ကြံ့ဖွံ့အသင်းဖျက်သိမ်းပြီ၊ ပါတီအဖြစ်နဲ့သာ ကျန်ရှိမည်

တောင်ကြီးတိုင်းမ်။ နောင်ခမ်းခါ
ဇူလိုင်လ (၁၅) ရက်၊ ၂၀၁၀။ ကျာသပတေးနေ့

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း (USDA) ဟာ နိုင်ငံရေးပါတီအဖြစ် ပြောင်းလဲ ဖွဲ့စည်းလိုက်ပြီးဖြစ်တဲ့အတွက် နိုင်ငံရေးပါတီတစ်ခု (USDP) အဖြစ်နဲ့သာ ဆက်ရှိပြီး နဂိုတည်ရှိ လုပ်ရှားနေတဲ့ USDA အသင်းအဖွဲ့အဖြစ်မှ ဖျတ်သိမ်းလိုက်ပြီလို့ အသင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ သူရမြင့်ဦးမှ ဘီဘီစီမြန်မာပိုင်းအစီအစဉ်ကို ပြောသွားပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကို ဖျက်သိမ်းခွင့် တင်ထားခဲ့တာ ဇူလိုင်လ ၆ ရက်နေ့က ဖျက်သိမ်းခွင့်ကျလို့ သူ့အပိုင်းနဲ့သူ ဖျတ်သိမ်းဖို့ပြင်ဆင်နေတယ်လို့ ဘီဘီစီက သူရမြင့်ဦးကို ကိုးကား၍ ဖေါ်ပြထားပါတယ်။ “ယနေ့မှ စပြီးတော့ USDA ဆိုတာ ရှိတော့မှာမဟုတ်ဘူး။ နိုင်ငံရေးပါတီတစ်ခု အနေနဲ့ ကျနော်တို့ ဆက်သွားမှာပါ” ဟု သူရမြင့်ဦးက ပြောပါတယ်။

USDA ဖျက်သိမ်းပြီးနောက်ပိုင်း အသင်းပိုင်ဆိုင်တဲ့ ပစ္စည်းအားလုံးမှာလည်း ဗဟိုကော်မတီများရဲ့ ဆုံးဖျတ်ချက်အရ USDP ပါတီကို တရားဝင်လွဲပြောင်းပေးလိုက်တယ်လို့လည်း ၎င်းက ဆိုပါတယ်။

ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ အခန်း ၃၊ ပုဒ်မ ၁၂ (က-၅) အရ နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံတော်ပိုင်ဘဏ္ဍာငွေကြေး၊ အိမ်၊ မြေ၊ အဆောက်အုံ၊ ယာဉ် အစရှိတဲ့ပစ္စည်းများကို သွယ်ဝိုက်ဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ အသုံးပြုတဲ့အဖွဲ့အစည်းဟာ နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်မရှိကြောင်းကို ဖေါ်ပြထားပါတယ်။

USDA အသင်းဟာ ယခုလျက်ရှိ နိုင်ငံတော်အစိုးရကို ကျောထောက်နောက်ခံတဲ့ အသင်းအဖွဲ့ ဖြစ်တဲ့ အတွက်ကြောင့် ၎င်းပိုင်ဆိုင်တဲ့ ပစ္စည်းတွေဟာ နိုင်ငံတော်ပိုင်ပစ္စည်းတွေဖြစ်ပြီး၊ USDP ပါတီက နိုင်ငံတော်ပိုင်တဲ့ USDA ပစ္စည်းများကို အသုံးပြုပါက နိုင်ငံရေးပါတီမှတ်ပုံခြင်းဥပဒေကို ချိုးဖေါက်ခြင်း ဖြစ်ကြောင်း အမည်မဖေါ်တဲ့ စစ်ဘက်ဆိုင်ရာအရာရှိကြီးကို ကိုးကားပြီးတော့ ဧရာဝတီသတင်းဌာန ဖေါ်ပြထားပါတယ်။

ထို့အတူပဲ လက်ရှိ စစ်အစိုးရမှာ ၀န်ကြီးနေရာနဲ့ ထိပ်တန်းအရာရှိတွေဖြစ်နေကြတဲ့ USDP ပါတီက ခေါင်းဆောင်တွေဟာ နိုင်ငံတော်ရဲ့အထောက်အပံ့၊ နိုင်ငံတော်အသုံးစရိတ်၊ နိုင်ငံတော်လုပ်ပိုင်ခွင့်နဲ့ နိုင်ငံတ၀န်းလုံးကို လွတ်လပ်စွာ ခရီးသွားလာ လှုပ်ရှားခွင့်တွေရယူပြီးတော့ ကိုယ့်ပါတီအတွက် စည်းရုံးရေးလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်နေတဲ့ကိစ္စများ မဖြစ်သင့်ကြောင်းလည်း အခြားပါတီတွေက ဝေဖန်ထောက်ပြထား ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း (USDA) ဟာ နအဖစစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များကို အလုပ်အကျွေး ပြုဖို့နဲ့ နအဖစစ်အစိုးရယန္တယားတစ်လုံးကို ကျောထောက်နောက်ခံပြုဖို့ ၁၉၉၃ ခုနှစ်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ စစ်အစိုးရထိပ်ပိုင်းခေါင်းဆောင်များကိုယ်တိုင် ပါဝင်ပြီး ဖွဲ့စည်း ထူထောင်ခဲ့တာပါ။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအဖြစ်သို့ ပြောင်းလဲဖွဲ့စည်းပြီးနောက်ပိုင်းမှာလည်း နိုင်ငံတ၀န်းရှိ နေရာဒေသ အများအပြားမှာ အစိုးရအာဏာပိုင်များနဲ့ ဒေသတွင်းရှိကြံ့ဖွံ့အရာရှိ အရာခံများက ဒေသခံ တိုင်းရင်းသားလူမျိုးတွေကို USDP ပါတီမှာ အဖွဲ့ဝင်အဖြစ် ၀င်ရောက်ရန် ခြိမ်းခြောက်မှုများ၊ မျက်လုံးပေး မြူစွယ်မှုများ၊ မ၀င်မဖြစ်အတင်းအဓမ္မ ဖိအားပေးမှုများ စတဲ့ပုံစုံအမျိုးမျိုးနဲ့ ပါတီဝင်တွေကို ဆက်လက်ပြီးတော့ လိုက်လံစုဆောင်းနေကြောင်းလဲ ကြားသိနေရပါတယ်။

၁၉၉၃ ခုနှစ်မှ စပြီးတော့ ၂၀၁၀ အထိ၊ နှစ်ပေါင်း ၁၇ နှစ်ကြာ စစ်အစိုးရအတွက် ရပ်တည်လှုပ်ရှားတဲ့ ကြံ့ဖွံ့အသင်းဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့မှာပဲ ယခုလျက်ရှိဝန်ကြီးချုပ် (ဗိုလ်ချုပ်ကြီး) သိန်းစိန်အပါအ၀င် အခြားဝန်ကြီး ၂၆ ယောက်က ၂၀၁၀ ရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံမှာ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့ပြီး ဇွန်လ ၈ ရက်နေ့မှာ ပါတီမှတ်ပုံခွင့် ကျခဲ့ပါတယ်။

No comments: