ကာနာအသင်းကို ပဲန်နယ်တီအဆုံးအဖြတ်နဲ့နိုင်ပြီး ဥရုကွေးစီမီးဖိုင်နယ်တက်ပြီ

တောင်ကြီးတိုင်းမ်။ နောင်ခမ်းခါ
ဇူလိုင် (၂) ရက်၊ ၂၀၁၀။ သောကျာနေ့

၂၀၁၀ ကမ္ဘာ့ဖလား ပြိုင်ပွဲအားလုံးများအနက် ဒီနေ့ဥရုကွေးအသင်းနဲ့ ကာနာအသင်းတို့ ယှဉ်ပြိုင်ကစားတဲ့ပွဲလောက် မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားစရာကောင်းတဲ့ပွဲ မရှိခဲ့ သေးပေ။ ကာနာအသင်းကတော့ ပြိုင်ပွဲကြီးကို မေ့လို့မရနိုင်အောင် နမျောတမ်းတလို့မဆုံးအောင် ရင်ထုမနာ ကျေကွဲစရာ အကောင်းဆုံး အခြေအနေနဲ့ ထွက်ခွါခဲ့ရပါတယ်။ ဒီပွဲကိုတော့ အာဖရိကတိုက်သားများအတွက် လွယ်လွယ်နဲ့မေ့လို့ ရနိုင်မယ် မဟုတ်ပေ။

နောက်ဆုံးအချိန်ပိုမိနစ် ၃၀ အပြီးမှာ ကာနာအသင်းမှ ကျောနံပါတ် (၁၈) အာဒီယာ ခေါင်းတိုက်ဘောကို ဂိုးပေါက်ထဲ့စည်းလိုင်းပေါ်မှာ ရှိတဲ့ ကျောနံပါတ် (၉) ဥရုကွေးတိုက်စစ်မှူး လူးဝစ်ဆွာရဲက်စ် က လက်နဲ့ ပုတ်ထုတ်တဲ့အတွက် အနီကပ်နဲ့ အထုတ်ခံရပြီးတော့ ကာနာမှ ပဲန်နယ်တီ သွင်းခွင့်ရခဲ့ပြီး ကျောနံပါတ် (၂၁) ကာနာတိုက်စစ်မှူး အာစမိုဂျန်မှ ကန်သွင်း လိုက်ရာမှာ ဂိုးပေါက်မ၀င်ပဲ အပေါ်ဘာတန်းထိပြီး ဂိုးအပြင်ရောက်သွားပြီး ကွင်းလယ်တိုင်က ပြိုင်ပွဲကို အဆုံးသတ်လိုက်ပါတယ်။

သာမာန် ကစားချိန် မိနစ် ၉၀ နဲ့ အချိန်ပို မိနစ် ၃၀ ယှဉ်ပြိုင်ကစားခဲ့သော်လည်း ကစားချိန်ပေါင်း မိနစ် ၁၂၀ အတွင်းတွင် ၁ ဂိုးစီသရေနဲ့သာ ပြီးဆုံးတဲ့အတွက် နောက်ဆုံး ပဲန်နယ်တီအဆုံးအဖြတ်ဖြင့် ဥရုကွေးအသင်းက ကာနာအသင်းကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ယူပြီး စီမီးဖိုင်အဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ကာနာအသင်း ကျောနံပါတ် ၅ နောက်တန်းကစားသမား ဂျွန်မန်ဆာ နဲ့ ကျောနံပါတ် ၁၈ ရှေ့တန်းကစားသမား အာဒီယာ တို့ ကန်သွင်းရာမှာ ဥရုကွေး ဂိုးသမားက နှစ်လုံးကာကွယ် နိုင်ခဲ့ပြီးတော့၊ ဥရုကွေးအသင်းမှ ကျောနံပါတ် ၁၆ နောက်တန်းညာအစွန်ကစားသမား မက်စီ ပါရီရာ သွင်းတဲ့အလုံးမှာ ဂိုးပေါက်နဲ့လွဲခဲ့ပါတယ်။

ပဲန်နယ်တီအဆုံးအဖြတ်ကို တစ်သင်းမှ ၅ လုံးစီကန်သွင်းရာမှာ ဥရုကွေးအသင်းက ၄ လုံးဝင်ပြီး၊ ကာနာအသင်းတော့ ၂ နှစ်လုံးပဲ ၀င်တဲ့အတွက် ပြိုင်ပွဲကို ကွာတားဖိုင်နယ်မှာပဲ အဆုံးသတ်ရပါတော့တယ်။

ပထမပိုင်း ၄၅ မိနစ်နဲ့ အချိန်ပို ၂ မိနစ်ရဲ့ အကုန်မှာ ကာနာအသင်းမှ ကျောနံပါတ် (၁၁) မွန်ထရီမှ ပဲန်နယ်တီဧရိယာအပြင်ဘက် အလယ်တည့်တည့်ကနေ ကိုက်ပေါင်း ၃၂ လောက်ကနေ့ ဘယ်ခြေနဲ့ အားရပါးရသွင်း သွင်းလိုက်တော့ ဂိုးညာထောင့်ကနေ ၀င်သွားပါတယ်။

၅၄ မိနစ်မှာ ကာနာပဲန်နယ်တီဧရိယာအပြင်ဘက် ဘယ်ဘက်ထောင့်ကနေပြီး ခေါင်းဆောင် ဒီယာကိုဖေါ်လန်မှ တိုက်ရိုက် ပြစ်ဒဏ်ဘောကန်သွင်းလိုက်ရာမှ ညာဘက်ဂိုးထောင့်ကနေ ၀င်သွားတော့ ဥရုကွေးအသင်း ခြေပဂိုးသွင်းနိုင်ခဲ့ပါတယ်။

၅၇ မိနစ်လောက်မှာတော့ ကာနာအသင်းမှ ကွင်းလယ်ကနေစွဲလာပြီးတော့ ဘယ်ဘက်က ပြေးတက်လာတဲ့ အာစမိုဂျန်ကို ချပေးလိုက်တော့ အာစမိုဂျန်မှ ကန်သွင်းလိုက်ရာ ဂိုးသမား ပုတ်ထုပ်နိုင်ခဲ့လို့ ကာနာအတွက် ဒုတိယဂိုးမရရှိပေ။

ထို့အတူပဲ တိုက်စစ်သန်ပြန်ထိုးဖေါက်လာတဲ့ ဥရုကွေးအသင်းမှ တိုက်စစ်မှူးဖေါ်လန် ဘယ်ဘက်မှစွဲလာပြီး တင်ပေးလိုက်တဲ့ဘောကို ညာဘက်မှပြေးတက်လာတဲ့ ကျောနံပါတ် ၉ တိုက်စစ်မှူး လူးဝစ်ဆွာရက်စ်မှ မနားတမ်း ကန်သွင်းလိုက်တယ်။ သို့သော် မ၀င်ပါ၊ ဂိုးပေါက်မတည့်ပေ။

ဒီနှစ်ကတော့ ယှဉ်ပြိုင်ကစားတဲ့ပွဲကတော့ စိတ်လှုပ်ရှားစရာ အင်မသန်ကောင်းတဲ့ပွဲပါ။ နှစ်ဘက်စလုံးမှာ ဂိုးသွင်းခွင့်တွေ ဖန်တီးနိုင်ခဲ့ပြီးတော့ ကြောက်စရာကောင်းတဲ့ ကန်သွင်းချက်တွေနဲ့ အဘက်နဲ့ တဘက် အပြန်အလန်တိုက်စစ်ဆင် ထိုးနက်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ဥရုကွေးဘက်မှ ဘောကိုပိုထိန်းကစားနိုင်ပြီးတော့ ကာနာကွင်းဘက်ကို ပိုပြီးဖိကစားလာပါတယ်။ အသင်းခေါင်းဆောင်ဖြစ်တဲ့ ဒီယာကိုဖေါ်လန်မှ တင်ပို့လာပေးတဲ့ ဘောတွေ သိပ်ပြီး ကြောက်စရာအလွန်ကောင်းပါတယ်။ ကာနာရဲ့နောက်တန်းကစားသမား အလူးအလဲ ကာကွယ်ခဲ့ရပြီး အဝေးကကန်တဲ့ ပြစ်ဒဏ်ဘောနဲ့ ထောင့်ကန်ဘော်တွေလဲ ကာနာဂိုးသမား အကြိမ်ကြိမ် ကာကွယ် ပုတ်ထုတ်ခဲ့ရပါတယ်။

မိနစ် ၃၀ အချိန်ပိုကစားရာမှာ ကာနာ အသင်းက ဖိကစားပြီးတော့ ဂိုးသွင်းခွင့်တွေ အကြိမ်ကြိမ်ရပြီးတော့ ဥရုကွေးနောက်တန်းကို အတော်ခြိမ်းခြောက်ခဲ့ပါတယ်။

ကာနာက ဥရုကွေးလို ထောင့်ကန်ဘောတို့ အဝေးကနေပြီးတော့ ဥရုကွေး ပဲန်နယ်တီဧရိယာ အတွင်းသို့ ကောင်းကောင်းနဲ့ ကန်တင်ပေးနိုင်တဲ့ လူမရှိပေ။

ကာနာအသင်းက သန်ပြန်တိုက်စစ်နဲ့သာ ပြန်လည် ဆင်လာသော်လည်း ဥရုကွေးဂိုးသမားနဲ့ နောက်တန်း ကစားသမားတွေကို ကြီးမားတဲ့ခြိမ်းခြောက်မှုနဲ့ ကန်သွင်းချက်တွေ မပေးနိုင်ခဲ့ပေ။ ပြိုင်ပွဲ သာမာန်အချိန်မိနစ် ၉၀ အတွင်းပြီးဆုံးတဲ့အထိ အချင်းချင်းနောက်ထပ်ဂိုးတွေ မသွင်းနိုင်ခဲ့ပဲ ၁ ဂိုးစီ သရေနဲ့သာ ပြီးသွားတော့ နောက်ထပ်အချိန်ပို မိနစ် ၃၀ ထပ်ကစားခဲ့ ပါတယ်။

ကာနာအသင်းကတော့ ဒီလို သာမာန်ကစားချိန် မိနစ် ၉၀ နဲ့ အနိုင်အရှုံး အဆုံးအဖြတ် မပေးနိုင်ပဲ နောက်ထပ် မိနစ် ၃၀ အချိန်ပိုနဲ့ ကစားရတဲ့ ပွဲတွေက ဒီနေ့ပြိုင်ပွဲအပါအ၀င်နဲ့ဆိုရင် ၂ ကြိမ်ရှိခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့ ၁၆ သင်းရှုံးထွက်ပွဲစဉ်မှာ အမေရိကန်နဲ့ ယှဉ်ပြိုင်ကစားတုန်းကလဲ သာမာန်ကစားချိန် မိနစ် ၉၀ မှာ ၁ ဂိုးစီ သရေကျပြီးတော့ အချိန်ပို မိနစ် ၃၀ မှာ သွင်းပြီး အမေရိကန်ကို အနိုင်ယူခဲ့တာပါ။
ဒီနေ့ ကွာတားဖိုင်နယ် ယှဉ်ပြိုင်တဲ့ပွဲ နှစ်ပွဲမှာ ဘရာဇီးနဲ့ ကာနာတို့နှစ်သင်းကတော့ စိတ်မကောင်းစွာနဲ့ ပြိုင်ပွဲကနေ အဆုံးသတ်ခဲ့ပြီးတော့ နယ်သာလန်အသင်းနဲ့ ဥရုကွေးအသင်းတို့ကတော့ လာမည့် ဇူလိုင်လ ၆ ရက်၊ အင်္ဂါနေ့ စီမီးဖိုင်နယ်ပွဲစဉ်မှာ ယှဉ်ပြိုင်ကစားကြရမှာဖြစ်ပါတယ်။ 

စီမီးဖိုင်နယ် ပွဲစဉ်များ
(ဇူလိုင် ၆ ရက်၊ အင်္ဂါနေ့)    ဥရုကွေး -- နယ်သာလန်
(ဇူလိုင် ၇ ရက်၊ ဗုဒ္ဓဟူးနေ့) ဂျာမနီ (သို့) အာဂျင်တီးနား --  စပိန် (သို့) ပါရာကွေး

No comments: