ယမ်းငွေ့လည်းပြေ ဘိန်းပန်းလည်းဝေ (၁)

ဗွာသရား
ဟိုပုံးလွင်ပြင်ရဲ့ အရှေ့ဘက်က တောင်-မြောက်သွယ်တန်းနေတဲ့ မဲနယ်တောင်တန်းနှင့် လွယ်မော် တောင်တန်းကြီးဟာ တချိန်က ပအိုဝ်းသူပုန်များလို့ခေါ်တဲ့ အဖြူ နှင့် အနီ ကျက်စားရာနေရာများထဲက တနေရာဖြစ်တယ်။အဖြူဆိုတာ အောင်ခမ်းထီ ဦးဆောင်တဲ့ PNO တပ်ဖွဲ့ဖြစ်ပြီးတော့ အနီဆိုတာ တာကာလယ် ဦးဆောင်တဲ့ ရလလဖ တပ်ဖွဲ့ဖြစ်တယ်။ ဘန်းယဉ်၊ ဆီဆိုင်မှာ တပ်စွဲထားတဲ့ ဗမာစစ်တပ် ခလရ ၄၂၃၊ ခလရ ၄၂၄၊ ခလရ ၄၂၅၊ ခလရ ၄၂၆ တွေက အမြဲထိုးစစ်ဆင်တဲ့ ဒေသဖြစ်တယ်။ ၁၉၉၁ ခုနှစ်မတိုင်ခင်မှာ အဲဒီနေရာက ပျောက်ကျားစစ်ပွဲများ မကြာခဏ ဖြစ်ခဲ့တယ်။


ပအိုဝ်းသူပုန်များ အပစ်အခတ်ရပ်ဆဲရေး မလုပ်ခင် အချိန်ကာများဟာ သူတို့ထိန်းချုပ်ထားတဲ့ ဒေသများရှိ ပအိုဝ်းရွာသားများက တောင်ယာလုပ်ငန်းများအတွက် နေ့စဉ် ၀င်ရောက် မလုပ်ကိုင်နိုင်ဘူး။ ယောင်္ကျားများဖြစ်တဲ့သူက ဗမာစစ်တပ် ပေါ်တာဆွဲမှာကို ကြောက်လို့ တောမှာ အမြဲပြေးရှောင်နေရတယ်။ မိန်းမဖြစ်တဲ့ သူကလည်း ချက်ပြုတ်ရေးကတကြောင်း ကလေးတဖက်နဲ့ တောမှာ ပုန်းရှောင်နေတဲ့ သူတို့ယောင်္ကျားအတွက် ထမင်းဟင်းတွေ လိုက်ပို့ပေးဖို့ အရေး စတဲ့ ပြသာနာတွေ ရင်ဆိုင်နေရတယ်။ တခါတလေ တောမှာ အအေးမိလို့ ဖျားနာနေတဲ့ သူတို့ ယောင်္ကျားအတွက် စိတ်ပူပူနဲ့ ဒေါက်တာရမ်းကုတို့ တိုင်းရင်းဆေးဆရာများတို့ကို တရွာဝင်တရွာထွက် လိုက်ရှာ ခေါ်ယူပေးရတယ်။ တချို့က ဘုန်းကြီးတွေဆီ ဓါတ်ရိုက်နည်းကို မေးမြန်းပြီး သူတို့ယောင်္ကျားတွေကို ကုယူပေးတယ်။

တချို့သော ရွာသားများက သူတို့တောင်ယာခြံဖြစ်တဲ့ သနပ်ဖက်ခြံတွေမှာ နေအိမ်လိုမျိုး တဲအိမ်ကောင်း ကောင်းဆောက်ထားကြတယ်။ စစ်ပွဲတွေဖြစ်တဲ့အချိန်၊ ပေါ်တာပြေးရှောင်တဲ့ အချိန်တွေမှာ စားဖို့သောက်ဖို့ အဆင်ပြေအောင် ရိက္ခာခြောက်များနဲ့ အိပ်ယာခင်းများကို တဲထဲ့က မြှုပ်ထားတဲ့ စဉ့်အိုးများ၊ ပိပါပုံးများမှာ ဖွဲ့ထဲ့ထားကြတယ်။ တောယာမှာ တဲမဆောက်ထားတဲ့သူက ကျောက်ဆောင်တွေ ဂူတွေမှာ စားစရာတွေ ဖွဲ့ထားကြတယ်။ တရွာနဲ့ တရွာ သွားလာတဲ့ လမ်းမကြီးတွေမှာ အဝေးကနေ လှမ်းမြင်နိုင်အောင် လမ်းမကြီးဘေးရှိ အပင်များကို ခုတ်ရှင်းကြတယ်။ ဘယ်စစ်ကြောင်းမဆို လာတာနဲ့ အဝေးကနေကြိုပြီး လှမ်းမြင်နိုင်အောင် ကြိုထွက်ပြေးဖို့ အချိန်ရှိအောင် ရည်ရွယ်ချက်နဲ့ လမ်းဘေးသစ်ပင်တွေကို ခုတ်ရှင်းရတာဖြစ်တယ်။

ဗမာစစ်ကြောင်းတွေဟာ ရွာကိုဝင်လာမယ်ဆိုရင် ပွိုင့်ထိုးစစ်သားများက ရွာအနီးဝန်းကျင်ရှိ မြင့်ရာကုန်း များကို နေရာယူပြီးမှ နောက်ကစစ်ကြောင်းတွေ ရွာထဲ့ကို ၀င်လာလေ့ရှိတယ်။ ရွာထဲ့ရောက်တာနဲ့ လူမပြောနဲ့ အိမ်မွေးတိရိစ္ဆာန်ဖြစ်တဲ့ ကြက်၊ ၀က်၊ မြင်းတို့လည်း ကောင်းကောင်းမနေရတော့ဘူး။ ရဲဘော်များက ကြက်တွေတွေ့ရင် ပစ်စားတယ်။ ရိက္ခာတွေသယ်ဖို့အတွက် မြင်းတွေတွေ့ရင် ဖမ်းထားတယ်။ ၀က်တွေရင်လည်း သတ်စားတယ်။ များသောအားဖြင့် ပအိုဝ်းရွာတွေမှာ ၀က်မမွေးကြဘူး။ လီရှောရွာတွေမှာ မွေးတာများတယ်။ ဗမာစစ်ကြောင်းရောက်လာတိုင်း လဲုင်းကင်က လီရွောရွာဟာ ၀က်တကောင် ဒါမှမဟုတ် နှစ်ကောင် အမြဲဆုံးရှုံးတယ်။ ဗမာစစ်ကြောင်းတောင်းတော့ မပေးလည်းမရဘူး ၀က်ခြံထဲက အရွယ်ရောက် ၀က်တွေကို ရွာသူကြီးက ကောက်ဖမ်းပြီးပေးရတယ်။ နောက်မှ ရွာသူကြီးက ၀က်ပိုင်ရှင်နဲ ပြန်ညှိတယ်။ လီရှောရွာမှ တောင်းတဲ့ဝက် ပိဿချိန်တွေ အချိန်မှီရပြီဆိုရင် အဲဒီရွာ လူတွေက ပေါ်တာလိုက်စရာ မလိုတော့ဘူး။ ဗမာစစ်တပ်တွေက ၀က်သားတွေအလကားရတော့ အဲဒီရွာကို ချမ်းသာခွင့်ပေးလေ့ရှိတယ်။

ရွာပတ်ဝန်းကျင်ရှိ စိုက်ထားတဲ့ ဟင်းသီးဟင်းရွာများကို တွေ့ရင်လည်း စည်းမဲ့ကမ်းမဲ့နဲ့ ၀င်ခူးတတ်တယ်။ ဖရုံသီးထက် ဆူကာသီး ခေါ် ဂေါရခါးသီးကို သူတို့ပိုကြိုက်တယ်။ ဖရုံသီးများများစားရင် စစ်ကြောင်းသွားတဲ့ အခါ ခါးမှာ လေထိုးတတ်တာကြောင့် ဂေါရခါးသီးကိုပဲ ပေါ်တာသမား ချီးပန်းလောက်အောင် ခူးပြီး ယူသွားတတ်ကြတယ်။ တချို့ရဲဘော်များက ရွာကခွေးတွေကို သူတို့နဲ့ခင်အောင် အသားငါးတွေ ကျွေးတယ်။ အဲဒီခွေးကို သူတို့လိုရာကို ခေါ်လို့ရပြီဆိုရင် ရွာစွန်ရွာဖျားမှာ ခေါ်သွားပြီး သတ်စား လေ့ရှိတယ်။

တချို့အကြောက်ကြီးတဲ့ စစ်ကြောင်းဆိုရင် စစ်ရဲ့ ပထ၀ီအနေအထားအရ လုံခြုံစိတ်ချရတဲ့ရွာတွေမှာ စခန်းချပြီဆိုရင် တလနီးပါးလောက်ကြာအောင် အဲဒီရွာမှာ တပ်စွဲထားပြီး အချိန်ကုန်စေတယ်။ အဲလိုမျိုး အခြေအနေ ကြုံတဲ့ရွာတွေက ထိုရွာရှိ အမျိုးသမီးတွေတော့ အလုပ်ရှုပ်ပြီ ရွာကို မပြန်ရဲဘဲ တောမှာ ပုန်းခိုနေတဲ့ သူတို့ယောင်္ကျားအတွက် စားစရာတွေ နေ့စဉ်ပို့ပေးနေရတယ်။ တဘက်မှာလည်း အိမ်ကိုလည်း မပစ်ထားရဲဘူး ပစ္စည်းတွေကို စစ်သားတွေ ခိုးယူမှာကိုလည်း ကြောက်ရတယ်။ တခါတလေလည်း လူငှားပြီးတော့ သူတို့ယောင်္ကျားအတွက် အစားအစာတွေကို ပို့ခိုင်းရတယ်။

စစ်ကြောင်းက ပါလာတဲ့ ပေါ်တာသမားတွေကို တပ်စုအလိုက် ထိန်းထားတယ်။ တချို့က ခုန်ချထွက်ပြေးဖို့ အတွက် ခက်ခဲတဲ့ အိမ်မှာထိန်းထားကြတယ်။ တချို့က ကျွဲး၊ နွားသင်းကုတ်မှာ ထိန်းထားတယ်။ ပေါ်တာသမားတွေကို ထွက်ပြေးချင်တဲ့ အာရုံမရှိအောင် ဖဲဝိုင်းတွေ အချိန်ပြည့်ကစားစေတယ်။ ပအိုဝ်းတွေက များသောအားဖြင့် ဖဲဝိုင်းတွေ့ပြီဆိုရင် ပျော်မှပျော် တချို့က ပေါ်တာထမ်းအလှည့်ရောက်ပြီဆိုရင် ဖဲထုပ်ကိုယ်စီ ယူသွားတတ်ကြတယ်။ ဖဲဆော့မတတ်တဲ့လူတွေက ပေါ်တာမိတော့ ဖဲကစားတတ်လာတယ်။ တချို့လူက တစ်နှစ်သုံးတောင် မတွက်တတ်ဘူး ဖဲတော့ ကောင်းကောင်း ကစားတတ်သွားတယ်။

ရွာမှာ စခန်းချနေချိန် ထွက်ပြေးဖို့ ကြိုးစားနေတဲ့ ပေါ်တာသမားတွေဟာ သူကိုယ်ပေါ်မှာ ပိုက်ဆံ ဒါမှမဟုတ် အဖိုးတန်တဲ့ အင်္ကျီတို့ နာရီတို့ ဆောင်ထားရတယ်။ ထွက်ပြေးချိန်မှာ ကံမကောင်းရင် ကင်းလှည့်နေတဲ့ စစ်သားနဲ့ တွေ့တတ်တယ်။ အဲလိုမျိုးအချိန်ဆိုရင် ကင်းလှည့် ရဲဘော်ကို ပိုက်ဆံ ဒါမှမဟုတ် နာရီတို့ အင်္ကျီတို့ ပေးပြီးမှ ထွက်ပြေးရတယ်။ အဲလိုမျိုးလဒ်ထိုးတာ ကင်းလှည့်တဲ့ ရဲဘော်က လက္မခံရင်တော့ ၀ါးရင်းတုတ်နဲ့ တွေ့ပြီ မှတ်ပေတော့။ တခါတလေ အဲလိုမျိုးထွက်ပြေးဖို့ ကျိုးစားတဲ့ ပေါ်တာသမားတွေကို ပြန်မိပြီဆိုရင် အဲဒီစစ်ကြောင်း နောက်တန်း မပြန်သရွေ့ အဲဒီပေါ်တာသမားက အိမ်ပြန်ရဖို့ဆိုတာ မလွယ်ဘူး။

တချို့စစ်ကြောင်းတွေက သူတို့လက်ထဲ့က ရှိတဲ့ ပေါ်တာသမားတွေကို ထွက်ပြေးလွတ်မြောက်သွားတယ် ဆိုရင် အဲဒီထွက်ပြေးသွားတဲ့ လူရဲ့ရွာက ရွာသူကြီးကို ဒါဏ်ရိုက်တယ်။ ဒါမှမဟုတ်ရင် သူတို့စစ်ကြောင်း လက်ထဲ့မှာ ထွက်ပြေးသွားတဲ့လူတွေနဲ့ တရွာချင်းဖြစ်တဲ့ လူတွေကျန်နေတယ်ဆိုရင် အဲဒီကျန်နေတဲ့ လူတွေက စစ်ကြောင်းနောက်တန်း မပြန်သရွေ့တော့ အိမ်ပြန်ရဖို့အတွက် မအိပ်မက်တော့နဲ့။

တခါတလေ ရွာမှာ နေ့ထူးနေ့မြတ်အချိန်ခါများဟာ ရိုးယာပွဲတွေ ဘုရားပွဲတွေ လုပ်ကြတယ်။ အဲလိုမျိုး ပွဲများကျင်းပနေ့တဲ့အချိန်မှာ ဗမာစစ်ကြောင်းတက်လာတဲ့ သတင်းကြားတာနဲ့ ပွဲလာတဲ့ ပရိတ်သတ်တွေက အထိန့်တလန့်ဖြစ်ကြတယ်။ ယောင်္ကျားဖြစ်သူက လုံခြုံစိတ်ချတဲ့ တောထဲ့ကို ပြေးပုန်းတယ်။ မိန်းမဖြစ်တဲ့ သူက အိမ်က ဖွင့်ထားတဲ့ ပြတင်းပေါက်တွေ၊ သင်းကုတ်မှာ ထိန်းထားတဲ့ မြင်းတွေ နွားတွေကို စိတ်ပူပြီး အိမ်သို့ပြေးပြန် ပြတင်းပေါက်တွေ တံခါးတွေ သေချာပိတ် မြင်းတွေကိုလည်း ကြိုးဖီပေးပြီး ရွာအပြင်ကို မောင်းထုတ်ကြတယ်။ ရပ်ဝေးက ပွဲလာတဲ့ လူတွေကလည်း လမ်းမကြီးအတိုင်း မပြန်ကြတော့ဘူး တောလမ်းနဲ့ဘဲ ပြန်ကြတယ်။ အထူးသဖြင့် အရွယ်ကောင်းတဲ့ ယောင်္ကျားတွေ ဖြစ်တယ်။ အဲလိုမျိုး ပွဲလုပ်တဲ့အချိန်မှာ တောခိုနေတဲ့ ပအိုဝ်းတပ်တွေက ပွဲခင်းထဲ့ လာလေ့ရှိတဲ့အတွက် တိုက်ပွယ်ဖြစ်မှာကို ကြောက်လို့ ရွာသားတွေက အထိန့်တလန့်ဖြစ်ကြရတယ်။

ဗမာစစ်တပ်တွေဟာ ရှေ့တန်းတက်ဖို့ အရေးပေါ်လာပြီဆိုရင် သူတို့လိုအပ်တဲ့ ပေါ်တာသမားဦးရေကို အမြန်ရဖို့အတွက် ခရီးသွားသူတွေ မြို့မိမြို့ဖတွေကို အားမနာတော့ဘူး။ ဟိုပုံးမြို့ပေါ်က ဖွင့်တဲ့ ဗွီဒီယိုရုံ တွေမှာ ၀ိုင်းပြီး ဗွီဒီယိုကြည့်နေတဲ့ အရွယ်ကောင်း ယောင်္ကျားများကို ဆွဲဖမ်းပြီး ပေါ်တာထမ်းခိုင်းတယ်။ တခါတလေ တောင်ကြီး- တာချီလိတ် လမ်းမပေါ်က ပြေးနေတဲ့ ကားများကို ချောဆွဲတယ်။ တခါတလေ ကားပေါ်က စီးနှင်းပါလာသည့် အရွယ်ရောက် ယောင်္ကျားတွေကိုပါ ပေါ်တာထမ်းခိုင်းတယ်။
မှတ်ရန်။   ။ ဗွာသရား ဆိုက်မှ ပြန်လည်ကူးယူ ဖေါ်ပြထားပါသည်။

No comments: