ဖက်ဒရယ်စနစ်ကို ရှုမြင်သုံးသပ်ခြင်း

ခွန်ရာဇာ (တောင်ကြီး) | သြဂုတ်လ ၁၉ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

တိုင်းရင်းသားနိုင်ငံရေး စိတ်ပါဝင်စားသူများခင်ဗျား ကျွန်တော်တို့နိုင်ငံကို ဖက်ဒရယ်နိုင်ငံ ကျင့်သုံးချင်တယ် လိုချင်တောင့်တကြတယ်။ ဒါပေမယ့် ဘယ်လိုစစ်မှန်တဲ့ ဖက်ဒရယ်ကို လိုချင်သလဲ။ ဖက်ဒရယ်ကို ဘယ်လိုသဘောရပါသလဲ။ ကျွန်တော့်အနေနဲ့ ဖြစ်စေချင်တဲ့ စစ်မှန်တဲ့ဖက်ဒရယ် ပြည်ထောင်စုက ဒီလိုပါ။

ဖက်ဒရယ်စနစ် ကျင့်သုံးနေတဲ့ နိုင်ငံမှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံမတူ။ အဓိပ္ပါယ်ဖွင့်ဆိုခြင်းကိုလည်း ကွာခြားနေပါတယ်။ ဖက်ဒရယ်ရဲ့ အနှစ်သာရကို မသိခင်မှာ တိုင်းရင်းသားများ လိုချင်သောဖက်ဒရယ်မှာ ခွဲထွက်မှုတစ်ခု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ဒွန်တွဲနေတယ်လို့ ထင်ခဲ့ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးမှာ ပြည်သူလူထုတစ်ရပ်လုံးအတွက် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် အဓိကသော့ချက်ဖြစ်တယ်။ အဲဒါကြောင့် ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းစေရေးကို ဦးတည်ချက်တစ်ရပ်အဖြစ် မ-က-ဒ-တ အဖွဲ့အလေးထားပုံကိုလည်း တွေ့ရတယ်။

ဖက်ဒရယ်ဟာ ယခုလက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်းဟာလည်း ဖက်ဒရယ်ကျင့်သုံးနေပြီးသားလို့ တစ်ချို့ပညာရှင်များက ဆိုတယ်။ ဖက်ဒရယ်စနစ် စတင်ပေါ်ပေါက်လာပုံမှာ အမေရိကတိုက်၊ အိန္ဒိယ၊ အင်္ဂလိပ်၊ ပြင်သစ် စတဲ့နိုင်ငံများမှ ပေါ်ပေါက်ကျင့်သုံးလာခဲ့တယ်ဖြစ်တယ်။

ပြည်ထောင်စုနိုင်ငံဆိုသည်မှာ ပြည်နယ်အခွင့်အရေးများပေး၍ အမျိုးသားစည်းလုံးညီညွှတ်ရေးနဲ့ အချုပ်အခြာအာဏာကို ထိန်းသိမ်းစောင့်ရှောက်ရန် ရည်ရွယ်ပြီး ဖွဲ့စည်းသောနိုင်ငံရေး စီမံဆောင်ရွက်ချက်ဖြစ်တယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပါရဂူ ဒိုင်စီကဆိုထားတယ်။ တူညီတဲ့ ရည်ရွယ်ချက်များနဲ့ ပြည်နယ်များညီညွှတ်စွာ ပါဝင်ပြီးတော့ ပြည်ထောင်စုစနစ်အရ စုပေါင်းဖွဲ့စည်းထားနိုင်တဲ့နိုင်ငံကို ပြည်ထောင်စုနိုင်ငံလို့လည်း ခေါ်တယ်။

ပြည်ထောင်စုစနစ် ဘာကြောင့်ဖြစ်ပေါ်လာရသလဲဆိုတော့ နိုင်ငံခြားတိုင်းပြည်များရဲ့ ကျူးကျော်ခံရလျှင်ဖြစ်စေ၊ ကျူးကျော်ခံရနိုင်တယ်လို့ ယူဆတဲ့အခါ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ ဖြစ်ပေါ်လာနိုင်တယ်လို့ နိုင်ငံရေးသိပ္ပံပညာရှင်များက ဆိုထားတယ်။

ဖက်ဒရယ်စနစ်ဟာ အစိုးရနှစ်ရပ် ရှိရတယ်လို့ ထင်ပါတယ်။ နိုင်ငံတစ်နိုင်ငံဟာ လူမျိုးစုတိုင်းရင်းသားများ စုပေါင်းနေထိုင်တဲ့နိုင်ငံကို ဖက်ဒရယ်စနစ် ကျင့်သုံးနိုင်လျှင် အကောင်းဆုံးလို့လည်း ထင်ပါတယ်။ မြန်မာနိုင်ငံဟာ ဖက်ဒရယ်ကို ၁၉၆၂ ခုနှစ် ဦးနေဝင်း အာဏာသိမ်းကတည်းက ဖက်ဒရယ်ကို ခွဲထွက်ခြင်းလို့ တော်တော်များများက သဘောပေါက်ကြတယ်။ အဲဒါကြောင့် ဖက်ဒရယ်ကို သရဲနဲ့နိုင်းကာ ဖက်ဒရယ်ဆိုလျှင် လူတွေကြောက်ကြတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောခဲ့တာရှိပါတယ်။

ဖက်ဒရယ်စနစ်ဟာ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရ ရှိရပါလိမ့်မယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဗဟိုနဲ့ ပြည်နယ်သတ်သတ်ခွဲပြီး ရေးဆွဲရမယ်။ ဗဟိုအစိုးရလုပ်ပိုင်ခွင့်နဲ့ ပြည်နယ်အစိုးရ လုပ်ပိုင်ခွင့်တို့ မတူညီကြချေ။ ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရ ညှိနိုင်းပေါင်းစပ်ပြီး အာဏာချိန်ခွင်ရှာ ထိန်းညှိမှု (Check & Balance) လုပ်ရမယ်။ ပြည်နယ်အစိုးရ လုပ်ပိုင်ခွင့်အာဏာနဲ့ ဗဟိုအစိုးရ လုပ်ပိုင်ခွင့်အာဏာကို ထိန်းကြောင်းနိုင်ဖို့ လွှတ်တော်နှစ်ရပ် ရှိရပါလိမ့်မယ်။ ဗဟိုချုပ်ကိုင်မှုချည်း မဖြစ်စေရ။ တကယ်လို့ ဗဟိုအစိုးရက အာဏာကို ချုပ်ကိုင်မယ်၊ ဗဟိုအစိုးရ တစ်ခုတည်းရှိမယ်ဆိုလျှင် တစ်ပြည်ထောင်စနစ်ပဲ ဖြစ်သွားပါလိမ့်မယ်။

ယခုတိုင်းရင်းသားများ တောင်းဆိုနေတဲ့ တန်းတူညီမျှခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဲ့ အနှစ်သာရဟာ စစ်မှန်တဲ့ဖက်ဒရယ်စနစ်ပဲလို့ ထင်ပါတယ်။ အဘယ်ကြောင့်ဆိုသော် မဟာလူမျိုးဝါဒ ကိုင်စွဲနေတဲ့ ဗမာလူမျိုးဟာ ခံစားနေရတဲ့ တိုင်းရင်းသားများကို မငှဲ့ညာဘဲ အုပ်ချုပ်ချင်သလို၊ လုပ်ချင်သလို လုပ်နေကြတယ်လို့ ခံစားရတယ်။ တရားမျှတမှု မရှိလို့လည်း ပြောကြတယ်။

ယခင်ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်တဲ့ ဖဆပလ နိုင်ငံရေးပါတီနဲ့ အခြားတိုးတက်တဲ့ နိုင်ငံရေးခေါင်းဆောင်များ သဘောတူပြောဆို ဂတိပြုခဲ့ရာမှာ -

  • ယခု ယာယီပူးပေါင်းရေးသည် နောင်ပူးပေါင်းရေး၊ ခွဲထွက်ရေးကို မထိခိုက်စေရ။
  • နောင်ပူးပေါင်းခဲ့သော်လည်း ခွဲထွက်လိုပါက ပြန်ခွဲထွက်နိုင်ခွင့် ရှိစေရမည်။
  • တိုင်းပြုပြည်ပြုလွှတ်တော်ခေါ်ပြီး မပူးပေါင်းနိုင်သေးလျှင် ပူးပေါင်းလိုတဲ့အခါ ပူးပေါင်းနိုင်ရန် လမ်းဖွင့်ပေးထားမည်။
  • ရှမ်းပြည် ပြည်တွင်းအုပ်ချုပ်မှုမှာ လုံးဝလွတ်လပ်ခွင့် ရှိရမည်။
  • ရှမ်းစသော လူမျိုးစုတို့၏ စာပေယဉ်ကျေးမှုကို မစော်ကား မထိခိုက်ပါ။
  • နယ်ခြားဒေသများအတွက် ပြည်တွင်းအုပ်ချုပ်မှုတွင် လုံးဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို မူအားဖြင့်လက် ခံသည်။
  • ဒီမိုကရေစီနိုင်ငံများတွင် သတ်မှတ်ထားသော အခြေခံအကျိုးနှင့် အခွင့်အရေးများကို နယ်ခြား ဒေသရှိ တိုင်းရင်းသားများတို့ကခံစားရမည်။
  • ဤစာချုပ်တွင် လက်ခံပြီးသော အစီအစဉ်များသည် ပဒေသရာဇ်ရှမ်းပြည်၏ ယခုရရှိထားသော ကိုယ်ပိုင်ဘဏ္ဍာရေးရာအုပ်ချုပ်မှုကို ထိခိုက်မည်မဟုတ်။ လို့ အဓိကအားဖြင့် ဆိုထားတာကို တွေ့ရပါတယ်။

ခွဲထွက်ခွင့်နဲ့ ပတ်သက်လို့လဲ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်က ပြည်နယ်များကို ခွဲထွက်ခွင့်ပေးရမယ်။ မခွဲထွက်ချင်အောင် လုပ်ရမှာက ကျုပ်တို့တာဝန်လို့ ရှင်းလင်းပြတ်သားစွာ မိန့်ကြားခဲပါတယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲစဉ်က ခွဲထွက်နိုင်တဲ့အခွင့်အရေးအခဏ်းမှာ “ဤအခြေခံဥပဒေအာဏာတည်သည့်နေ့မှ ဆယ်နှစ်အတွင်း ခွဲထွက်နိုင်သော အခွင့်အရေးကို အသုံးမပြုရ” လို့ ပုဒ်မ ၂၀၂ ကို ထည့်သွင်းတဲ့အခါ တိုင်းရင်းသားကိုယ်စားလှယ်များက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲကြပါတယ်။

အဘယ်ကြောင့် ကန့်ကွက်ရသလဲဆိုတော့ ပြည်ထောင်စုသဘောတရားများကို ထိခိုက်လို့ပါဘဲ။ လူမျိုးစုတို့ရဲ့ အခွင့်အရေးကို ချုပ်ချယ်ထိပါးလို့ ကန့်ကွက်ခဲ့တာပဲဖြစ်တယ်လို့လည်း ရှမ်းပြည်နှစ်နာချက် စာတမ်းအရ သိခဲ့ရပါတယ်။

ပြည်ထောင်စုကို ဘယ်လိုဖွဲ့စည်းတည်ဆောက်ကြမလဲ

ပြည်ထောင်စုစနစ်လို့ ဆိုရာမှာ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်သင့်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုဆိုရာမှာ အမေရိကန်ပြည်ထောင်စုပုံစံကို စဉ်းစားပြီး တည်ဆောက်ချင်ပါတယ်။ ဖက်ဒရယ်အစိုးရနဲ့ ပြည်နယ်အစိုးရတို့ အာဏာခွဲဝေမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ ညီတူညီမျှ အာဏာခွဲဝေပေးသင့်တယ်။ ဖက်ဒရယ်အစိုးရက ပြည်နယ်အစိုးရရဲ့ တာဝန်နဲ့လုပ်ပိုင်ခွင့်အပေါ် ဝင်ရောက်စွက်ဖက်မှု မရှိစေရပါ။ ဖက်ဒရယ်ပြည်ထောင်စုကို တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အပေါ် အခြေခံညဲပြီးတော့ တည်ဆောက်ရမယ်။ သို့သော် ခွဲထွက်ခွင့်မရှိစေရ။

ပြည်ထောင်စု ယူနစ် ၈ ခု သို့မဟုတ် ၁၄ ခု ထားရှိသင့်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုဆွေးနွေး ညှိနိုင်းအဖြေရှာပြီးမှသာ ဆုံးဖြတ်သင့်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုင်းရင်းသားအားလုံး ပါဝင်ရေးဆွဲထားတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြစ်ရမယ်။

ပြည်နယ်အတွင်းရှိ ပြည်နယ်အုပ်ချုပ်ရေးအာဏာ၊ ပြည်နယ်ဥပဒေပြုရေးအာဏာ၊ ပြည်နယ်တရားစီရင် ရေးအာဏာတို့ကို ပြည်နယ်အတွင်းရှိ ပြည်သူများအားလုံး ပါဝင်ရေးဆွဲထားတဲ့ ပြည်နယ်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ စနစ်တကျပြဌာန်းရမယ်။ ပြည်နယ်လွှတ်တော် ပြည်နယ်အစိုးရအဖွဲ့ကို ပြည်နယ်အတွင်းရှိ ပြည်သူများက တိုက်ရိုက်ရွေးချယ် တင်မြောက်ရမယ်။ ပြည်ထောင်စုအစိုးရ ခန့်အပ်ခြင်း မဖြစ်စေရ။

ပြည်ထောင်စုဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ ပြည်နယ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတို့မှာ လူနည်းစုအခွင့်အရေးကို အပြည့်အဝကာကွယ်ပေးထားရမယ်။ ပြည်ထောင်စုလွှတ်တော်မှာ တိုင်းရင်းသားလူမျိုးစုကို အခြေခံတဲ့လွှတ်တော် သို့မဟုတ် အမျိုးသားလွှတ်တော်နဲ့ လူဦးရေကို အခြေခံတဲ့လွှတ်တော် သို့မဟုတ် ပြည်သူ့လွှတ်တော်တို့ကြားမှာ ဥပဒေပြုခွင့်အာဏာကို သီးသီးခြားခြား သေသေချာချာ ခွဲခြားသတ်မှတ်ပေးရမယ်။

နိုင်ငံသားဖြစ်မှုနဲ့ နိုင်ငံသားအခွင့်အရေးမှာ လူမျိုးရေး၊ ဘာသာရေး၊ နယ်မြေဒေသ၊ ကျား/မ ကွဲပြားမှု ပေါ်မှုတည်ပြီးတော့ မည်သို့မျှခွဲခြားမှု မရှိဘဲ တန်းတူအခွင့်အရေး ရရှိမယ်။ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများရဲ့ အမည်နဲ့ အရေအတွက်ကို စနစ်တကျ ပြန်လည်သတ်မှတ်ရမယ်။

No comments: