ကိုယ်တုံးလုံးထွက်ပြေးမဲ့ မာရာဒိုနာရဲ့အိပ်မက်၊ ဂျာမနီအသင်း ဖျက်ဆီးလိုက်ပြီ

တောင်ကြီးတိုင်းမ်။ နောင်ခမ်းခါ
ဇူလိုင် (၃) ရက်၊ ၂၀၁၀။ စနေနေ့

ယနေ့ စနေနေ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကွာတားဖိုင်နယ် ပွဲစဉ်မှာ  ဂျာမနီအသင်းက လွန်ခဲ့တဲ့ပွဲစဉ်များ ကစား ခဲ့ရာမှာ သရေပွဲနဲ့ ရှုံးပွဲမရှိသေးတဲ့ နာမည်ကြီး အာဂျင်တီးနားအသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ယူခဲ့ ပါတယ်။  ဂျာမနီအသင်းဟာ  အာဂျင်တီးနားအသင်းကို မထင်မှတ်ပဲ ဤကဲ့သို့ ဂိုးအပြတ်အသတ်နဲ့ ရက်စက်စွာ အနိုင်ယူလိုက်တဲ့ အတွက် ကမ္ဘာ့ဖလား ပရိတ်သတ်များနဲ့ သုံးသပ်သူများကို မယုံကြည်နိုင်လောက်အောင် လွန်စွာအံ့သြ စေခဲ့ပြီးတော့ စီမီးဖိုင်နယ်အဆင့်မှာ တက်လာမည့် စပိန် (သို့) ပါရာကွေး အသင်းနဲ့ ယှဉ်ရမှာဖြစ်ပါတယ်။

ပွဲစလို့ ၃ မိနစ်မှာ ဂျာမနီအသင်း ကျောနံပါတ် (၁၃) ညာတောင်ပံရှေ့တန်းကစားသမား သောမတ်စ်မူလာမှ ဘယ်ဘက်ကနေပြီးတော့ တိုက်ရိုက်ကန်တဲ့ ပြစ်ဒဏ်ဘောကို ဂိုးသမားလက်ကနေ ပြန်လွတ်ထွက်သွားပြီး တော့ ၀င်သွားပါတယ်။ ပြိုင်ပွဲအစမှာပဲ ဂျာမနီက တစ်ဂိုးနဲ့ အရင် ဦးဆောင်ခဲ့ပါတယ်။

ဒုတိယပိုင်းပြန်အစမှာ အာဂျင်တီးနားက ဂျာမနီဂိုးပဲန်နယ်တီ ဧရိယာရှေ့နားမှာပဲ တ၀ဲလည်လည်နဲ့ တိုက်စစ်ဆင် ဖိကစားခဲ့ပါတယ်။ သို့ပေမယ့်လဲ အထပ်ထပ်ကာရံထားတဲ့ လုံခြုံခိုင်ခံ့လှတဲ့ ဂျာမနီနောက်တန်းတွေရဲ့ ၀ိုင်းဝန်းကာကွယ် ဖျတ်ထုတ်ခဲ့မှုတွေကြောင့် ခြေပဂိုး မသွင်းနိုင်ခဲ့ပေ။

တချိန်လုံးလိုလိုမှာ ထိုးစစ်နဲ့ ရှေ့တွင်တိုက်စစ်ကစားပြီး ဟာနေတဲ့ အာဂျင်တီးနား နောက်တန်းကို အခွင့်ကောင်းယူပြီးတော့ သန်ပြန်ထိုးစစ် ဆင်လိုက်ရာ ဒုတိယပိုင်း ၆၇ မိနစ်မှာ ရှေ့တန်းကစားသမား ပိုဒေါစကီး ချပေးလိုက်တဲ့ဘောကို ကျောနံပါတ် ၁၁ တိုက်စစ်မှူး ခလိုးစ် မှ အမိအရကန်သွင်းပြီး ဂျာမနီမှ ဒုတိယဂိုး ထပ်ရပြန်ပါတယ်။

ဂျာမနီအသင်းရဲ့သန်ပြန်ထိုးစစ်ဟာ သိပ်ကြောက်စရာ ကောင်းပါတယ်၊ တချက်တစ်ချက် ထိုးဖေါက်တာကို အာဂျင်တီးနားနောက်တန်းတွေက မကာကွယ်နိုင်ခဲ့ပါဘူး။ ၇၄ မိနစ်မှာ ကွင်းလယ်ကစားသမား ကျောနံပါတ် (၇) Schweinsteiger က အထပ်ထပ်ကာရံထားတဲ့ အာဂျင်တီးနားရဲ့ နောက်တန်းကစားသမားတွေကို ဘယ်ပြန် ညာလှည့် စွဲယူလာပြီး အကွက်ဆင် ချပေးလိုက်တဲ့ဘောကို ကျောနံပါတ် (၃) နောက်တန်းကစားသမား ဖရင့်ဒ်ရစ်ခ်ျ မှ ဂျာမနီအတွက် တတိယမြောက်ဂိုး ထပ်သွင်းလိုက်ပါတယ်။

ဘောလုံးကို တွက်လက်လျင်မြန်စွာ လှည့်ကစားနိုင်တဲ့ နာမည်ကျော်အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီခမျာလဲ ဂျာမနီနောက်တန်းကို မကျော်လွားနိုင်ခဲ့ပေ။ ဂျာမနီအသင်းဟာ ရှေ့နောက်ကို တစ်သင်းလုံးတက် တသင်းလုံးဆင်းရင်း လျင်မြန်စွာ ပြေးကစားခဲ့ပါတယ်။ အာဂျင်တီးနားရဲ့တိုက်စစ်ဆင် ထိုးကစားတာကို တစ်သင်းလုံးကာကွယ် တိုက်ဖျက်ရင်း ကျွံထွက်လာတဲ့ဘောကို တသင်းလုံးရှေ့တက် သန်ပြန်တိုက်စစ်ဆင် ကစားရင်း ဂိုးတွေ တလုံးပြီးတစ်လုံး သွင်းနိုင်ခဲ့ပါတယ်။

ရှေ့တန်းတိုက်စစ်ကစားသမား မူလာ၊ ခလိုးစ်၊ ပိုဒေါစကီး၊ မစွတ်အိုဇီးတို့ရဲ့ အတိုင်အပင်ညီညီ အပြေးအယူကောင်းကောင်းနဲ့ အရှိန်နဲ့ ရွှေ့လျားတက်လာတဲ့ သန်ပြန်ထိုးစစ်ကို အာဂျင်တီးနားရဲ့ အလယ်တန်းကော နောက်တန်းပါ အလူးအလဲ ခံခဲ့ရပြီးတော့ မကာကွယ်နိုင်ခဲ့ပါဘူး။

ပြိုင်ပွဲပြီးခါနီး ၈၉ မိနစ်မှာပဲ ပိုဒေါစကီးမှ အစချီတည့်ပေးလိုက်တဲ့ဘောမှတဆင့် ဘယ်ဘက်က ကျောနံပါတ် (၈) မစွတ်အိုဇီး စွဲတက်လာပြီးချပေးလိုက်ရာ ညာဘက်က အရံသင့် ပြေးတက်လာတဲ့ ကျောနံပါတ် (၁၁) ခလိုးစ်မှ မနားတန်းကန်သွင်းလိုက်ရာ ဂျာမနီအတွက် စတုတ္ထမြောက်ဂိုး ထပ်ရပြန်ပါတယ်။

ဒီနေပြိုင်ပွဲမှာ အာဂျင်တီးနားရဲ့ နောက်တန်းဟာ လွန်စွာ ဖရိုဖရဲဖြစ်လွန်းအားကြီးတယ်လို့ ဆိုရမှာပါ။ ဂျာမနီအသင်းမှ သန်ပြန်၍ ထိုးစစ်ဆင်လာတိုင်း ဂိုးသွင်းခွင့်တွေ ရခဲ့ပါတယ်။

နောက်ဆုံးတော့ ၂၀၁၀ ကမ္ဘာ့ဖလားဆုကို ရယူနိုင်ခဲ့ရင် အာဂျင်တီးနားမြို့တော် အလယ်မှာ ကိုယ်တုံးလုံးထွက်ပြေးရန်ရှိတဲ့ နည်းပြမာရာဒိုနာရဲ့ အစီအစဉ်ကလဲ အကောင်အထည် ဖေါ်ခွင့် မရရှိတော့ပေ။

No comments: