်းဆောင်လုပ်သူတွေဟာ ကိုယ့်ဒေသမှာ ဒီအာဏာရှင်စနစ်ကို ဆက်လက်ပြီးတော့ ကျင့်သုံးနေအုံးမယ်ဆိုလျှင် ပအိုဝ်းပြည်သူတွေ နိမ့်ကျသထက် နိမ့်ကျနေပြီး နောင်တစ်ချိန်မှာ အကျင့်ပျက်တဲ့ ပအိုဝ်းနိုင်ငံရေးသမားတွေသာမက အခြားသောပအိုဝ်းအရေးလုပ်ရှားသူတွေပါ ပအိုဝ်းပြည်သူတွေရဲ့ မုန်းတီးရွံရှာမှုတွေ ခံရတတ်ပါတယ်။

ဘာဖြစ်လို့ မပြောင်းလဲချင်ရတာလဲ။ ရှိတဲ့နေရာလေးမှာ သိပ်ပျော်နေတာလားဆိုတာ မေးစရာဖြစ်လာပါတယ်။ ဒီအခြေအနေကို မသိတဲ့ ပအိုဝ်းနိုင်ငံရေးသမားမရှိဘူးလို့ ထင်မိပါတယ်။ ဒီမိုကရေစီအရေးကိုလုပ်ဖို့ အချိန်တန်ပြီ။ အချိန်စက္ကန့်နဲ့အမျ ချဉ်းကပ်လာနေတဲ့ ၂၀၁၅ ကို အမြဲသတိရစေချင်ပါတယ်။ တခြားတိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်နဲ့ နိုင်ငံရေးပါတီတွေရဲ့ လုပ်ရှားမှုကို ကြည့်ကြပါ။ လေ့လာပါ။ ပအိုဝ်းအမျိုးသားရေးခေါင်းဆောင်လုပ်တဲ့သူများ ပအိုဝ်းပြည်သူလူထုရဲ့ပြုစုကျွေးမွေးတဲ့ ပင်ပန်းမှု အကြိုးနပ်အောင် ဖြူစင်တဲ့ မှန်ကန်တဲ့ ပအိုဝ်းပြည်သူအကျိုးဖြစ်ထွန်းစေတဲ့ လုပ်ရပ်တွေ လုပ်သင့်ပြီလို့ ထင်မိပါတယ်။

မိမိကြောင့်မဟုတ် ပြည်သူကြောင့်

ပအိုဝ်းပြည်သူ့စစ် PNA က သိမ်းထားတဲ့ ဒေသခံပအိုဝ်းတောင်သူလယ်သမားများ ဘိုးဘွားစဉ်ဆက်ပိုင် မြေယာတွေကို ပြန်ပေးတဲ့ကိစ္စ ကြားသိခဲ့ရပါတယ်။ ဒါက ဝမ်းသာစရာသတင်းပါ။ ဒါပေမဲ့ နိုင်ငံတော်က ချမှတ်တဲ့ မြေယာဥပဒေနဲ့ ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ်ပါတယ်။ ငါတို့က မင်းတို့မြေကို ပြန်ပေးတယ်။ ဒါတွေဟာ ငါတို့ရဲ့ကျေးဇူးတရားတွေပါလို့ ခံယူနေရင် မှားသွားပါလိမ့်မယ်။

ဘာကြောင့်လဲဆိုတော့ ပြည်သူလူထုဟာ သူ့ဟာနဲ့သူ ရိုးရိုးသားသား အသက်ရှင်နေထိုင် လုပ်ကိုင်စားသောက်တဲ့ ခြံမြေလယ်ယာသမားတွေပါ။ နဂိုကတည်းက ဘယ်ပအိုဝ်းပြည်သူကမှ ငါတို့ကို လာအုပ်ချုပ်ပါ၊ ငါတို့မျိုးရိုးစဉ်ဆက်ပိုင်တဲ့ ခြံမြေလယ်ယာတွေကို လာသိမ်းယူပါ၊ ငါတို့ဘဝကို တာဝန်လာယူပါလို့ မပြောခဲ့ပါဘူး။ မိမိတို့ချွေနည်းစာနဲ့ ပအိုဝ်းခေါင်းဆောင်လုပ်တဲ့သူတွေကို အခွန်ပေး အလုပ်အကျွေးပြု စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးတဲ့ အကျိုးဆောင်ပေးတဲ့ ကျေးဇူးရှင်တွေပါ။

ငါတို့ကျိုးစားခဲ့လို့ ငါတို့တိုက်ပွဲဝင်ခဲ့လို့ မင်းတို့ကောင်းမွန်စွာ နေထိုင်နိုင်တာလို့ ပြည်သူတွေအပေါ် အဲဒီလိုခံယူချက်ထားသူဟာ နိုင်ငံရေးအသိအမြင်ခေါင်းပါးတဲ့ ကိုယ်ကျိုးမက်တဲ့ လူမိုက်လူကြမ်းအတွေးဖြစ်ပါတယ်။ တကယ်ဆို ငါတို့ဟာ ပြည်သူအတွက် အကျိုးတော် ဆောင်နိုင်သူလို့ ခံယူသင့်ပါတယ်။

ဘယ်လိုနိုင်ငံရေး အမျိုးသားရေး လူမှုရေးလှုပ်ရှားမှုမဆို ပြည်သူမပါရင် မအောင်မြင်နိုင်ဘူးဆိုတာ လူတိုင်းအသိပင်။ ဖြားဗွာဦးလှဖေတို့ တောင်ကြီးမှာ အထိန်းသိမ်းခံရပြီ။ ပအိုဝ်းခေါင်းဆောင်များ ပါကုန်ပြီဆိုတာနဲ့ ဗိုလ်စံသိန်းဟာ ပင်တွန်ရွာမှာ ရှိတဲ့ (တူးမီးသေနတ်ရှိတဲ့) ရွာသားတွေကို စုပြီး တော်လှန်ရေး ပြန်စသောကြောင့် ဒုတိယတော်လှန်ရေး ဖြစ်ပေါ်ခဲ့တာကိုလည်း သမိုင်းစာမျက်နှာပေါ်မှာ ထင်းထင်းမြင်နေရပါတယ်။

ဘယ်အချိန် ဘယ်လိုတိုက်ပွဲဖြစ်ဖြစ် ပြည်သူမပါတဲ့အကြိမ် ဘယ်မှာရှိသလဲ။ ၈ လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးကို ကျောင်းသားများနဲ့ ပြည်သူများက တခဲနက်လုပ်ရှားမှုကြောင့် ဒီမိုကရေစီ အသီးအပွင့်ကို ရရှိလာခဲ့တာလို့ အများက လက်ခံတာကိုလည်း သတိမူစေပါတယ်။

ဒါကြောင့် ပအိုဝ်းပြည်သူထုကို ချစ်တယ်၊ ပအိုဝ်းအမျိုးသားတိုးတက်ဖွံ့ဖြိုးမှုကို လိုလားတဲ့သူများနဲ့ ခေါင်းဆောင်ကောင်းများ ပေါ်ထွန်းလာနိုင်ဖို့ဆိုလျှင် ကြိုးနီစနစ်ဖြစ်သော စနစ်ဟောင်းကို စွန့်ပစ်ပြီးတော့ စနစ်သစ်ကို လက်ခံကျင့်သုံးမှသာ အောင်မြင်မှု ရရှိနိုင်မှာ ဖြစ်ပါတယ်။

5 comments:

Unknown said...

ဒီလိုလျှောက်လျှောက်ရေးတော့မှာပဲ ပအိုဝ်းလူမျိုးတွေ တကယ်အမျိုးသုန်းတော့မှာပါ....

Unknown said...

သတင်းတစ်ခုကို ရေးမယ်ဆိုရင်တော့ တကယ် သတင်းဖြစ်နေရာ၊ ကာယကံရှင် ဒါ့အပြင် အဲမှာနေတဲ့ လူအများကို သေချာ မေးမြန်းပြီးမှ ရေးရင်တော့ ပိုကောင်းမယ်ထင်ပါတယ်။ လူတစ်ဦး တစ်ယောက်က ဖုန်းဆက်ပြီးပြောတာနဲ့ “ဟား အိုကေ၊ PNA ကို နှိပ်ဖို့ အကွက်ပေါ်ပြီ” ဆိုပြီး တခါတည်း သတင်းတန်းရေးရင်တော့ ကျန်တဲ့ ကျွန်တော်တို့လို ပအိုဝ်း အမျိုးသားထုကို ဇဝေဇ၀ါဖြစ်စေနိုင်ပါတယ်။ ခုတလော ကြားနေရတဲ့ သတင်းတွေကလည်း နားမချမ်းသာစရာတွေပဲ များပါတယ်။ အဲဒါကတော့ ဘယ်အဖွဲ့အစည်းမှာမဆို အဆိုပါပုဂ္ဂိုလ်ပါရင် ပျက်ပြီးသားပဲလို့ နာမည်ကြီးတဲ့၊ တကယ့်အာဏာရူး၊ ဘာပဲလုပ်လုပ် သူ့ကိုမှ ခေါင်းဆောင်မတင်ရင် အဲဒီအလုပ်ကို ဖျက်စီးပစ်တယ်လို့ နာမည်ထွက်နေတဲ့ ပုဂ္ဂိုလ်တစ်ဦး ရဲ့မြောက်ပေးမှု၊ လူမျိုးကြီးဝါဒကို အခြေခံတဲ့ ပါတီတစ်ခုရဲ့ မြောက်ပေးမှု၊ ကျွန်တော်တို့ ပအိုဝ်းအမျိုးသားတွေကို လက်ညှိုးထိုးပြပြီး နိုင်ငံခြားက ဒေါ်လာတွေကို အလကားရပြီးထိုင်ဖြုန်းနေတဲ့ လူငယ်အမည်ခံ အဖွဲ့တစ်ဖွဲ့ရဲ့ ပအိုဝ်းအမျိုးသားများ သွေးစည်းနေမှု ပျက်စီးစေရေး၊ ပအိုဝ်းအမျိုးသားများ ပအိုဝ်းလွှတ်တော်အမတ်တွေကို မဲပေးတာကို မနာလို မရှုစိမ့်နိုင်ပဲ အထက်ကဖေါ်ပြတဲ့ လူမျိုးကြီးဝါဒ အခြေခံတဲ့ ပါတီကို ပအိုဝ်းတွေကို အုပ်ချုပ်လို့ရအောင် လမ်းကြောင်း ဖေါ်ပေးနေတယ်ဆိုတာ မကြားချင် အဆုံးပါပဲဗျာ။ သူတို့ရဲ့ အစပထမ လမ်းစဉ်က အာဏာရူးပုဂ္ဂိုလ်ရဲ့ လမ်းညွှန်မှုကိုခံယူပြီး PNO ၂၀၁၅ မဲမရအောင် အမျိုးမျိုးသောနည်းလမ်းနဲ့ အသားရေ ဖျက်ခြင်းပဲဖြစ်ပါတယ်။ နောက်တော့ အဲဒီပုဂ္ဂိုလ်ရဲ့ လမ်းညွှန်မှုတင် မကတော့ပဲ လူမျိုးကြီးဝါဒအခြေခံပါတီရဲ့ လမ်းညွှန်မှုကိုပါ ခံယူလာခဲ့ကြပါတယ်။ အဲဒီ ပါတီကြီးက ပအိုဝ်းအမျိုးသားတွေဟာ သံဃာတွေ၊ ပြည်သူလူထုတွေ၊ အဖွဲ့အစည်းတွေ သိပ်ပြီး စည်းလုံးညီညွတ်တာကို သိတော့ ကျွန်တော်တို့ဒေသမှာ ရွေးကောက်ပွဲဝင်မယ်ဆိုရင် ပထမဆုံး အဲဒီ သွေးစည်းညီညွတ်မှုကို ဖြိုခွဲပစ်မှ ရမယ်ဆိုတာကို ကောင်းကောင်းသိနေပါတယ်။ အဲဒါနဲ့ ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်တဲ့ ထုံးကိုသုံးပြီး ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးတဲ့ ဒေါ်လာစား လူငယ်အဖွဲ့ကို မြောက်ပေးရင်ရတယ်ဆိုပြီး အဲဒီအဖွဲ့ကို ကျုံးသွင်းခဲ့ပါတယ်။ လုပ်နည်းလုပ်ဟန်တွေကိုလည်း ချပြခဲ့ပါတယ်။ သူတို့ရဲ့ လုပ်နည်းလုပ်ဟန်ကတော့ ပထမဆုံး လူ့အခွင့်အရေးကို ပါးစပ်ကနေမချတော့ပဲ ကောင်းကောင်းကို အသုံးချပါတယ်။ ပြီးတော့ ရွာတရွာကို စ၀င်မယ်ဆိုရင် ဒီရွာမှာ ဘယ်အိမ်က ရွာသားတွေနဲ့မတည့်လည်း၊ အဖွဲ့အစည်းနဲ့မတည့်လည်းဆိုတာကို စလေ့လာပါတယ်။ အဲဒီအများနဲ့မတည့်တဲ့ လူတွေကိုစုပြီး တိတ်တဆိတ် သင်တန်းပို့ချပါတော့တယ်။ အဲဒီသင်တန်းပြီးရင် အဲဒီပုဂ္ဂိုလ်တွေကတဆင့် တဖြည်းဖြည်း ကျန်တဲ့ ရွာသားတွေကို စည်းရုံးခိုင်းပါတယ်။ အဲဒါနဲ့ သူတို့ဝင်တဲ့ ရွာတော်တော်များများမှာ ရွာသားတွေ နှစ်ပိုင်း သုံးပိုင်း ကွဲကုန်ပါတော့တယ်။ အဲဒီတော့ အဲဒီရွာဟာ စည်းလုံးညီညွတ်မှုပြိုကွဲပြီး ဖွံ့ဖြိုးရေး ကိစ္စတွေ လုပ်မရတော့ပါဘူး။ အချင်းချင်းမတည့်မှတော့ စာသင်ကျောင်း၊ ဆေးခန်းဆောက်မယ်ဆို ဘယ်လိုလုပ် အောင်မြင်နိုင်တော့မလည်းဗျာ။ ဆီဆိုင်မြို့နယ်ထဲက ရွာတရွာအကြောင်း ကြားမိတာတော့ ဒေါ်လာစားအဖွဲ့ သင်တန်းသွားပေးပြီးတော့ ပြန်လာတဲ့ တချို့လူငယ်တွေဟာ ရွာပြန်ရောက်တော့ ဘုန်းကြီးစကား၊ ရွာသူကြီးစကား၊ လူငယ်ခေါင်းဆောင်ရဲ့စကားတွေကို လုံးဝနားမထောင်တော့ပါဘူးတဲ့ဗျာ။ ဘယ်နားထောင် တော့လိမ့်မလည်း၊ သူတို့သင်တန်းဆရာတွေက ဒီမိုကရေစီနိုင်ငံဖြစ်ပြီ၊ ကိုယ့်အခွင့်အရေး ကိုယ်အပြည့်အ၀ရှိတယ်။ ကိုယ့်ကို ဘယ်သူကမှ ခိုင်းလို့မရဘူး။ ပြီးတော့ သူတို့သင်တန်းမှာ ပို့ချတဲ့ အဆိုးဆုံးအချက်ထဲက တစ်ချက်ကတော့ ဘုန်းကြီးတွေဟာ အာဏာပိုင်မဟုတ်ဘူး၊

Unknown said...

သတင်းတစ်ခုကို ရေးမယ်ဆိုရင်တော့ တကယ် သတင်းဖြစ်နေရာ၊ ကာယကံရှင် ဒါ့အပြင် အဲမှာနေတဲ့ လူအများကို သေချာ မေးမြန်းပြီးမှ ရေးရင်တော့ ပိုကောင်းမယ်ထင်ပါတယ်။ လူတစ်ဦး တစ်ယောက်က ဖုန်းဆက်ပြီးပြောတာနဲ့ “ဟား အိုကေ၊ PNA ကို နှိပ်ဖို့ အကွက်ပေါ်ပြီ” ဆိုပြီး တခါတည်း သတင်းတန်းရေးရင်တော့ ကျန်တဲ့ ကျွန်တော်တို့လို ပအိုဝ်း အမျိုးသားထုကို ဇဝေဇ၀ါဖြစ်စေနိုင်ပါတယ်။ ခုတလော ကြားနေရတဲ့ သတင်းတွေကလည်း နားမချမ်းသာစရာတွေပဲ များပါတယ်။ အဲဒါကတော့ ဘယ်အဖွဲ့အစည်းမှာမဆို အဆိုပါပုဂ္ဂိုလ်ပါရင် ပျက်ပြီးသားပဲလို့ နာမည်ကြီးတဲ့၊ တကယ့်အာဏာရူး၊ ဘာပဲလုပ်လုပ် သူ့ကိုမှ ခေါင်းဆောင်မတင်ရင် အဲဒီအလုပ်ကို ဖျက်စီးပစ်တယ်လို့ နာမည်ထွက်နေတဲ့ ပုဂ္ဂိုလ်တစ်ဦး ရဲ့မြောက်ပေးမှု၊ လူမျိုးကြီးဝါဒကို အခြေခံတဲ့ ပါတီတစ်ခုရဲ့ မြောက်ပေးမှု၊ ကျွန်တော်တို့ ပအိုဝ်းအမျိုးသားတွေကို လက်ညှိုးထိုးပြပြီး နိုင်ငံခြားက ဒေါ်လာတွေကို အလကားရပြီးထိုင်ဖြုန်းနေတဲ့ လူငယ်အမည်ခံ အဖွဲ့တစ်ဖွဲ့ရဲ့ ပအိုဝ်းအမျိုးသားများ သွေးစည်းနေမှု ပျက်စီးစေရေး၊ ပအိုဝ်းအမျိုးသားများ ပအိုဝ်းလွှတ်တော်အမတ်တွေကို မဲပေးတာကို မနာလို မရှုစိမ့်နိုင်ပဲ အထက်ကဖေါ်ပြတဲ့ လူမျိုးကြီးဝါဒ အခြေခံတဲ့ ပါတီကို ပအိုဝ်းတွေကို အုပ်ချုပ်လို့ရအောင် လမ်းကြောင်း ဖေါ်ပေးနေတယ်ဆိုတာ မကြားချင် အဆုံးပါပဲဗျာ။ သူတို့ရဲ့ အစပထမ လမ်းစဉ်က အာဏာရူးပုဂ္ဂိုလ်ရဲ့ လမ်းညွှန်မှုကိုခံယူပြီး PNO ၂၀၁၅ မဲမရအောင် အမျိုးမျိုးသောနည်းလမ်းနဲ့ အသားရေ ဖျက်ခြင်းပဲဖြစ်ပါတယ်။ နောက်တော့ အဲဒီပုဂ္ဂိုလ်ရဲ့ လမ်းညွှန်မှုတင် မကတော့ပဲ လူမျိုးကြီးဝါဒအခြေခံပါတီရဲ့ လမ်းညွှန်မှုကိုပါ ခံယူလာခဲ့ကြပါတယ်။ အဲဒီ ပါတီကြီးက ပအိုဝ်းအမျိုးသားတွေဟာ သံဃာတွေ၊ ပြည်သူလူထုတွေ၊ အဖွဲ့အစည်းတွေ သိပ်ပြီး စည်းလုံးညီညွတ်တာကို သိတော့ ကျွန်တော်တို့ဒေသမှာ ရွေးကောက်ပွဲဝင်မယ်ဆိုရင် ပထမဆုံး အဲဒီ သွေးစည်းညီညွတ်မှုကို ဖြိုခွဲပစ်မှ ရမယ်ဆိုတာကို ကောင်းကောင်းသိနေပါတယ်။ အဲဒါနဲ့ ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်တဲ့ ထုံးကိုသုံးပြီး ကိုယ့်ကိုယ်ကို သိပ်အထင်ကြီးတဲ့ ဒေါ်လာစား လူငယ်အဖွဲ့ကို မြောက်ပေးရင်ရတယ်ဆိုပြီး အဲဒီအဖွဲ့ကို ကျုံးသွင်းခဲ့ပါတယ်။ လုပ်နည်းလုပ်ဟန်တွေကိုလည်း ချပြခဲ့ပါတယ်။ သူတို့ရဲ့ လုပ်နည်းလုပ်ဟန်ကတော့ ပထမဆုံး လူ့အခွင့်အရေးကို ပါးစပ်ကနေမချတော့ပဲ ကောင်းကောင်းကို အသုံးချပါတယ်။ ပြီးတော့ ရွာတရွာကို စ၀င်မယ်ဆိုရင် ဒီရွာမှာ ဘယ်အိမ်က ရွာသားတွေနဲ့မတည့်လည်း၊ အဖွဲ့အစည်းနဲ့မတည့်လည်းဆိုတာကို စလေ့လာပါတယ်။ အဲဒီအများနဲ့မတည့်တဲ့ လူတွေကိုစုပြီး တိတ်တဆိတ် သင်တန်းပို့ချပါတော့တယ်။ အဲဒီသင်တန်းပြီးရင် အဲဒီပုဂ္ဂိုလ်တွေကတဆင့် တဖြည်းဖြည်း ကျန်တဲ့ ရွာသားတွေကို စည်းရုံးခိုင်းပါတယ်။ အဲဒါနဲ့ သူတို့ဝင်တဲ့ ရွာတော်တော်များများမှာ ရွာသားတွေ နှစ်ပိုင်း သုံးပိုင်း ကွဲကုန်ပါတော့တယ်။ အဲဒီတော့ အဲဒီရွာဟာ စည်းလုံးညီညွတ်မှုပြိုကွဲပြီး ဖွံ့ဖြိုးရေး ကိစ္စတွေ လုပ်မရတော့ပါဘူး။ အချင်းချင်းမတည့်မှတော့ စာသင်ကျောင်း၊ ဆေးခန်းဆောက်မယ်ဆို ဘယ်လိုလုပ် အောင်မြင်နိုင်တော့မလည်းဗျာ။ ဆီဆိုင်မြို့နယ်ထဲက ရွာတရွာအကြောင်း ကြားမိတာတော့ ဒေါ်လာစားအဖွဲ့ သင်တန်းသွားပေးပြီးတော့ ပြန်လာတဲ့ တချို့လူငယ်တွေဟာ ရွာပြန်ရောက်တော့ ဘုန်းကြီးစကား၊ ရွာသူကြီးစကား၊ လူငယ်ခေါင်းဆောင်ရဲ့စကားတွေကို လုံးဝနားမထောင်တော့ပါဘူးတဲ့ဗျာ။ ဘယ်နားထောင် တော့လိမ့်မလည်း၊ သူတို့သင်တန်းဆရာတွေက ဒီမိုကရေစီနိုင်ငံဖြစ်ပြီ၊ ကိုယ့်အခွင့်အရေး ကိုယ်အပြည့်အ၀ရှိတယ်။ ကိုယ့်ကို ဘယ်သူကမှ ခိုင်းလို့မရဘူး။ ပြီးတော့ သူတို့သင်တန်းမှာ ပို့ချတဲ့ အဆိုးဆုံးအချက်ထဲက တစ်ချက်ကတော့ ဘုန်းကြီးတွေဟာ အာဏာပိုင်မဟုတ်ဘူး၊ ဘုန်းကြီးစကားနားထောင်စရာမလိုဘူး၊ ကြောက်စရာမလိုဘူး စသဖြင့်ပေါ့။ တကယ်တော့ ကျွန်တော်တို့ ပအိုဝ်းတွေဟာ ဘာသာတရား ကိုင်းရှိုင်းကြတော့ ဘုန်းကြီးတွေကို ကိုးကွယ်ဆည်းကပ်ကြတယ်၊ ရပ်ရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဘုန်းကြီးဆီက အကြံအဥာဏ်ရယူပြီးမှ လုပ်ဆောင်ကြတယ်မလား။ ပြီးတော့ ကျွန်တော်တို့ ပအိုဝ်းဘုန်းတော်ကြီးတွေဟာ များသောအားဖြင့် မြို့ကြီးပြကြီးတွေမှာ စာပေတွေ သင်ယူလေ့လာဖူးသူတွေ ခပ်များများဆိုတာ ပအိုဝ်းအားလုံးအသိပဲဗျာ၊ အဲတော့ မြို့ကြီးပြကြီးတွေမှာ မနေဖူးတဲ့ ရွာသားတွေထက် ပိုပြီးအမြင်ကျယ်တော့ ဆရာတော်တွေရဲ့ သြ၀ါဒကို ခံယူတာ မမှားပါဘူးဗျာ။ ပြီးတော့ သီတင်းကျွတ်၊ တန်ခူးစတဲ့ အခါကြီးရက်ကြီးတွေမှာဆို ကိုယ့်ရွာကဘုန်းကြီးကျောင်းလာတက်တဲ့ တခြားရွာသူရွာသားတွေကိ ကျွေးမွေးဧည့်ခံတာကလည်း ကျွန်တော်တို့ပအိုဝ်းတွေရဲ့ ချစ်စရာဓလေ့တစ်ခုပါ။ ခုကျတော့ အဲဒီဒေါ်လာစားတွေရဲ့ ပို့ချမှုကြောင့် ကျွန်တော်တို့ရဲ့ ဓလေ့က လူ့အခွင့်အရေးချိုးဖေါက်တယ်ဆိုပဲ။

Unknown said...

ဘယ်လိုလုပ်ကြမလည်းဗျာ။ ဒီမိုကရေစီနိုင်ငံဖြစ်တာနဲ့ ကိုယ့်ဓလေ့ ကိုယ်စွန့်ရတော့မလားလို့မေးချင်ပါတယ် တတ်ယောင်ကား ဒေါ်လာစားများခင်ဗျား။ ပြီးတော့ ကျွန်တော်တို့ ပအိုဝ်းရွာတွေမှာ အိမ်ဆောက်၊ စိုက်ပျိုးရေးလုပ်တာတွေမှာ တစ်ရွာလုံးက ၀ိုင်းဝန်းပြီး လုပ်ဆောင်ပေးလေ့ရှိပါတယ်။ ကိုယ့်အိမ်ဆောက်တဲ့အခါ ကျန်တဲ့အိမ်တွေက ကူပြီး၊ သူ့အိမ်ဆောက်ရင် ကိုယ်ပြန်ပြီးတော့ ကူညီတာရှိတယ်လေ။ ဒေါ်လာစားတွေရဲ့ သင်တန်းမှာ ဒါလည်း လူ့အခွင့်အရေးချိုးဖေါက်တာ၊ အဓမ္မ ခိုင်းစေတာလို့ ဆိုပြန်ရောဗျာ။ အဲဒီတော့ ပအိုဝ်းအမျိုးသားထုတစ်ရပ်လုံးကို ( အထူးသဖြင့် လူငယ်တွေကို)ကျွန်တော် အထူး မေတ္တာရပ်ခံ ချင်တာကတော့ ကျွန်တော်တို့ ပအိုဝ်းအမျိုးသားတွေဟာ တကယ့် အမျိုးသားရေးပြိုကွဲမှု အန္တရာယ် ကြုံနေရပါပြီ။ ကျွန်တော်တို့ရဲ့ ချစ်စရာဓလေ့တွေကို ဖျက်ဆီးဖို့ တခြားလူမျိုးတွေကော၊ အမေကျော် ဒွေးတော်လွမ်းတဲ့ တတ်ယောင်ကား ဒေါ်လာစား သစ္စာဖေါက် တွေကော ကြိုးပမ်းနေကြပြီမို့လို့ အမျိုးသားရေးစိတ်ဓါတ်ကို အခြေခံပြီး အစဉ်အဆက် စည်းလုံးကြတဲ့ သံဃာ၊ ပြည်သူလူထု၊ အဖွဲ့အစည်းအားလုံး မျိုးချစ်စိတ်အပြည့် သတိ ၀ီရိယထားပြီး ဒီအန္တရာယ်ဆိုးကို ပူးပေါင်းတွန်းလှန်ကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။

Unknown said...

စာကြွင်း ။ ကျွန်တော်တို့ ပင်လောင်းမြို့နယ်ထဲက ရွာတွေမှာ ကိုယ်ထူကိုယ်ထနဲ့ လျှပ်စစ်မီး ရရှိခဲ့တာ ၁၅ နှစ် ကျော်ပါပြီ။ ဒီ ၂ နှစ် ၃ နှစ်ထဲမှာ ထီရီးဗောင်း၊ ဆောင်းပေါင်တွေမှာလည်း ကိုယ်ထူကိုယ်ထ လျှစ်စစ်မီး လင်းနေပါပြီ။ တအိမ်ကို အနည်းဆုံး ၁၅ သိန်းလောက် ထည့်ဝင်ကြပါတယ်။ ကံကောင်းတာက ဒေါ်လာစားအဖွဲ့တွေ ကျွန်တော်တို့ဖက်ကို မရောက်လာခဲ့တာပါပဲ။ ခု တောင်ကြီးမြို့နယ်တောင်ခြမ်း၊ ကျောက်တလုံးမြို့နယ်၊ ကျောက်တန်းမြို့တွေမှာလည်း ပအိုဝ်းလူကြီးတွေ ဦးစီးပြီး ကျေးရွာအားလုံး လျှပ်စစ်မီးရရှိရေး လုပ်ဆောင်နေတာတွေဟာ အများနဲ့လုပ်တာမို့လို့ တအိမ်ကို ၁၀ သိန်းတောင် မကျဘူးလို့ သိရပါတယ်။ ဒါကို ကျေးဇူးတင်သင့်တယ်လို့ ပြည်သူလူထုတစ်ယောက်အနေနဲ့ မြင်ပါတယ်။ ကျွန်တော်တို့မှာကျတော့ တစ်ရွာချင်းလုပ်တော့ အများကြီးပိုကုန်ပါတယ်။ နောက် သတင်းတစ်ခု ကြားမိတာကတော့ အမှန်တကယ်ဆို ကျောက်တန်းဟာ ခုချိန် လျှပ်စစ်မီး ရနေလောက်ပါပြီ။ တတ်ယောင်ကား ဒေါ်လာစားအဖွဲ့ ကျောက်တန်းကိုရောက်တော့ “ဒါ လူထုကလုပ်စရာမလိုဘူး၊ အစိုးရကလုပ်ပေးလိမ့်မယ်၊ ပိုက်ဆံမထည့်ကြနဲ့လို့” သွေးထိုးခဲ့တော့ တချို့တွေ ဇဝေဇ၀ါဖြစ်ပြီး ခုလိုကိစ္စတွေ ပေါ်ပေါက်လာရပါတယ်တဲ့။ “ကဲ ကောင်းကြသေးရဲ့လားဗျာ”၊ ကျွန်တော်တို့ပင်လောင်းဖက်မှာ ကိုယ်ထူကိုယ်ထ မလုပ်ခဲ့ရင် ခုချိန်မှာ အမှောင်ကျတုန်းဖြစ်နေမှာပါ။ လျှပ်စစ်မီးရပြီးတဲ့ ဒေသနဲ့ မရသေးတဲ့ ဒေသတွေ ယှဉ်ကြည့်လိုက်ပါ။ ဘယ်ဒေသက ပိုတိုးတက်လာလည်း ဆိုတာ ပအိုဝ်းလူထုတွေ ဘွင်းဘွင်းကြီး သဘောပေါက်ပါလိမ့်မယ်။ သစ္စာဖေါက်ဒေါ်လာစား တွေကြောင့် ကိုယ့်ဒေသ ဖွံ့ဖြိုးမှု နောက်ကျမှာကို မခံကြပါနဲ့။ ဒီလူတွေဟာ တနေ့ကျရင် သမိုင်းရဲ့ တရားခံတွေ ဖြစ်သွားကြပါလိမ့်မယ်။ ပြီးတော့ ပြည်သူလူထုကိုယ်စား ကျွန်တော်တို့ ပအိုဝ်းအမျိုးသား တပ်မတော်ကို တိုက်တွန်းချင်တာ ရှိပါတယ်။ ခုလို ပအိုဝ်းတမျိုးသားလုံး အလုံးစုံ ပျက်စီးရေးကို ဦးတည်လုပ်ဆောင်နေတဲ့ သစ္စာဖေါက် ဒေါ်လာစားတွေရဲ့ အဖွဲ့ဝင်တွေကို အသေးစိတ် မှတ်တမ်းယူထား ပေးဖို့ပါ။ တနေ့နေ့ တချိန်ချိန် အခွင့်အရေးဆိုတာ ပေါ်ပေါက်လာခဲ့ရင် ဒီလူတွေကို အပြစ်ပေးဖို့ပါ။ သူတို့လုပ်ခဲ့တာတွေအတွက် သူတို့တွေ ပြန်လည် သန့်စင်ရပါလိမ့်မယ်။
“ပအိုဝ်းအမျိုးသားတစ်ရပ်လုံး ပအိုဝ်းအမျိုးသားတွေကို ရောင်းစားတဲ့ တတ်ယောင်ကား ဒေါ်လာစား အဖွဲ့ကို - ဆန့်ကျင်ကြ၊ ဆန့်ကျင်ကြ”

သွေးသစ္စာ (ပင်လောင်းမြို့၊ စန္တာ;ခမ်း)