အမျိုးသမီးနှစ်ဦးအား ရွာသူကြီးကိုနှောက်ယှက်မှုနှင့် မီးလင်းရေးအစီအစဉ်ပျက်ပြားစေမှုဖြင့် ခေါ်ယူသတိပေးခြင်းသာဟု ပအိုဝ်းလွတ်တော်အမတ်ပြော

ခွန်ခမ်းမြတ် | သြဂုတ်လ ၁၅ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

အသွင်ပြောင်းပအိုဝ်းပြည်သူ့စစ် (PNA) က ကျောက်တန်းကျေးရွာရှိ လျှပ်စစ်မီးလင်းရေးအတွက် ကောက်ခံရာ ငွေကြေးမတတ်နိုင်သည့် အမျိုးသမီးနှစ်ဦးကို ဖမ်းဆီးချုပ်နှောင်ခဲ့သည့်အပေါ် ရွာသူကြီးကိုအနှောက်အယှက်ဖြစ်စေသည့် အပြောအဆိုနှင့် လျှပ်စစ်မီးရရှိရေးအစီအစဉ်ပျက်ပြားအောင် ပြုလုပ်၍ ခေါ်ယူဆွေးနွေးခဲ့ခြင်းသာဖြစ်ကြောင်း ဟိုပုန်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်အေးမောင် က ပြောခဲ့သည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုန်းမြို့နယ်၊ ကျောက်တန်းကျေးရွာတွင် လွန်ခဲ့သည့်သြဂုတ်လ (၈) ရက်နေ့၌ ကိုယ်ထူကိုယ်ထ လျှပ်စစ်မီးလင်းရေး ငွေကြေးကောက်ခံရာ မထည့်နိုင်သည့်အတွက် ဗိုလ်မှူးကေပေ ဦးစီးသည့် ပအိုဝ်းအသွင်ပြောင်းပြည်သူ့စစ် (PNA) လက်အောက်ခံတပ်ဖွဲ့မှ ရွာသူအမျိုးသမီးနှစ်ဦးကို ဖမ်းဆီးရိုက်နက် ချုပ်နှောင်ခဲ့ခပြီး ကျပ်ငွေ ၁၀၀၀၀၀ (တသိန်း) ပေးဆောင်ပြီးမှသာ ပြန်လွတ်ခဲ့သည့် သတင်းတစ်ရပ် ထွက်ပေါ်ခဲ့သည်။

၎င်းဖြစ်ရပ်ကိစ္စနှင့်စပ်လျဉ်း၍ ဟိုပုန်းမြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်အောင်းမောင်ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ ကျေးရွာမီးလင်းရေးအတွက် လုပ်ငန်းမဆောင်ရွက်ခင် ကတည်းက ကော်မတီဖွဲ့ပြီး ကျေးရွာပြည်သူများမှ ကိုယ့်အားကိုယ်ကိုး ငွေကြေးစိုက် လုပ်ဆောင်သွားဖို့ အများသဘောတူ ဆုံးဖြတ်ခဲ့ကြကြောင်းနှင့် ငွေကြေးကိစ္စကို အရစ်ကျထည့်သွင်းဖို့အတွက် သဘောတူခဲ့ကြကြောင်း ၎င်းက ပြောခဲ့သည်။

ကျေးရွာသူ ကျေးရွာသားအများစုက မီးလင်းရေးအတွက် ဆုံးဖြတ်ထားခဲ့သည့်အတိုင်း အရစ်ကျငွေကြေး ထည့်ဝင်ကြပြီး၊ ယခုဖြစ်သည့်ကိစ္စမှာ ကျေးရွာမီးလင်းရေးအစည်းအဝေးကို အကြိမ်ကြိမ်ခေါ်ယူသော်လည်း လာရောက်မှုမရှိသည့်အပြင် ရပ်ရွာသူကြီးနှင့် ရပ်မိရပ်ဖများကို အနှောင့်အယှက်ဖြစ်စေသည့် ပြောဆိုမှုများ ရှိလာသည့်အတွက် ရပ်ရွာစည်းကမ်းလိုက်နာရန် ခေါ်ယူဆွေးနွေးခြင်းသာ ဖြစ်ကြောင်း လွတ်တော်ကိုယ်စားလှယ် ဦးခွန်အောင်းမောင်က ဆိုသည်။

ယခုလို တစ်ဦးတစ်ယောက်က ကတိက၀တ်ချိုးဖေါက်ပြီး ရပ်မိရပ်ဖတို့အား စော်ကားပြောဆိုနေမှု၊ ရွာလုံးကျွတ် လျှပ်စစ်မီးရရှိရေးကိစ္စအား ဖျက်လိုဖျက်ဆီး ပြုလုပ်နေမှုများကို လစ်လျူရှုထားခဲ့ပါက မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသော ကျေးရွာလုံးကျွတ် မီးလင်းရေးကိစ္စ ပျက်ပြားသွားနိုင်ကြောင်း ၎င်းက ဆက်ပြောခဲ့သည်။

3 comments:

Khamlaylung said...

အဲဒီပအိုဝ်လူကြီးကလူလိမ်ပဲ အခုပအိုဝ်းလူကြီးတွေ ပြည်သူကိုချစ်တဲ့ကောင်တစ်ယောက်မှမပါဘူး ပြည်သူပိုက်ဆံကိုကောက်စားတဲ့ကောင်တွေပဲ...

Unknown said...

လိမ်တာတောင် ရိုးရိုးမဟုတ်ဘူး ပိုးစိုးပက်စက်လိမ်နေတာ
ပအိုးလူကြီးတွေ ပအိုဝ်းပြည်သူတွေအတွက်
ဘာလုပ်ခဲ့ဖူးလည်း ပြည်သူ့ငွေမပါဘဲနဲ့

Unknown said...

မီးလင်းရေးကလည်း ပထမအရစ် 150000
လေခွန်အောင်းမောင် ခင်ဗျားတို့လူကြီးတွေကမထဲ့ရလို့ဘယ်သိမှာလဲ ကျောက်တလုံးဘက်လည်းလာကြည့်အုံး
ငွေက နှစ်ရစ်သွင်းပြီးပြီ ဘယ်မှာလည်းဓာတ်တိုင်တွေ