ပအိုဝ်းပြည်သူ့ စစ် PNA မှ တောင်ကြီးမြို့ နယ်အတွင်း သိမ်းထားသည့်မြေယာများ ပြန်လည်အပ်နှင်း

ခွန်မေးလို့ (တောင်ကြီး)၊ သြဂုတ်လ (၁၀) ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်



ပအိုဝ်းအမျိုးသားတပ်မတော် (PNA) အသွင်ပြောင်းပြည်သူ့ စစ်-ဋ္ဌာနေမှ တောင်ကြီးမြို့နယ်၊ နားဘောင်ကျေးရွာရှိ မြေကွက်များကို ပအိုဝ်းပြည်သူ (၄၈) ဦးထံသို့  စာချုပ်စာတမ်းဖြင့် လူကြီးမင်းများရှေ့မောက်တွင် ဒီကနေ့ပြန်လည်အပ်နှင်းခဲ့ကြောင်း သိရသည်။

မြေယာပြန်လည်ရရှိသူ တထာမေးခိုးရွာသား အသက် (၈၀) ကျော်ရှိ ဦးခွန်လေးတုတ်မှ မိမိမြေကွက်ကို ယခုကဲ့သို့ ပြန်လည်လက္ခံရရှိသည့်အတွက် အလွန်ပင်ဝမ်းသာမိကြောင်း၊ ယခုရရှိသည့်မြေကို အကျိုးရှိရှိပြန်လည်အသုံးချမည်ဖြစ်ပြီး ၎င်းအနေဖြင့် ၀မ်းသာပိတီဖြစ်မိကြောင်း ပြောသည်။

မြေယာပြန်လည်ရရှိသူ တထာမေးခိုးရွာသူ ဒေါ်နန်းရောင်းမှလည်း ယခုကဲ့သို့ မြေကွက်ကို ပြန်လည်လက္ခံရရှိသည့်အတွက် ၀မ်းသာမိကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ပေးသည့် ပအိုဝ်းအဖွဲ့အစည်းနှင့် လူကြီးမင်းများကို အထူးကျေးဇူးတင်ကြောင်း ပြောခဲ့သည်။

ယခုကဲ့သို့ ပြန်လည်ပေးအပ်သည့်မြေများသည် ပအိုဝ်းအမျိုးသားဘိုးဘွားဘီဘင်များ အသက်သွေးချွေးတို့ဖြင့် နှစ်ပေါင်းများစွာ ရင်းနှီး၍ ရယူပိုင်ဆိုင်နေထိုင်ခဲ့သည့် မြေများဖြစ်ကြောင်း၊ သို့ဖြစ်၍ မိမိတို့ပအိုဝ်းလူမျိုးတို့ ၏မြေယာများကို ငွေကြေးများစွာပုံပေးသည့် နိုင်ငံခြားသား လက်ဝယ်သို့ မရောင်းသင့်ကြောင်း၊ ပအိုဝ်းအမျိုးသား ဘိုးဘွားဘီဘင်များ အသက်သွေးချွေးတို့ဖြင့် နှစ်ပေါင်းများစွာ ရင်းနှီးထိန်းသိမ်းခဲ့သည့်မြေကို ငွေကြေးဖြင့် မလှဲလှယ်သင့်ကြောင်း၊ မိမိတို့ပအိုဝ်းလူမျိုး မျိုးဆက်သစ်သားသမီးများအတွက် မြတ်နိုးစွာထိန်းသိမ်းထားကြရန်လိုကြောင်း၊ ပအိုဝ်းအမျိုးသားတပ်မတော် (PNA) အသွင်ပြောင်းပြည်သူ့ စစ်-ဋ္ဌာနေ ကွပ်ကဲရေးမှူးချုပ် ဗိုလ်မှူးကြီးခွန်လာမှ ပြောသည်။

ပအိုဝ်းဒေသ မြေယာထိန်းသိမ်းရေးကော်မီတီဝင်ဖြစ်သူ ဦးခွန်တင်ထွဋ်မှ နားဘောင်မြေယာပေးအပ်သည့် စာချုပ်ပါအချက်အလက်ကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ဤမြေကွက်အခြေအနေများကို ပအိုဝ်းဒေသ မြေယာထိန်းသိမ်းရေးကော်မီတီ၏ကိုယ်စား ရှင်းလင်းပြီး ကော်မတီ၏ဆုံးဖြတ်ချက်ဖြင့် ပေးအပ်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပအိုဝ်းဒေသရှိ လွတ်လပ်သည့်ဒေသခံလူမှုအဖွဲ့အစည်း တာဝန်ခံဖြစ်သူ စောကျော်ဝင်းမှလည်း ပြန်လည်ပေးအပ်မည့် မြေကွက်အနေအထားနှင့် မြေကွက်နေရာကို ရှင်းလင်းခဲ့ပြီး ဒေသခံပြည်သူများမှ စာချုပ်ကို ကြည်ကြည်ဖြူဖြူ သဘောတူပြီးမှသာ စာချုပ်တွင် လက်မှတ်ထိုး၍ လက္ခံရရှိမည်ဖြစ်ကြောင်း ပြောခဲ့သည်။

ဤကဲ့သို့ ဒေသခံပြည်သူများလက်ဝယ် မြေယာပြန်လည်အပ်နှင်းရခြင်းသည် ဒေသခံများ နေထိုင်နိုင်ရန်အတွက် တစ်ဦးလျှင် ပေ ၈၀ နှင့် ၁၂၀ ခန့် ကျယ်သည့် မြေကွက်နှစ်ကွက် ပေးအပ်မည်ဖြစ်ပြီး၊ ယခုပေးအပ်သည့်မြေကွက် ပေ ၄၀ နှင့် ၆၀ ခန့် ကျယ်သည့်မြေကွက်သည် ကာလတန်ဖိုးအရ တစ်ကွက်လျှင် ကျပ်သိန်း ၃၀-၅၀ ခန့်  ကာလတန်ဖိုးရှိကြောင်း၊ လက်ရှိလက်ခံရရှိခြင်း မရှိသေးသူများသည်လည်း တင်ပြတောင်းဆိုလိုပါက နားဘောင်ကွင်းတာဝန်ခံ သို့ မဟုတ် ကျေးရွာသူ ကြီးထံတွင် အမည်စာရင်းသွင်း၍ ဆက်သွယ်တင်ပြနိုင်ကြောင်း၊ အမည်စားရင်းပါရှိပြီးသော်လည်း ယနေ့ မအားလပ်၍ လာရောက်ပြီးမြေကွက်ကို မလက်ခံနိုင်ခဲ့ရသူများမှလည်း ထိုနည်းတူဆောင်ရွက်နိုင်ကြောင်း၊ ဗိုလ်မှူးကြီးခွန်လာမှ ပြောခဲ့သည်။

ထို့အပြင် တောင်ကြီးမြို့ နယ်၊ ထီဖောင်းကျေးရွာအုပ်စု၊ နားဗောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ထီဟန်းဆွေးရွာသား အသက် (၆၈) နှစ်ရှိသူ ဖြားကျား အပါအ၀င်၊ နားဘောင်ရွာ (ခေါ်) ကောင်သာယားရွာ၊ တထာမေးခိုး (ခေါ်) တတားမီးလောင်ရွာ၊ ထီဖောင်းရွာ၊ လွယ်ကောင်ရွာကြီးနှင့် ထီတခြီရွာ စသည့်ရွာများမှ ဒေသခံပြည်သူပေါင်း (၄၈) ဦးမှ မြေကွက်ပေါင်း (၉၆) ကွက်ကို နားဘောင်ကွင်းတာဝန်ခံ ခွန်ဝင်းအောင်၊ တထာမေးခိုးရွာသူကြီး ခွန်ကျော်ထွန်းတို့နှင့်အတူ ဗိုလ်မှူးကြီးခွန်လာ၊ ခွန်တင်ထွဋ်နှင့် စောကျော်ဝင်း စသည့် လူကြီးများရှေ့မောက်တွင် စာချုပ်စာတမ်းဖြင့် သဘောတူလက်မှတ်ထိုး၍ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

မြေကွက်ပြန်လည်ပေးအပ်ရေးနှင့် ပတ်သက်၍ ၂၀၁၂ ခု၊ နိုဝင်ဘာလ (၁၁) ရက်နေ့  ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတွင် ပအိုဝ်းအမျိုးသား တပ်မတော် (PNA) အသွင်ပြောင်းပြည်သူ့စစ်-ဋ္ဌာနေအဖွဲ့ ကို နားဘောင်ဒေသရှိ ဒေသခံပြည် သူများ၏ လူနေမှုဘ၀မြင့်တင်နိုင်ရေးအတွက် မြေကွက်များကို ပြန်လည်ပေးအပ်ရန် PNO ဗဟို အလုပ်အမှုဆောင် အတွင်းရေးမှူး ဦးခွန်သိန်းဖေ (ဟိုပုံးမျြိ့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) မှ တိုက်တွန်းခဲ့သည်ဟု သိရသည်။

ပြန်လည်ပေးအပ်သည့်မြေကွက်နှင့် ပတ်သက်၍ လွတ်လပ်စွာနေထိုင်ခွင့်၊ စိုက်ပျိုးခွင့်၊ ရောင်းဝယ်ခွင့်ရှိပြီး၊ ၄င်းမြေကွက်နှင့် ပတ်သက်ပြီး ပြဿနာတစ်စုံတစ်ရာဖြစ်ပေါ်ပါက ပအိုဝ်းအမျိုးသားတပ်မတော် (PNA) အသွင်ပြောင်းပြည်သူ့ စစ်-ဋ္ဌာနေအဖွဲ့ မှ တာဝန်ယူဖြေရှင်း ပေးမည်ဖြစ်ကြောင်း ယနေ့သဘောတူလက်မှတ်ထိုးသည့် စာချုပ်တွင် ဖေါ်ပြထားသည်။





1 comment:

ဖါပိုခို said...

ှဗိုလ်မှူးခွန်လာပြောသည့်စကားသည် လက်ရှိတွင် ပအိုဝ်းပြည်သူ့များအနေဖြင့် တစ်ခွန်းမျှနားထောင်၍ မရပေ။အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်သိမ်းယူထား သည့်မြေများကို အခုမှပြည်သူများပြန်ပေးသလိုလို ပြည်သူများကို ချစ်သလိုလိုနဲ့ အခုမှနာမည်ကောင်းရှာမလိုလား။ ခင်ဗျာနာမည်ကောင်းတွေ့မှာပါ ငရဲပြည်မှာ။ ပအိုဝ်းအမျိုးသားဘိုးဘွားဘီဘင်များအသက်သွေးချွေးတို့ဖြင့်နှစ်ပေါင်းများစွာ ရင်းနှီးခဲ့ပြီ ရယူထားသည့်မြေများကို အခုလက်ရှိမှာ ဘယ်ပအိုဝ်းပြည်သူကမှာ ကိုယ်ကျိုးအတွက်အများပိုင်မြေများကို မရောင်းစားခဲ့။ ရောင်းစားခဲ့တဲ့သူတွေဟာ ကိုယ့်ကိုယ်သိကြမှာပါ။ အခုပြန်ပေးတာက ရောင်းစားခဲ့တဲ့မြေတွေရဲ အစွန်းအဖျားတစ်စက်လောက်တောင်မရှိဘူးဗျာ။ အခုရောင်းစားခဲ့တာများနေတဲ့အတွက်ကြောင့် လူအများအမြင်ကောင်းအောင် နည်းနည်းပါးပါးပြန်ဖဲ့ပေးနေတာပါ။ ပြောရရင်တော့ ကလေးကို ချော့သလိုမှုန့်လေးနဲ့ အငိုသိပ်အောင်လုပ်တဲ့သဘောပါ။ ပအိုဝ်းပြည်သူတစ်ယောက်အနေနဲ့ အကြံပေးလိုတာကတော့ ပအိုဝ်းပြည်သူစစ်များ ခေါင်းမမားဖို့၊ နားလည်မှုတွေရှိလာဖို့၊ စဉ်းစားဥာဏ်တွေမကင်းကြဖို့၊ စာများများအထူးဖတ်ဖို့ အသက်ထက်တစ်မျှလိုအပ်နေသည်။ ယနေ့လိုခေတ်မျိုးမှာ စစ်နဲ့တိုင်းပြည်ကိုအုပ်ချုပ်မည့်အစား ပြည်သူလူထု၏ ယုံကြည်မှု၊ ထောက်ခံမှုနှင့် တိုင်းပြည်ကိုအုပ်ချုပ်တာ ပိုခိုင်မာမည်။ ဒါကြောင့် ဒီမိုကရေစီခေတ်တည်ဟူသော ပြည်သူထောက်ခံမှုရရှိအောင် ပအိုဝ်းခေါင်းဆောင်များအရင်ကြိုးစားပါအုံး။ ခွန်မေးလို့လည်း အမှားတွေသိပ်မကာပါနဲ့ အကုန်ဖော်ပါ။ ခင်ဗျာသည်လည်း သိုးရေချုံသည့် ၀ုပလွေအမျိုးအစားထဲမှာပါနေပြီ ဒီလိုပဲဆက်လုပ်နေရင် ပြည်သူများအမှောင်ထဲ ကျနိုင်တယ်။ ဘယ်သူကမှားပြီး ဘယ်သူကမှန်နေတာလဲဆိုတာကို ခွဲခြားသိသင့်သည်။