ဇူလိုင်လ မှစ၍ ဆီဆိုင်မြို့နယ်အတွင်း လိုင်စင်မဲ့ဆိုင်ကယ်များ စတင်ဖမ်းဆီးမည်

တောင်ကြီးတိုင်းမ်။ နောင်ခမ်းခါ
ဇူလိုင် (၆) ရက်၊ ၂၀၁၀။ အင်္ဂါနေ့

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်အတွင်းရှိ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်၊ ဗန်းယဉ်၊ နောင်မွန် စသည့်မြို့များတွင် လိုင်စင်မဲ့ဆိုင်ကယ်များအား ၂၀၁၀ ခုနှစ်၊ ယခုလ ဇူလိုင်လမှ စပြီး လိုက်လံဖမ်းဆီးမှုများ ပြုလုပ်မည်ဟု သိရသည်။

“ဆိုင်ကယ်လိုင်စင် မလုပ်ရသေးတဲ့လူတွေ အပြီးလုပ်ကြဖို့ ပြီးခဲ့တဲ့လ (ဇွန်လ) တုန်းက ဆီဆိုင်မြို့ထဲမှာ အော်လန်နဲ့ လိုက်အော်တယ်။ (၇) လပိုင်းဆိုရင် လိုင်ဆင်မဲ့တွေအကုန်လိုက်ဖမ်းပြီးတော့ ပိုင်ရှင်ကိုလဲ အရေးယူမယ်လို့လဲ ပြောတယ်။ ကျမလဲ ဆိုင်ကယ် လိုင်စင်လုပ်ဖို့ အခုပိုက်ဆံတွေ ရှာနေတယ်” ဟု ဆီဆိုင်မြို့ခံတစ်ဦးမှ ပြောသည်။

ဆီဆိုင်၊ ဆိုက်ခေါင်၊ ဗန်းယဉ်နှင့် နောင်မွန်စသည့်မြို့မှ နေထိုင်သူများအား ဆိုင်ကယ်လိုင်စင်ကို တောင်ကြီးမြို့ရှိ ကုန်းလမ်းဆက်သွယ်မှုညွန်ကြားရေးဦးစီးဌာနရုံးသို့ သွားလုပ်ရသည်ဟု သိရသည်။

ဤသို့ လိုင်စင်ပြုလုပ်ရာတွင် ဆိုင်ကယ်အမျိုးအစားမော်ဒယ်အလိုက်နှင့် ထုတ်လုပ်သည့်နိုင်ငံ တို့ကို အခြေခံ၍ အကုန်အကျခြင်း မတူကြကြောင်း၊ တရုတ်က ထုတ်သည့် Dream အမျိုးအစားမှာ ကျပ်ငွေ ၃ သိန်းလောက်ကုန်ကျပြီး၊ ထိုင်းနိုင်ငံထုတ်ဆိုရင် ကျပ်ငွေ ၇ သိန်းကျော်ကုန်ကြောင်း သိရသည်။

“ကျမတို့ဆိုင်ကယ်က တရုတ်ကလာတာ၊ ၀ယ်တုန်းက ၇ သိန်းပေးရတယ်။ အဲဒါကို လိုင်စင်လုပ်ရင် ၃ သိန်းလောက်ပေးရမယ်လို့ ပြောတယ်။ ဒါက တရုတ်ပစ္စည်း။ ထိုင်းဘီးတွေဆိုရင် ၇ သိန်းကနေ ၈ သိန်းလောက်ပေးရတယ်၊ ဒါက လိုင်စင်သတ်သတ်ပဲရှိသေးတယ်။ ၀ယ်မယ်ဆိုရင် တစ်စီးကို ၁၅ သိန်းလောက်ပေးရတယ်" 

No comments: