ဝတပ်ဖွဲ့ စစ်ရေးပြင်ဆင်နေ

E-mail Print
ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) က စစ်ရေး ပြင်ဆင်မှုများ အပါအ၀င် မဟာမိတ်များနှင့် နီးကပ်စွာ ဆက်ဆံမှုများကို ယခု ရက်ပိုင်း အတွင်း ပိုမို ပြုလုပ် လာသည်။




ရှမ်းပြည်နယ် တနေရာတွင် စစ်ရေးပြ လေ့ကျင့်နေသော UWSA တပ်ဖွဲ့ဝင်များ
လာမည့် ဧပြီလ ၂၂ ရက်နေ့တွင် UWSA က နယ်ခြားစောင့် တပ်အသွင် ပြောင်းခြင်းနှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက်ကို စစ်အစိုးရအား ပေးရမည် ဖြစ်သည်။

စစ်အစိုးရက နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး အတွက် ၀ ခေါင်းဆောင်များနှင့် ထပ်မံ ဆွေးနွေးရန် ကမ်းလှမ်းမှုများ မရှိသကဲ့သို့  စစ်အစိုးရ၏ အစီအစဉ်ကို လက်မခံ နိုင်သည့် UWSA ခေါင်းဆောင်များ၏ သဘောထား သည်လည်း ပြောင်းလဲမှု မရှိကြောင်း UWSA နှင့် နီးစပ်သော သတင်းများ အရ သိရသည်။

UWSA ကလည်း နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး အတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက ငြင်းပယ်နေခြင်းဖြစ်ပြီး နိုင်ငံရေး အရ ငြိမ်းချမ်းစွာ ဖြေရှင်းရန် ပြောဆိုခဲ့ပြီး အဆိုးဆုံး အခြေအနေကို ရင်ဆိုင်ရန် အတွက် ပြင်ဆင်ထားကာ တပ်များကိုလည်း အသင့်အနေအထားရှိရန် သတိပေးထားခဲ့သည်။

ထိုင်းနိုင်ငံ အခြေစိုက် ရှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာ ဦးခွန်စိုင်းက နိုဝင်ဘာနှင့် ဧပြီလအတွင်းတွင် ဥက္ကဋ္ဌ ပေါက်ယူချန်းက နအဖထံသို့ စာ ၂ စောင် ရေးသား ပေးပို့ခဲ့သော်လည်း ပယ်ချခဲ့သဖြင့် ယခုအခြေအနေတွင် အလျှော့ပေးရန် မဖြစ်နိုင်ကြောင်း ဆိုသည်။

“အခုလောလောဆယ်ကတော့ နအဖက တိုက်မယ်တကဲကဲပုံစံလုပ်ပြီးတော့မှ အလျှော့ပေးစေချင်တဲ့ ပုံစံဖြစ်တယ်၊ နအဖ ကလည်းသိတယ်၊ ၀ ဘက်က ထွက်မတိုက်ချင်ဘူး မတိုက်ချင်တဲ့သူပိုများတယ်ဆိုတာ၊ အခြေအနေကတော့ နအဖဘက်မှာပဲ မှုတည်မှာပါ” ဟု ဦးခွန်စိုင်းကဆိုသည်။

ဖိအားကို လိုတာထက်ပိုပြီး ပေးသွားပါက စစ်ပွဲ ဖြစ်လာနိုင်ကြောင်း၊ စစ်ပွဲဖြစ်လာပါက ဒေသကန့်သတ်ထားသည့် အခြေအနေ လောက်သာ မဟုတ်ဘဲ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် ပါဖြစ်လာနိုင်သည့်အတွက် ရွေးကောက်ပွဲကို ထိခိုက် လာနိုင် သည်ဟု စစ်အစိုးရက တွက်ထားပုံရကြောင်းလည်း ၎င်းက ဆိုသည်။

UWSA အနေဖြင့် နယ်ခြားစောင့်တပ်အဖြစ်လက်မခံပါက ၅ ရက်ကြာ စစ်ဆင်ရေး တရပ်ကို ပြုလုပ်သွားမည်ဟု မှုဆယ်ရှိ စစ်အစိုးရ ထောက်လှမ်းရေးများက ၀ါဒဖြန့်ချိနေကြောင်း တရုတ်-မြန်မာ နယ်စပ်အရေးကို လေ့လာ စောင့်ကြည့်နေသူ ဦးအောင်ကျော်ဇောက ဧရာဝတီသို့ ပြောသည်။

“ဒါကတကယ်တမ်းကျတော့ ၀ တပ်ဖွဲတွေကို ခြိမ်းခြောက်တာပါ၊ တရုတ်နဲ့ ဆက်ဆံရေးကို ထိခိုက်နိုင်လို့ စစ်ပွဲဖြစ်လာဖို့ကတော့ မလွယ်ပါဘူး” ဟု ဦးအောင်ကျော်ဇောက ဆိုသည်။

စစ်အစိုးရသည် ယခုနှစ်တွင် ကျင်းပ ပြုလုပ်မည်ဟု ကြေညာထားသည့် ရွေးကောက်ပွဲ မတိုင်မီ အပစ်ရပ် အဖွဲ့များကို နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲရေးအတွက် လိုလားနေကြောင်း သိရသည်။ ဤအတောအတွင်း တပ်မတော် ခေါင်းဆောင်များက အပစ်ရပ် အဖွဲ့များနှင့် ဆက်တိုက် တွေ့ဆုံနေကြသည်။

“ရွေးကောက်ပွဲ အပြီးတွင် အစစအရာရာ သူ့လက်ထဲမှာရှိဖို့ စီစဉ်ထားသော်လည်းပဲ ဒီအနာဂတ်ဆိုတာ မှန်းဆလို့ မရတော့ မထင် မှတ်တာပေါ်လာနိုင်တယ်လို့ သူတို့မှတ်ပုံရတယ်။ ဒါကြောင့် ရွေးကောက်ပွဲ မပြီးခင် ကြိုတင်ပြီး အာဏာရှိနေတုန်း လုပ်ထားချင် ပုံရတယ်” ဟု ဦးခွန်စိုင်းက ဆက်ပြောသည်။

ယင်းအပြင် အတည်မပြုနိုင်သေးသော သတင်းများအရ စစ်အစိုးရက လက်နက်ကြီးများနှင့် သံချပ်ကာကားများကို ရှမ်းပြည်အရှေ့ပိုင်းသို့  ပို့ဆောင် နေကြောင်းလည်း သိရသည်။

UWSA သည် ဗမာပြည် ကွန်မြူနစ် ပါတီ၏ လက်နက်ကိုင် အင်အားစု အဖြစ်မှ ၁၉၈၉ ခုနှစ်တွင် ခွဲထွက်ခဲ့ပြီး၊ ယခုနှစ် ဧပြီလ ၁၇ တွင် တည်ထောင်သည့် နှစ် ၂၁ နှစ်ပြည့်မြောက်ပြီဖြစ်သည်။ ယခင်က ပန်ဆိုင်းတွင် နှစ်ပတ်လည်အခမ်းအနားကို အကြီးအကျယ် ကျင်းပသော်လည်း ယခုနှစ်တွင်မှု ကျင်းပခြင်း မရှိကြောင်းလည်း သိရသည်။

ယခုအခါ စစ်သည်အင်အား နှစ်သောင်း မှ နှစ်သောင်းခွဲကြားတွင် ရှိသည်ဟု သိရသည်။ UWSA သည် ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသတွင် အခြေစိုက် လှုပ်ရှားလျက်ရှိသည်။ စစ်အစိုးရ၏ အခြေခံ ဥပဒေ တွင်လည်း ဝ ဒေသကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ထည့်သွင်း ပြဋ္ဌာန်းထားပြီး ဖြစ်သည်။

အခြေခံဥပဒေတွင် ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်း၊ ပန်ဆန်း (ပန်းခမ်း) စသည့် မြို့နယ်များကို ခရိုင် ၂ ခရိုင် ဖွဲ့ပြီး “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း” အဖြစ် ဖော်ပြထားသည်။ သံလွင်မြစ် အရှေ့ဘက်ခြမ်းမှ ထို မြို့နယ် ၆ ခုမှာ တရုတ် မြန်မာ နယ်စပ်တွင် တည်ရှိသည်။

ယခု အချိန်အထိ အပစ်ရပ် အဖွဲ့ ၃ ဖွဲ့က နယ်ခြားစောင့် တပ်ဖွဲ့အသွင်ပြောင်းပြီး ဖြစ်သည်။

အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ ရှိသည်။

http://www.irrawaddy.org/bur/index.php/news/1-news/3012-2010-04-20-11-52-32

No comments: