ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ပြည်ထောင်စုအဆင့်အစိုးရနှင့် ငြိမ်းချမ်းရေး သဘောတူလက်မှတ်ရေးထိုး

ခွန်စိမ်းမောင် (တောင်ကြီး) | မတ်လ ၂၄ ရက်၊ ၂၀၁၃ ခုနှစ် | တောင်ကြီးတိုင်းမ်


ပြည်ထောင်စုအဆင့် Myanmar Peace Center တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ၌
PNLO ငြိမ်းချမ်းရေးအဖွဲ့ကိုယ်စားလှယ်တော်များ (ဓာတ်ပုံ ခွန်မွေး)

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖ်ာဆောင်ရေးအဖွဲ့တို့သည် ၂၀၁၃ ခုနှစ်၊ မတ်ခ်ျလ ၂၂ ရက်မှ ၂၃ ရက်နေ့အထိ ရန်ကုန်မြို့၊ Myanmar Peace Center ၌ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရာမှာ အပစ်အခတ်ရပ်ဆဲရေး သဘောတူမှု လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာ ဦးဆောင်သည့်ငြိမ်းချမ်းရေးအဖွဲ့နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်တော်အစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့သည် ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းရေးကိစ္စ၊ Code Of Conduct ကိစ္စ၊ ဆက်ဆံရေး၊ စီးပွားရေးရုံးများကိစ္စ၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားရရှိနိုင်ရေးကိစ္စ၊ ကယ်ဆယ်ရေး၊ လူမူရေး၊ မူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ မြေမြုပ်မိုင်းများ ရှင်းလင်းရေးကဏ္ဍ၊ လူငယ် အမျိုးသမီး နှင့် အလုပ်သမားကဏ္ဍနှင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုကဏ္ဍ စသည့် ခေါင်းစဉ်ကြီးများအပေါ် အခြေခံဆွေးနွေးခဲ့ပြီး နှစ်ဦးနှစ်ဖက် သဘောတူညီမှု လက်မှတ်ရေးထိုး ခဲ့ကြသည်။


ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာ
ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးစဉ် (ဓာတ်ပုံ ခွန်မွေး)

"အားလုံးပေါင်း ကိုးချက်ပေါ့ဗျာ၊ အဲ့ကိုးချက်စလုံးကို အားလုံးကို သဘောတူညီမှုရရှိပြီးဖြစ်ပါတယ်၊ အချက်တိုင်း အချက်တိုင်းမှာတော့ အသေးစိတ် အချက်အလက်တွေ ပါပါတယ်၊ အဲ့ဒါတွေ အားလုံးက ပင်မ အချက်ကြီးတွေ ဖြစ်ပါတယ်၊ အားလုံးကို မနေ့ကလည်း ဆွေးနွေးပါတယ်၊ ဒီနေ့လည်း ဆွေးနွေးပါတယ်၊ တော်တော် အောင်အောင် မြင်မြင်နဲ့ အားလုံးကို ဆွေးနွေးနိုင်ပါတယ်"
ဟု ဆွေးနွေးအပြီး သတင်းစာရှင်းလင်းပွဲတွင် မြန်မာအစိုးရ၏ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒု-ဥက္ကဌ ဝန်ကြီး ဦးအောင်မင်းက သတင်းထောက်တွေကို ပြောခဲ့သည်။


မြန်မာနိုင်ငံအစိုးရငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့ ဒုဥက္ကဌ ပြည်ထောင်စုဝန်ကြီး
ဦးအောင်မင်း ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးစဉ် (ဓာတ်ပုံ ခွန်မွေး)

ယခု ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပိုမိုစိတ်ဝင်စားစရာကောင်းသည့် အချက်မှာ လူငယ်၊ အမျိုးသမီး၊ အလုပ်သမားများ ပါဝင်လာတာမှုနှင့် လက်မှတ်ရေးထိုးစဉ်မှာလည်း တက်ရောက်လာကြသည့် နှစ်ဦးနှစ်ဖက်က ကိုယ်စားလှယ်ပေါင်း (၁၈) တို့ ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည့်အပြင်၊
ဂျပန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် ဦးယောဟဲအိ ဆာဆာကာဝါ ကလည်း သက်သေအဖြစ် လက်မှတ်ရေးထိုးခဲ့ကြောင်းလည်း သိရသည်။


ဂျပန်နိုင်ငံအစိုးရ၏ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် ဦးယောဟဲအိ ဆာဆာကာဝါ ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးစဉ် (ဓာတ်ပုံ ခွန်မွေး)

ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီး၊ ရှမ်းပြည်နယ်ဝန်ကြီး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO)၊ ပအိုဝ်းပြည်သူ့လွတ်တော်အမတ်များ၊ ပအိုဝ်းအမျိုးသားလွတ်တော်အမတ်နှင့် ငြိမ်းချမ်းရေးသံသမန်များ စသည့်ကိုယ်စားလှယ်တော်ကြီးများ အသီးသီးတက်ရောက်ကြသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) အဖွဲ့၏ ငြိမ်းချမ်းရေးကိုယ်စားလှယ် တော်ကြီးများသည် ရှမ်းပြည်တောင်ပိုင်းရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒသ၊ သထုံဒေသနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် မတ်ခ်ျလ (၂၆) ရက်နေ့၌ ခန်းနားကြီးကျယ်စွာကျင်းပမည့် (၆၄) ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့အခန်းအနားကြီးကိုလည်း အုပ်စု (၃) ခု ခွဲပြီး တက်ရောက်မည်ဖြစ်ကြောင်းလည်း သိရသည်။

No comments: