တောင်ကြီးမြို့အထွက် ၀င်းမေတ္တာစက်သုံးဆီအရောင်းဆိုင် မီးလောင်ကျွမ်းမှု ဖြစ်ပွား

ဂျွန်ချစ်ငြိမ်း (တောင်ကြီး) | ၂၉ မတ်ခ်ျ ၂၀၁၃

မတ် ၂၈ ရက်နေ့ ညနေ ၄ နာရီ ၅၀ မိနစ်အချိန် ကတောင်ကြီးမြို့အထွက် အရှေ့ဘက်ရှိ ၀င်းမေတ္တာ စက်သုံးဆီ အရောင်းဆိုင်တွင် မီးလောင်ကျွမ်းမှု တစ်ခုဖြစ်ပွားခဲ့သည်။



ဖြစ်ပွားပုံမှာ ၀င်းမေတ္တာ စက်သုံးဆီအရောင်းဆိုင်တွင် ဆီလာရောက်ဖြည့်နေသည့် ဆီဘောက်ဆာကားအား ဓာတ်ဆီဖြည့်ပေးနေစဉ် ဆီဖြည့်ပိုက်များပူလာကြောင်း၊ သည့်အတွက် မီးသတ်ဆေးဗူးပြေးယူနေစဉ် ဆီဘောက်ဆာကားတွင် ဆီဖြည့်နေသည့် ဆီပိုက်မှာ မီးထလောင်ကျွမ်းပြီး၊ ဆီဘောက်ဆာကားမှာလည်း မောင်းပြေးသွားကြောင်း၊ ယင်းကားသွားရာ လမ်းတလျှောက်ရှိ အပင်များမှာလည်း မီးလောင်ကျွမ်းခဲ့ကြောင်း ၀င်းမေတ္တာ စက်သုံးဆီအရောင်းဆိုင်မှ လုပ်သား ကိုဟန်ဝင်းကျော် ကပြောသည်။

ယင်းနောက် ၀င်းမေတ္တာဆီဆိုင်နောက်ဘက်ရှိ ဆီပေပါများ၊ ဆက်စပ်ပစ္စည်းများပါ မီးကူးစက်လောင်ကျွမ်းကာ၊ အရှေ့ဘက် ခြံကပ်လျက်တည်ရှိသည့် 103 စက်သုံးဆီအရောင်းဆိုင် ရှိဆီပေပါများပါ ကူးစက်လောင်ကျွမ်းခဲ့ကြောင်း မျက်မြင် မြို့ခံများကပြောသည်။

လောင်စာဆီများဖြစ်သည့်အတွက် မီးမှာ အရှိန်အဟုန်ဖြင့် လောင်ကျွမ်းနေကြောင်း၊ မြို့နယ်မီးသတ် တပ်ဖွဲ့မှလည်း အချိန်မီရောက်ရှိလာခြင်းကြောင့် ညနေ ၅ နာရီ ၅၀ မိနစ်တွင် မီးညွန့်ကျိုးသွားကြောင်း၊ ၆း၃၀ မိနစ်တွင် အပြီးသတ် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း မီးသတ် တပ်ဖွဲဝင်တစ်ဦးကပြောသည်။

မီးလောင်ကျွမ်းမှုဖြစ်သည့်နေရာသို့ ပြည်နယ်ဝန်ကြီးချုပ်ဦးစ၀်အောင်မြတ်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ခရိုင်အုပ်ချုပ်ရေးမှုး၊ ပြည်နယ်ရဲတပ်ဖွဲ့မှုး၊ စည်ပင်ညွန်မှုး၊ အစရှိသူတို့ချက်ခြင်းလာရောက်ကြည့်ရှု စစ်ဆေးခဲ့သည်ကို တွေ့မြင်ရသည်။

ယင်းပျက်စီးဆုံးရှုံးမှု တန်ဖိုး ထုတ်ပြန်ချက်မှာ သိန်း(၆၀) ဟု သက်ဆိုင်ရာမီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားကြောင်း၊ ယင်းထက်မက များစွာပိုနိုင်ကြောင်း၊ ဆီတပေပါ မည်မျှတန်ဖိုးရှိသည်ကို လူတိုင်းတွက်ချက်ကြည့်နိုင်ကြောင်း၊ သိန်း(၆၀) မကကြောင်း စက်သုံးဆီအရောင်းဆိုင် လုပ်ငန်းလုပ်ကိုင် နေသည့် ဆိုင်များက ရှင်းလင်းပြောဆိုသည်။

တောင်ကြီးမြို့၊ အမှတ်(၁) ရဲစခန်းက ၀င်းမေတ္တာ ဆီဆိုင်ပိုင်ရှင်ဖြစ်သူ ဦးဝင်းအား ၈၀/၂၀၁၃ ၊ ပြစ်မှု ပုဒ်မ/၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

တောင်ကြီးမြို့အတွင်းတွင်လည်း တရားမ၀င် ရောင်းချနေသည့် စက်သုံးဆီဆိုင်ကြီးများရှိနေသေးကြောင်း၊ မီးဘေးအတွက် စိုးရိမ်ရကြောင်း မြို့ခံများက ပြောသည်။

No comments: