အဘိုးအဘွားတို့ကြုံခဲ့ရတဲ့ ပဒေသရာဇ်လက်ထက်က ပြည်သူဘဝ

By ခွန်စိုးမြင့် | ၂၉ မတ်(ခ်ျ) ၂၀၁၃ | တောင်ကြီးတိုင်းမ် | ဆောင်းပါး

အမှန်က ကျနော်ဒီစောင်းပါးကို ရေးထားခဲ့မှာ အတော်ကြာလှပြီ ဖြစ်တယ်။ ဒါပေမယ့် စာအုပ်အနေနဲ့ ထုတ်ရင်ကောင်းမလား၊ ဒီအတိုင်း သတင်းစာတစ်ခုခု သို့မဟုတ် Website တစ်ခုခုကနေဘဲ တင်မှာလား၊ ဆိုတဲ့မေးခွန်းက ကျနော့်အတွက် အင်မတန်အရေးကြီးတဲ့ မေးခွန်းဖြစ်နေလို့ မတင်ဖြစ်ခဲ့ဘူး။ 

အခုတော့ ကျနော့်အမျိုးသမီးနဲ့ ကျနော့်ရဲ့အသိမိတ်ဆွေတွေက ဒီဆောင်းပါးကို တင်စေချင်လို့ အခုလို ရေးတင်လိုက်ရတာပါ။ ကျနော်ရဲ့စာရေးသားမှု အရည်အသွေးဟာ စာဖတ်ပရိတ်သတ်တွေအတွက် သဟဇာတဖြစ်မနေခဲ့ရင် ကျနော့်ကို ခွင့်လွတ်ပါလို့ ဦးစွာ တောင်းပန်ပါရစေဗျာ။

ကျနော့်အမျိုးသမီးက ကျောင်းဆရာမတစ်ဦးဖြစ်တဲ့အတွက် သူထမ်းဆောင်ခဲ့တဲ့ ကျောင်းဆရာမ သက်တမ်းတစ်လျှောက်လုံးမှာ ကြုံတွေ့ခဲ့ရတဲ့ သူရဲ့အတွေ့အကြုံနဲ့ ကျနော့်ရဲ့ဘိုးဘွားတွေကနေ စကားစမှီပြောရင်း ဒီပဒေသရာဇ် အုပ်ချုပ်ရေးစနစ်အကြောင်းကို မေးမိ မြန်းမိသလောက် ကျနော့်သူငယ်ချင်းတွေကို မျှဝေချင်လို့ပါ။

ကျနော့်မှာ မိသားစု သုံးဦးရှိပါတယ်။ အိမ်မှာလဲ ခွေးနှစ်ကောင် မွေးထားပါတယ်။ ကျနော်ငယ်ငယ် ကတည်းက အိမ်မွေးတိရိစ္ဆာန်တွေကို မွေးမြူရတာ တော်တော်ဝါသနာပါပေမယ့် ခုတော့ ကျနော့်မှာ အဲဒီခွေးနှစ်ကောင်ကလွဲပြီး ကြောင်ဆိုတာလဲ မမွေးတော့ပါဘူး။ ကျနော်တို့မိသားစု အကုန်လုံး သူတို့အပေါ်မှာ တော်တော် သံယောဇဉ်ကြီးတာနဲ့ နေ့စဉ်နဲ့အမျှ ကျနော်တို့ ဘာစားစား သူတို့ကိုလည်း ကြွေး။ ခရီးကနေ ပြန်လာရင်လည်း မုန့်တွေ ဘာတွေ ဝယ်ပြန်ပေး။ ဒါနဲ့ ကျနော့်ရဲ့ခွေးတွေက ကျနော်တို့ မိသားစုအပေါ် တော်တော်သစ္စာရှိတယ်။ လိမ်လည်း လိမ္မာတယ်။ ထားလိုက်ပါတော့ ကျနော့် အကြောင်းနဲ့တင် တော်တော်များနေပါပြီ။

ကျနော်ငယ်ငယ်တုန်းက ကျနော့်အဘိုး ကျနော့်အဘွားတွေနဲ့ ညနေပိုင်း ညစာစားပြီးတိုင်း စကားအမြဲပြောဖြစ်တယ်။ မိသားစု စီးပွားရေးအကြောင်းတွေ မပြောဖြစ်ရင် ကျနော်တို့ရွာ အခြေအနေ အကြောင်း၊ ကျနော်တို့ လူမျိုးပုံပြင်တွေအကြောင်း၊ အဘိုးအဘွားတို့ရဲ့ ဂျပန်ခေတ်တုန်းက စစ်ဘေး စစ်ဒဏ် ခံခဲ့ရတဲ့အကြောင်း စသည့် စသည့် အကြောင်းပေါင်းများစွာ ကျနော့်အဘိုးအဘွားတွေနဲ့ မေးရင်းမြန်းရင်း စကားပြောရင်း မိသားစုရဲ့စည်းလုံးညီညွတ်မှုကို တည်ဆောက်နေတယ်ဆိုတာ ကျနော် ယခုအရွယ်ရောက်ခါမှ သဘောပေါက်မိတယ်။

ကျနော့်အဘိုးအဘွား ပြောပြတဲ့ ပဒေသရာဇ်စနစ် အကြောင်း -
ကျနော်တို့ မြန်မာနိုင်ငံမှာ လွတ်လပ်ရေး မရသေးခင်အချိန်အထိ ကျနော်တို့နိုင်ငံမှာ ပဒေသရာဇ် စော်ဘွားတွေနဲ့ လူမျိုးအသီးသီး၊ ဒေသအနံ့အပြားမှာ အုပ်ချုပ်ခဲ့ဆိုတယ်ဆိုတာ စာဖတ်ပရိတ်သတ်များ သိပြီးဖြစ်တဲ့အတိုင်း ကျနော်တို့ရှမ်းပြည်မှာဆိုရင်လည်း ညောင်ရွှေစော်ဘွား၊ မိုင်းပွန်စော်ဘွား၊ ဆီဆိုင် (သထုံ) စော်ဘွား၊ လဲချားစော်ဘွား၊ မိုင်းကိုင်စော်ဘွား၊ မိုးနဲစော်ဘွား၊ သီပေါစော်ဘွာ စသည့်စသည့် စော်ဘွားတွေအားလုံးက သူတို့အုပ်ချုပ်မှုပုံဟာ ပဒေသရာဇ်အုပ်ချုပ်မှုပုံစံနဲ့ ထိုစဉ်ထိုအခါက တိုင်းသူပြည်သားတွေကို အုပ်ချုပ်နေတာပါ။ ဒီနေရာမှာ ပြောချင်တာက စော်ဘွားတွေရဲ့အကြောင်းကို ကျနော်ပြောချင်တာ မဟုတ်ပါဘူး။ ကျနော့်အဘိုးအဘွား ပြောပြချက်အရ သူတို့အုပ်ချုပ်မှုစနစ်ကြောင့် ဒေသခံပြည်သူတွေအတွက် ကောင်းကျိုး ဆိုးကျိုးကို ပြောချင်ပါတယ်။

အဲဒီအချိန်အခါတုန်းက စော်ဘွားတွေဟာ ကျနော်တို့လူမျိုးအပေါ် ဖိနှိပ်ပုံကတော့ မွေးကင်းစ ကလေးတွေကို ချက်ကြိုးဖြတ်ပြီးရင် လှေကားရင်းအောက်မှာ မြုပ်ပေးရပါတယ်။ မိမိတို့ရလာတဲ့ လုပ်အားခတွေကို တစ်လတစ်ခါ ငွေကြေး (ဆတ်ကြေး) လက်ဆောင်ဘဏ္ဍာ ပေးဆက်ရတဲ့အပြင် သူတို့အမျိုးသမီးချောချောလေးတွေ တွေ့ထားပြီးပြီဆိုရင် အဲ့ဒီအမျိုးသမီးရဲ့ မိဘတွေကိုယ်တိုင် စော်ဘွားထံ သမီးတော်ကို ဆက်သပေးရပါတယ်။

ဈေးနေ့ဈေးနေ့တွေမှာ လေးကောင်ဂျင်ဝိုင်း ဖွင့်ခွင့်ပြုပြီး အခွန်ငွေ ကောက်စားတယ်။ အရက်ဆိုင်တွေ ဘိန်းချက် ဘိန်းစားစခန်းတွေ လွတ်လွတ်လပ်လပ်ဖွင့်ပေးပြီး ပြည်သူတွေရဲ့ မသိနားမလည်မှုကို အခွင့်ကောင်းယူကာ ဘိန်းစားသူက စား၊ ဘိန်းစိုက်သူက စိုက်၊ လောင်းကစားလုပ်သူက လုပ်၊ အရက်ချက်သူက ချက်၊ အရက်သောက်သူက သောက်၊ အဲဒီကြားထဲမှာ စော်ဘွားတွေက သူတို့အတွက် အခွန်ငွေနဲ့ မိန်းခလေးချောချောရနေရင် ပြီးရောဆိုပြီး တစ်ခေတ် တစ်ခါတုန်း ပြည်သူတွေကို အဲ့သလိုအုပ်ချုပ်ပြီး စော်ဘွားတွေ ရပ်တည်လာခဲ့ပါတယ်။

ပြည်သူတွေရဲ့ မသိနားမလည်မှုကို အခွင့်ကောင်းကိုယူပြီး အုပ်ချုပ်ခဲ့တဲ့ စော်ဘွားတွေဟာ သူတို့သား သမီးတွေကျတော့ တစ်ခြားတိုင်းတစ်ပါး၊ နိုင်ငံခြားတိုင်းပြည်တွေမှာ ကျောင်းသွားတက်ကြပြီး၊ ပြည်တွင်းမှာရှိနေတဲ့ သူတို့နဲ့ ပါတ်သက်ရာ ပတ်သက်ကြောင်းတွေကိုတော့ အင်္ဂလိပ် စာသင်ကျောင်းတွေမှာ သူတို့အမျိုးအနွယ်ကလွဲပြီး အောက်ခြေလူတန်းစား တောင်သူလယ်သမားတွေရဲ့ သားသမီးတွေဟာ ပညာသင်ကြားခွင့် မရခဲ့ပါဘူး။ ဒါပေမယ့် နီးစပ်ရာ အမြော်အမြင်သိပ်ကြီးမားတဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ဘုန်းကြီးစာ သင်ရင်းနဲ့ လေ့လာရတာပါ။

ဒေသခံတောင်သူလယ်သမား အများစုတွေဟာ သီးနှံပေါ်ချိန်မှာ သူတို့ရဲ့စိုက်ပျိုးသီးနှံတွေကို ငါးရက်တစ်ဈေး စော်ဘွားဈေးတွေမှာ သွားရောင်းပြီး ရလာတဲ့ပိုက်ဆံတွေကို အိမ်တွင်းလိုအပ်ချက် အတွက် ဈေးမသုံးရသေးဘဲ၊ ခုဏက ပြောတဲ့ လေးကောင်ဂျင်၊ အရက်ဆိုင်၊ ဘိန်းစားစခန်းတွေမှာ သွားရောက် သောက်စား လောင်းကစားရင်း၊ မိမိရောင်းရတဲ့ သီးနှံဖိုး ပိုက်ဆံတွေ အကုန်သွားဖြုန်းကြပြီး၊ အိမ်ပြန်ချိန်ရောက်တော့မှ ပိုက်ဆံတစ်ပြားမှ မရှိတော့ဘဲ မိသားစုအတွက် ဘာတစ်ခုမှ ဝယ်မပြန်နိုင်တော့ပါဘူး။

ကျနော်တို့ လူမျိုးဟာ ယောင်္ကျားတွေမှာသာ ဈေးသွားသုံးခွင့် သီးနှံရောင်းပိုင်ခွင့် စတဲ့ဖိုအုပ်စိုးတဲ့ ထုံးစံဟာ ယနေ့ထိလို့ ပြောရင် မမှားဘူးလို့ ယူဆမိတယ်။ အိမ်က အမျိုးသမီးနဲ့ သားသမီးတွေကတော့ သူတို့ယောင်္ကျား မိဘ ဘာဝယ်ပြန်မလဲလို့ စောင့်နေရင်း မျော်နေရင်း၊ ဈေးည ဈေးရက်တွေမှာဆိုရင် အမြဲတမ်းလိုလို လင်မယား ရန်ဖြစ်နေရတာပါ။ ယောင်္ကျားဖြစ်သူကလဲ မူးပြီးမှ ပြန်လာတော့ ပိုက်ဆံပါမလာ၊ မိသားစု သုံးဖို့အတွက် စရိတ်စကတွေလည်း ဘာတစ်ခုမှ ဝယ်မပြန်တော့ လင်မယား စကားများ ရန်ဖြစ်ကြရပါတယ်။

လင်ယောင်္ကျားက လောင်းကစားဝိုင်း အရက်ဆိုင် ဘိန်းစခန်းတွေမှာ ယစ်မူးနေချိန်မှာ အိမ်က အမျိုးသမီးအတွက်မှာတော့ ခဏနေ ရေခွန်၊ ခဏနေမြေခွန်၊ ခဏနေ ဟိုအခွန် ဒီအခွန်နဲ့ စိတ်ပူလိုက်ရ။ ခဏနေကြမှ မိသားစု စားဝတ်နေရေးအတွက် ပူရပြန်။ ဒီလိုနဲ့ ဘဝကို တည်ဆောက်ခဲ့ ရပါတယ်။ ဒီလိုအဖြစ်မျိုးတွေဟာ နေရာဒေသ တစ်ခုတည်းမှာ ဖြစ်တာမျိုး မဟုတ်ဘဲ၊ ရှမ်းပြည်ပဒေသရာဇ် စနစ်ဖြင့် အုပ်ချုပ်တဲ့ နေရာဒေသအနံ့အပြားမှာ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဆက်လက်ဖော်ပြပါမည်-- 

No comments: