သြဂုတ်လ (၁၂) ရက်၊ ကျရောက်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကျင်းပရန် လူငယ်များရန်ပုံငွေ ရှာထွက်ခြင်း

သြဂုတ်လ ၄ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

၂၀၁၃-ခုနှစ်၊ သြဂုတ်လ (၁၂) ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ ကျင်းပဖို့အတွက် ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းရှိ တိုင်းရင်းသားလူငယ်များ၊ တက္ကသိုလ်ကျောင်းသားများ စုပေါင်းပြီးတော့ ရန်ပုံငွေရှာထွက်ဖို့အတွက် ကောင်ရွေလူမှုလှုပ်ရှားဆောင်ရွက်ရေးကွန်ယက် ရုံးခန်းမှ မွန်းတည့် ၁၂ နာရီအချိန်မှာ စတင်ထွက်ခဲ့ပါတယ်။

ပထမဦးဆုံး Doctor Cake ကို သွားရောက်အလှူခံခဲ့ပါတယ်။ သီဆိုတဲ့သီချင်းများတွေကတော့ မေတ္တာစက်ဝိုင်းနဲ့ ဒို့အားလုံးတူတူ သီချင်းများ ဖြစ်ပါတယ်။ အဲဒီလို သီးချင်းဆိုရာမှာ
ပရိတ်သတ်တွေ စိတ်ဝင်မှု ပိုမိုရှိစေရန် ရည်ရွယ်ပြီး သီးချင်းသီဆိုပြီးတိုင်း သီးချင်းဆိုတဲ့ နေရာတစ်ဝိုက်မှာ အလှူငွေတွေကို လိုက်လံကောက်ခံခဲ့ပါတယ်။

အဲဒီနောက် ပွဲစားခွန်မောင်စိုး ထံမှာ သွားရောက်အလှူခံရာမှာ စေတနာရှင် ဦးခွန်မောင်စိုး ကအလှူငွေ ၅၀၀၀၀ (ငါးသောင်း) ကျပ်တိတိ ထည့်ဝင်လှူဒါန်းခဲ့တဲ့အတွက်ကြောင့် တောင်ကြီးမြို့လူငယ်ထုကိုယ်စား အထူးကျေးဇူးတင် မှတ်တမ်းတင်လိုက်ပါတယ်။ ဆက်လက်ပြီးတော့ လူငယ်ထုတွေကို အစဉ်အမြဲကူညီလေ့ရှိတဲ့ ကိုမိုး (ပန်းအင်္လကာ) ထံမှာ သွားရောက်အလှူခံရင်း အဲဒီဆိုင်မှာ စတည်းချရပါတယ်။ အစ်ကို ကိုမိုးက အလှူခံသူ လူငယ်များတွေကို အလှူငွေထည့်ဝင်သည့်အပြင် လက်ဖက်ရည်ပါ ဒါနပြုလိုက်ပါသေးတယ်။

ကိုမိုး (ပန်းအင်္လကာ) သို့ မရောက်မှီ မသိနားမလည်တဲ့ တာဝန်ရှိဌာနဆိုင်ရာများရဲ့ ပိတ်ပင်တားဆီးမှုကို ခံခဲ့ရသော်လည်း လူငယ်များက အားမလျှော့ပဲ မိမိတို့ရဲ့ ရည်မှန်းချက်အတိုင်း လုပ်စရာရှိတဲ့ လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နိုင်ခဲ့ပါတယ်။

အဲဒီမှ တဆင့် မြို့မဈေးအနီးတစ်ဝိုက်မှာ လိုက်လံပြီးတော့ အလှူခံထွက်ခဲ့ရာမှာ မိဘပြည်သူလူထုများရဲ့ ပူးပေါင်းပါဝင်မှု လှူဒါန်းမှုများ နှုန်း ၁၀၀၀ (၁ ထောင်) ကျပ် မှ ၅၀၀၀၀ (၅ သောင်း) ကျပ်အထိ လှူဒါန်းပေးခဲ့ပါတယ်။ မြို့မဈေးတွင်းမှ အလှူရှင်တစ်ဦးက လူငယ်တွေ ယခုလို အလှူခံထွက် သီချင်းဆိုတာကို မြင်ရကြားရတဲ့အတွက် မျက်ရည်များလည်ရကြောင်း ပြောဆိုခဲ့ပါတယ်။ သူတို့လဲ ခေတ်ကိုတမ်းတကြရှာရော့မယ်ပေါ့၊ ကျနော်တို့ လူငယ်မောင်မယ် များမှာလဲ ကောင်းမွန်တဲ့ခေတ်ကို မျှော်၍ ကြိုးစားနေကြသည် မဟုတ်ပါလား။

မြို့မဈေးအတွင်း နေရာတော်တော်များများမှာ တေးသီးချင်း သီဆိုအလှူခံရင်း မြို့မဈေးကြီးရဲ့ ဓါတ်လှေကားပေါ်မှာ လူငယ်များက တဆင့်စီနေရာယူပြီးတော့ တေးသီချင်းများ ဖျော်ဖြေအလှူငွေ ကောက်ခံကြပါတယ်။ ဈေးသူဈေးသား၊ ရောင်းဝယ်ဖောက်ကားသူများအတွက် အဲဒီဓါတ်လှေကားကြီးလဲ အမှိုက်ကင်းစင်းပြီး အမြန်ပြန်ကောင်းပါစေသော်။ အလှူငွေ ထည့်ဝင်ခဲ့ကြတဲ့ သူများကို ကျေးဇူးတင်ရင်း အဲဒီလိုပဲ ဆုတောင်းမိပါတော့တယ်။

ထိုမှတဆင့် လက်ဖက်ရည်ဆိုင်များသို့ အလှူခံပြီး ပွဲစားခွန်ထီးဆွောင် ထံမှာ သွားရောက်အလှူခံခဲ့ရာ အလှူရှင်က ၀မ်းသာမိကြောင်း ပြောဆိုပြီးတော့ အလှူငွေ ၃၀၀၀၀ (၃သောင်း) ကျပ် ထည့်ဝင်လှူဒါန်းပြန်တဲ့အတွက် ထပ်မံအားတက်ဝမ်းသာရပါတယ်။ ဆက်လက်ပြီးတော့ ပအိုဝ်းအဆိုတော် ခွန်ထွန်းမောင် ထံမှာ သွားရောက်အလှူခံခဲ့ရာမှာ အဆိုတော်က အလှူငွေ ၇၀၀၀၀ (၇ သောင်း) ကျပ် ထည့်ဝင်လှူဒါန်းတဲ့အတွက်ကြောင့် အထူးကျေးဇူးတင်ကြောင်း မှတ်တမ်းတင်ပါတယ်။

အဲဒီမှတဆင့် ကောင်ရွေလူမှုလှုပ်ရှားဆောင်ရွက်ရေးကွန်ယက်ရုံးခန်းသို့ ညနေ ၆ နာရီမှာ ပြန်လည် ရောက်ရှိပြီးတော့ တစ်နေ့စာအတွက် အလှူခံခရီးကို အဆုံးသတ်လိုက်ရပါတယ်။

ယနေ့တစ်နေ့ အလှူခံငွေ ထွက်ကောက်ခံရာမှာ ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၂ ရက် အပြည်ပြည် ဆိုင်ရာ လူငယ်များနေ့အတွက် ကောက်ခံရရှိငွေမှာ ၅၀၅၈၅၀ ( ၅ သိန်း ၅ ထောင် ၈ ရာ ၅ ဆယ်) ကျပ်တိတိ ဖြစ်ကြောင်း မှတ်တမ်းတင် လိုက်ပါတယ်။

ဒီအပြည်ပြည်ဆိုင်ရာလူငယ်များနေ့အတွက် အလှူငွေကောက်ခံမှုနဲ့ပတ်သက်ပြီးတော့ ပွဲဖြစ်မြောက်ရေးတာဝန်ခံ ကိုအိုက်ထူးမှ “ဒီလိုလှုပ်ရှားမှုတွေမှာ အရင်တုန်းက အခြေအနေနဲ့ဆိုရင် လူငယ်တွေရဲ့ပါဝင်မှု အင်မတန်အားနည်းခဲ့တယ်ဗျ၊ အခုလို လူငယ်တွေ ပါဝင်လာတော့ ကျနော်တို့နောက်လုပ်မဲ့ အနာဂတ်လုပ်ငန်းစဉ်တွေအတွက် မျှော်မှန်း အားတက်မိပါတယ် …. “ လို့ပြောလိုက်တယ်။

တာဝန်ခံတစ်ဦးဖြစ်တဲ့ မပန်းမြိုင် ကတော့ “အခုလို လူငယ်တွေပါဝင်လာတာ တွေ့ရတော့ အင်မတန်ကို ၀မ်းမြောက်ဝမ်းသာ ဖြစ်မိပါတယ်။ လူငယ်တွေ အခုလို လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်ရလာတာကို မြင်ရတော့ အခြေအနေတွေ ပြောင်းလဲလာပြီလို့ထင်မိတယ်၊ နောင်လဲ
ဒီထက်ပိုပြီးပြောင်းလဲစေချင်ပါတယ်“ လို့ ပြောပါတယ်။

“ ဒီနေ့ အဏာပိုင်များက လာပြီးတားဆီးပိတ်ပင်ခဲ့သော်လည်း လူငယ်များ အားမလျော့ပဲဆက်လျက်
ကိုယ့်ရည်မှန်းချက်ပန်တိုင်အတိုင်း ရှေ့ဆက်ခဲ့တယ်။ လူငယ်တွေ တက်တက်ကြွကြွပါဝင်လာတာကို တွေ့ရတာ အရမ်းဝမ်းသာမိတယ်။ ကျနော်တွေ့ရတာက ယနေ့လူငယ်တွေမှာ ခေါင်းဆောင်မှု ကိုယ်စီရှိကြတယ်၊ သူတို့မှာ အစွမ်းအစကိုယ်စီ ရှိနေကြတယ်ဆိုတာပါပဲ။ ဒီတော့ ကျနော်ပြော ချင်တာက အများပြောပြောနေကြတဲ့ ‘ယနေ့လူငယ်နောင်ဝယ်လူကြီး’ ဆိုတာထက် ‘ယနေ့လူငယ်တွေဟာ ယနေ့လူကြီး’ ဖြစ်နေပါပြီလို့။ နောက်တစ်ခုက
လူငယ်သည်ဆိုသည်မှာ အသုံးချစရာ အရာဝတ္တုတစ်ခုမပာုတ်ပါ၊ လူငယ်သည်
တိုင်းပြည် တည်ဆောက်ရေးမှာ အဓိကကျတဲ့ ဇာတ်ကောင်တစ်ခုဖြစ်တယ်” လို့ ပွဲဖြစ်မြောက်ရေးတာဝန်ခံ ခွန်ခေတ်စံ က ပြောပါတယ်။

“ယခုလို လူငယ်တွေ အတူတူရန်ပုံငွေ ရှာဖွေနေကြတာကို ကြည့်ပြီးတော့ အားရမိတယ်။
သူတို့နေ့အတွက် သူတို့ကိုယ်တိုင် ကြိုးစားပြီး အလှူငွေကောက်ခံကြ စည်းစည်းလုံးလုံး အလုပ်လုပ်ကြတာကိုကြည့်ပြီး ၀မ်းသာမိတယ်။ သူတို့ကို အလှူငွေ ထည့်ဝင်လှူဒါန်းပေးတဲ့ တောင်ကြီးမြို့ ဒေသခံပြည်သူလူထုတွေကိုလဲ စေတနာအတွက် ငွေကြေးအနည်းအများမဆိုအတွက် ကျေးဇူးတင်မိပါတယ်“ လို့ ပွဲဖြစ်မြောက်ရေး ပံ့ပိုးကူညီသူ စည်းရုံးရေးမှူး ခွန်ထွန်းကြည် က ပြောပါတယ်။

“လူငယ်ဆိုတာ လူကြီးတွေရဲ့ ပခုံးပေါ်တက်လို့ လောကကြီးကို ရှုမြင်သုံးသပ်ပြီး ခေတ်၊ နိုင်ငံ၊ ပြည်သူတွေရဲ့လူနေမှုဘ၀၊ ပညာရေး၊ အတွေးအခေါ် အစစအရာရာ ဖွံဖြိုးတိုးတက်အောင် ကြံဆောင်ကြရစမြဲပါပဲ။ ဒီတော့ ကျနော်တို့လူငယ်တွေမှာလဲ နောင်မျိုးဆက်တွေအတွက်
အဆင့်ဆင့်တာဝန်တွေရှိပါတယ်။ ကျနော်တို့ နောက်လူငယ်တွေ မျိုးဆက်တွေအတွက်
ကျနော်တို့ စဉ်စားထား၊ ကြိုးစားထားကြရမယ်။ ဒါမှ ကျနော်တို့ ကောင်းခြင်းတွေနဲ့ တိုးတက်နိုင်လိမ့်မယ်။ ဒီနေ့ လူငယ်တွေရဲ့ စည်းလုံးမှုမျိုး တွေ့ရတော့ လူငယ်တွေအတွက် ကောင်းမွန်တဲ့ ‘Social Culture’ ဆိုတဲ့ လူမှုဝန်းကျင် တစ်ခုကို လူငယ်တွေ ကိုယ်တိုင်ဦးဆောင်
တည်ဆောက်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။” လို့ တာဝန်ခံတစ်ဦးဖြစ်တဲ့ ကိုဝင့်ထယ်ကောင်းမြတ် က ပြောလိုက်ပါတယ်။







No comments: