ယမ်းငွေ့လည်းပြေ ဘိန်းပန်းလည်းဝေ (အပိုင်း၂)

ဗွာသရား။ ဧပြီလ (၇) ရက်၊ ၂၀၁၀။ ဗုဒ္ဓဟူးနေ့ 

ပအိုဝ်းဒေသရှိ ရွာတိုင်းလိုလိုမှာ ထူးဆန်းတာ တခုကတော့ လူတွေက ရွာသူကြီးအလုပ်ကို မလုပ်ချင်ကြဘူး။ ဘာကြောင့်လည်းဆိုတော့ ရွာသူကြီးဖြစ်တဲ့ သူဟာ လာသမျှ လက်နက်ကိုင်တပ်တွေ လိုအပ်တဲ့ ပေါ်တာအထမ်းသမားများကို တောင်းလာလို့ရှိရင် အချိန်မီပို့ပေးရတယ်။ တချို့တပ်က တောင်းလာတဲ့ ဆက်ကြေးတွေကို အချိန်မီပို့ပေးနိုင်ဖို့အရေး တစ်အိမ်တက် တစ်အိမ်ဆင်း ငွေလက်ကောက်ပေးရတယ်။


ရွာထဲကို ၀င်လာသမျှ လက်နက်ကိုင်တပ်ဟာ ရောက်လာတာနဲ့ သူတို့တပ် အကြီးအကဲဆီကို ရွာသူကြီးလာတွေ့ဖို့ အမိန့်ပေးလာတယ်။ တချို့ရွာသူကြီးက ပအိုဝ်းစကားလွဲရင် တခြားဘာသာစကားကို မပြောတတ်ဘူး။ တချို့ရှမ်းရွာသူကြီးလည်း ရှမ်းဘာသာစကားက လွဲရင် တခြားဘာသာစကားကို မပြောတတ်ဘူး။ ရွာသူကြီးဟာ ရွာထဲကို လာသမျှ ၀ါဒမတူ ခြားနားကြတဲ့ ပအိုဝ်းတပ်တွေ၊ ရှမ်းတပ်တွေ၊ ဗမာတပ်တွေကို ဆက်ဆံရတယ်ဆိုတော့ ဘာသာစကားအခက်အခဲရှိသလို အသက်အန္တရယ်လည်း အရမ်းများပါတယ်။

တနေရာရာမှာ တိုက်ပွဲဖြစ်ပြီဆိုရင် အဲဒီနေရာ တ၀ှိုက်ဝန်းကျင်ရှိ ရွာရဲ့ ရွာသူကြီးတွေဟာ နာပြီသာမှတ်ပေတော့။ ဗမာစစ်တပ်က လက်ဦးပြီး အရင်ပစ်ရရင်တော့ တောခိုနေတဲ့တပ်က နောက်နေ့တွေဆိုရင် ရွာသူကြီးက ဗမာစစ်ကြောင်းတက်လာတာ သူတို့ကို သတင်းမပို့ပေးဘူးဆိုပြီး မချေမငံစကားနဲ့ အပြစ်လာပြောတာဘဲရှိတယ်။ တောခိုတဲ့တပ်က လက်ဦးရင်တော့ ဗမာစစ်တပ်ခံရပြီဆိုရင် အဲဒီအနီးတ၀က်မှာ ရှိတဲ့ရွာရဲ့ ရွာသူကြီးတွေဟာ ကံမကောင်းရင် ၀ါးရင်းတုတ် ဒါမှမဟုတ် ကျည်ဖူးနဲ့ အသက်ပျောက်နိုင်တယ်။

အများအားဖြင့် တိုက်ပွဲဖြစ်တဲ့အချိန်မှာဆိုရင် ပေါ်တာအထမ်းသမားတွေ ထွက်ပြေးဖို့ အခွင့်အလမ်းအရမ်းများတယ်။ ဒီလိုအချိန်ဆိုရင် တချို့ပေါ်တာသမားတွေက နောက်ကို ပြန်ပြေးကြတယ် တချို့က တဘက်ကတပ်ဖွဲ့ဆီကို ပြေးသွားတယ်။ တချို့က ဗမာရဲဘော်ရဲ့ ကာဗာအဖြစ် ဆွဲထားတာကို ခံရတယ်။ ဗမာစစ်တပ်တွေဟာ တိုက်ပွဲပြီးတာနဲ့ ပေါ်တာအထမ်းသမားတွေ ထွက်ပြေးလွတ်မြောက်သွားတဲ့ ဦးရေတအားများရင် အဲဒီအနီးတ၀ှိုက်က ရွာတွေကို သတ်မှတ်ထားတဲ့ အချိန်တိုအတွင်း ပေါ်တာသမား သူတို့ဆီ ပို့လာပေးဖို့ ရွာသူကြီးဆီကို အမိန့်နဲ့ တောင်းလာတယ်။ ကျေးရွာက မိသားစုတွေဟာ တောင်သူလယ်သမားတွေ ဖြစ်ကြတယ်ဆိုတော့ ရွာသူကြီးဟာ အချိန်တိုအတွင်း ပေါ်တာအထမ်းသမားကို ခေါ်စုပေးနိုင်ဖို့ မလွယ်ဘူး။ လူတွေဟာ သေနတ်သံကြားတာနဲ့ အဝေးကို ထွက်ပြေး ပုန်းရှောင်ကြတယ်ဆိုတော့ တောမှာ လိုက်ရှာခေါ်ဖို့မလွယ်ဘူး။ တခါတလေ အဲလို အခြေအနေမျိုးနဲ့ကြုံပြီဆိုရင် ရွာသူကြီးကိုယ်နှိုက်ကလည်း ထွက်ပြေး ပုန်းရှောင်တော့ ဗမာစစ်တပ်က ရွာမှာတွေ့သမျှ မိန်းကလေး အဖိုးကြီး အဖွားကြီး အရွယ်တွေ ကျားမတွေ နားမလည်တော့ဘူး အကုန်ဖမ်းသွားပြီးတော့ ရွာသူကြီးကို အရွယ်ရောက်တဲ့ ယောကျာ်းတွေနဲ့ ပြန်လိုက်ရွေးဖို့ အကြောင်းကြားထားလိုက်တယ်။ တခါတလေ တောခိုတဲ့ တပ်ဖွဲ့ကို ထောက်ပံ့ပေးနေတယ်ဆိုပြီး ရွာမှာ တွေ့သမျှယောကျာ်းတွေကို လိုက်ဖမ်းပြီးတော့ လူမြင်ကွင်းမှာ ၀ါးရင်းတုတ်နဲ့ ရိုက်၊ စစ်ဖိနှပ်နဲ့ကန် အဲလိုမျိုးလုပ်လေ့ရှိတယ်။ ဒီလိုမျိုးဖြစ်ရပ်ဟာ မူလတန်းကျောင်းသားဘ၀တုန်းက မကြာခဏမြင်ခဲ့ရတယ်။ တချို့အရိုက်ခံရတဲ့သူဟာ တပတ်နှစ်ပတ်အတွင်း အိပ်ယာထဲမှာ မထနိုင်တော့ဘူး။ ဒီလိုမျိုးနှိပ်စက်ရိုက်နက်တာဟာ အမြဲတမ်းလိုလို မကြာခဏခံရ မြင်တွေ့နေရတယ်ဆိုတော့ ရွာသားတွေအတွက် အထူးအဆန်းကြီး မဟုတ်တော့ဘူး တကယ့် ဖြစ်ရိုးဖြစ်စဉ် တခုလိုမျိုး ဖြစ်သွားသလို ခံစားခဲ့ကြရတယ်။ ဒါကြောင့် ပအိုဝ်းဒေသက ရွာတိုင်းလိုလိုဟာ ရွာသူကြီးအလုပ်ကို မလုပ်ချင်ကြဘူး။ ဗမာစစ်တပ်ကို မရင်ဆိုင်ချင်ကြဘူး မရင်ဆိုင်ရဲကြဘူး။

များသောအားဖြင့် ပအိုဝ်းရွာတွေမှာ တလတကြိမ် ဒါမှမဟုတ် သုံးလတကြိမ်နဲ့ လေးအိမ်တအုပ်စုဖြင့် ရွာသူကြီးအလုပ်ကို အလည့်ကျ လုပ်ကြတာများတယ်။ အိမ်ဦးစည်းဖြစ်တဲ့သူဟာ စာတတ်သည်ဖြစ်စေ မတတ်သည်ဖြစ်စေ ရွာမှာနေရင်တော့ ရွာသူကြီးအလုပ်ကို ၀င်လုပ်ကြရတယ်။ ရပ်ရွာအရေးပေါ်လာပြီဆိုရင် ငွေလိုအပ်ပါက အလှည့်ကျရွာသူကြီးဟာ ငွေလိုက်ကောက်ပေးရတယ်။ ကောက်ရတဲ့ငွေကို ရပ်ရွာအရေး ဘယ်လောက်အသုံးပြုသွားတယ်ဆိုတာ စာရင်းမရှင်းကြဘူး။ နောက်ထပ် ပြန်အလှည့်ကျတဲ့ လူလဲ ရွာအရေးလိုအပ်တယ်ဆိုပြီးငွေ ထပ်ကောက်ပြန်တယ်။ ကောက်ရတဲ့ငွေကို ဘာအတွက် အသုံးပြုတယ် ဘယ်လောက်အသုံးပြုသွားတယ်ဆိုတာ စစ်လို့မရဘူး။ စစ်တဲ့လူဟာ ရွာသူကြီးအလုပ်ကို သူတို့ဝင်လုပ်ခိုင်းလိမ့်မယ်။ လက်နက်ကိုင်တပ်တွေ ရှုပ်ထွေးနေတဲ့အချိန်နဲ့ တိုးရင်တော့ အဲဒီအချိန်မှာ ရွာသူကြီးအလည့်ကျတဲ့လူက ကံဆိုးတဲ့အချိန်ဖြစ်တယ်။ ၀ါးရင်းတုတ် မဟုတ်ရင် သေနတ်ပြောင်းနဲ့ မိတ်ဆက်ပေးတာကို ခံရလိမ့်မယ်။

ပအိုဝ်းရွာတိုင်းလိုလိုဟာ နေ့စဉ်အလည့်ကျတဲ့ ရွာစောင့်အဖွဲ့ရှိတယ်။ လေးအိမ်တဖွဲ့ မဟုတ်ရင် နှစ်အိမ်တဖွဲ့ ရွာရဲ့ အိမ်ခြေအနည်းအများပေါ်မှာ မူတည်ပြီး ဖွဲ့ကြတယ်။ ရွာစောင့်အလည့်ကျတဲ့ သူတွေဟာ နေ့ခင်း ရွာသားတွေ တောင်ယာလုပ်ငန်း ၀င်ကုန်ကြပြီဆိုရင် ရွာရဲ့ လူအ၀င်အထွက်ကို လိုက်ကြည့်ရတယ်။ နေအိမ်တွေ လူမရှိဘဲ မီးခိုးထွက်နေရင် အဲဒီအိမ်ကို ရတဲ့နည်းနဲ့ တက်စစ်ရတယ်။ ဗမာစစ်ကြောင်း မဟုတ် အခြားလက်နက်ကိုင်တပ်ဖွဲ့ရွာကို ၀င်လာတယ်ဆိုရင် အခြားရွာတွေကို သတင်းသွားပို့ အကြောင်းကြားပေးရတယ်။ စစ်တပ်တွေ စာပို့ခိုင်းရင်လည်း ပို့ပေးရတယ်။ ပအိုဝ်းစစ်တပ်ဟာ သူတို့ပို့တဲ့ အရေးပေါ်စာဟာ သူတို့သတ်မှတ်တဲ့ အချိန်မရောက်ဘူးဆိုရင် တရွာပြီးတရွာ သူတို့ပြန်လိုက်စစ်တယ်။ တခါတလေ သူတို့ ပို့တဲ့စာက အခြားရွာတရွာမှာ ညနက်အချိန်ရောက်နေတယ် အဲဒီရွာစောင့်အဖွဲ့လည်း ယောကျာ်းမရှိဘူး မိန်းကလေးဘဲရှိတယ် ဒါမဟုတ်ရင် သက်ကြီးရွယ်အိုတွေဘဲရှိတယ် ဆိုရင်တော့ မနက်စောစော အာရုံတက်ခါစရောက်မှ သွားပို့ပေးလေ့ရှိတယ်။

ကိုယ့်လက်ထက်ရောက်လာတဲ့ စာဟာ ကိုယ့်မှာ လေး၊ ငါး နာရီလောက် ကြာအောင်ထားပြီးမှ သွားပို့တယ်ဆိုရင်တော့ ဒဏ်ငွေနဲ့တိုးပြီ။ တချို့စစ်ဗိုလ်က တောင်းပြန်လို့ရတယ်။ တချို့စစ်ဗိုလ်က လုံးဝကို တောင်းပြန်လို့မရဘူး ညအချိန်ကြောင့် အခက်အခဲရှိတယ် သက်ကြီးသူတွေ၊ အမျိုးသမီးတွေ အခက်အခဲရှိတယ်ဆိုတာလည်း နားမလည်ဘူး ဒဏ်ငွေများစွာနဲ့ ရိုက်တတ်တယ်။ ဒဏ်ငွေရိုက်ခံရလို့ အိမ်၊ ခြံ၊ လယ်တွေ ရောင်းပြီး ဒဏ်ငွေပေးဆောင်ရတယ် ဆိုတာ မကြာမကြာ ကြားနေရတယ်။ အဲလိုမျိုးစာတွေသွားပို့နေစဉ် လမ်းပေါ်မှာ ဗမာစစ်တပ်နဲ့တိုးရင်တော့ နာပြီမှတ်ပေတော့။ လွင့်ပစ်ရင်လည်း ဒဏ်ငွေဆောင်ရန်အတွက် ငွေမရှိရင် ရောင်းစရာလေး အိမ်လား ခြံလား လယ်လား ရှိရင် ဈေးနှုန်းနဲ့ ၀ယ်ယူမည့်သူ ဘယ်သူလည်းဆိုတာ ကြုံစဉ်းစားပေတော့။

ပအိုဝ်းဒေသမှာ ဘယ်ခေတ်ဘယ်အခါ ကစပြီး ဗမာစစ်ကြောင်းအတွက် ပေါ်တာထမ်းပေးရတာလဲဆိုတာကို အသက်(၈၀)၀န်းကျင်ရှိ အဖိုးကြီးတွေကို မေးကြည့်တော့ လွတ်လပ်ရေးရပြီး တနှစ်အကြာမှာ စပြီး လုပ်ခဲ့ရတယ်။ ဒါပေမယ့် အဲဒီခေတ်တုန်းကဆိုရင် ပေါ်တာတနေ့သွားရင် ငွေ သုံးကျပ်ပေးတယ်လို့ အဲဒီခေတ်က ပေါ်တာထမ်းဖူးတဲ့ အဘိုးကြီးတွေက ပြန်ပြောပြတယ်။ ဗိုလ်ချုပ်ကြီးနေ၀င်းခေတ်နောက်ပိုင်းမှာ ပေါ်တာထမ်းခ မပေးတဲ့အပြင် ရွာသားတွေကို ရိုက်တယ် ရွာတွေကို မီးရှို့တယ်လို့ ဘိုးဘွားတွေက ပြန်ပြောပြလို့ သိရတယ်။

ဗိုလ်ချုပ်ကြီးနေ၀င်း အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ဗိုလ်ချုပ်စံသိန်းက ယခင်က (၁၉၅၈) လက်နက်ချ ခဲ့တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ဝင်ဟောင်းတွေကို စုစည်းပြီးတော့ နေ၀င်းအစိုးရကို ပြန်တော်လှန်ခဲ့တယ်။ အဲဒီအချိန်မှာဆိုရင် ဘိန်းစွဲနေတဲ့ ရွာသားမှန်သမျှကို ဗိုလ်ချုပ်စံသိန်းက ဖမ်းပြီးတော့ ရှေးတန်းကိုပို့ပြီး စစ်တိုက်ခိုင်းတယ်။ ဘိန်းအလွန်အကျွှံစွဲနေတဲ့လူတွေဆိုရင် အသက်ချမ်းသာမပေးဘူး အကုန်လုံးဖမ်းပြီး သေဒဏ်ပေးလိုက်တယ်။ အဲဒီခေတ်ကဆိုရင် ပအိုဝ်းဒေသမှာ ဘိန်းစားသမားတွေ သိပ်ကိုများတယ်။ ဘိုးဘွားတွေရဲ့ ပြောပြချက်အရဆိုရင် အရင်ခေတ်တုန်းက ဟိုပုန်းမြို့မှာတင် ဘိန်းကို တရားဝင်ရှုခွင့် စားသုံးခွင့်ရတဲ့ လိုင်စင်တွေ ထုတ်ပေးတယ်။ အဲဒီလိုင်စင်ကို ကိုင်ဆောင်တဲ့သူဟာ ဘယ်သူမဆို ဘိန်းကို လွတ်လွတ် လပ်လပ် ရှုနိုင်တယ်။ အကျင့်စရိတ္တပျက် ဘိန်းစားသူဦးရေက များလာတာကြောင့် ဘုန်းကြီးတွေက ဒုစရိုက်ပပျောက်ရေးအဖွဲ့ကို ဖွဲ့စည်းပြီးတော့ ဒုစရိုက်ပပျောက်ရေး လှုပ်ရှားမှုကို လုပ်လာခဲ့ကြတယ်။ ဗိုလ်ချုပ်စံသိန်းဟာ တွေသမျှ သူခိုး၊ ဓါးပြ၊ ဘိန်းစားတွေကို အကုန်လုံး သေဒဏ်ပေးခဲ့တာကြောင့် ဘိန်းစားသူ မရှိသလောက် ပပျောက်သွားတယ်။ ဘိန်းမကဘူး အရက်တွေတောင် ပအိုဝ်းရွာတွေမှာ ရောင်းခွင့်မပေးဘူး။ မဲနယ်တောင်က ထီဗွာ၊ လိုင်ကန် ဆိုတဲ့ လီဆောရွာဆိုရင် အရက်ချက်တဲ့အလုပ်ဟာ သူတို့ရဲ့အဓိက အသက်မွေးဝမ်းကြောင်း လုပ်ငန်းဖြစ်တယ်။ ပအိုဝ်းရွာတွေကို ခိုးကြောင်ခိုးဝှက်နဲ့ ရွာထဲက အရက်ခိုးရောင်းတဲ့ လူတဦးဦးစီ ပို့ရတယ်။ ပအိုဝ်းစစ်တပ်နဲ့တိုးရင် အရက်ဗူးတွေအားလုံး ဓါးမြှောင်နဲ့ ထိုးဖေါက်ခံရတယ်။ လူကိုတော့ ဘာမှ မလုပ်ဘူး ပြန်လွတ်တယ် ဒါဏ်ငွေလည်းမရိုက်ဘူး။ လီးဆောရွာမှာ ရှိတဲ့အရက်ဖိုကိုလည်း ပအိုဝ်းစစ်တပ်တွေ ၀င်ရောက်မဖျက်စီးဘူး ဒါပေမယ့် ပအိုဝ်းရွာတွေမှာ အရက်သွားရောင်းခွင့် မပေးဘူး။

ဗိုလ်ချုပ်စံသိန်းက ဒုစရိုက်လုပ်ငန်းငြိစွန်းသူမှန်သမျှကို သေဒါဏ်ပေးတဲ့ ပေါ်လစီနဲ့ ရဟန်းသံဃာရဲ့ ဒုစရိုက်ပပျောက်ရေး လှုပ်ရှားမှုရဲ့အကျိုးဆက်ကြောင့် အဲဒီနောက်ပိုင်း ပအိုဝ်းရွာတွေမှာ မူးယစ်ဆေးဝါးတွေ၊ လောင်းကစားပွဲတွေ မရှိသလောက် ပပျောက်သွားခဲ့တယ်။ ရွာသားတွေဟာ မူးယစ်ဆေးဝါးပြဿနာ လောင်းကစား ပြဿနာတွေ ကင်းရှင်းသွားပြီဆိုပေမယ့် ပေါ်တာပြဿနာနဲ့ မိမိရင်သွေးငယ်တွေအတွက် ပညာတတ်မြောက်ရေးပြဿနာက ဆက်ပြီးရင်ဆိုင်နေရတယ်။ တိုက်ပွဲတွေ မကြာခဏဆက်ဖြစ်နေသေးတာကြောင့် အိမ်အောက်က ကတုတ်ကျင်းမှာ ဖွှက်ထားတဲ့ ရိက္ခာခြောက်တွေ ကြွက်မစားအောင် ပုတ်မသိုးသွားအောင် အမြဲတမ်း ၀င်စစ်ပေးနေရတယ်။

၁၉၉၁ ခုနှစ်ရောက်တော့ PNO က စစ်အစိုးရနဲ့ ငြိမ်းချမ်းရေး သဘောတူလိုက်တော့ သူတို့ထိန်းချုပ်ထားတဲ့ ပအိုဝ်းဒေသမှာ သေနတ်သံတွေမကြားရတော့ဘူး။ ပေါ်တာလည်း မထမ်းရတော့ဘူး။ ယောက်ျားတွေလည်း တောထဲမှာ မပုန်းရှောင်ရတော့ဘူး။ ယမ်းငွေ့ပြေသွားပြီဆိုတော့ တောင်ယာလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းတွေကို အချိန်ပြည့် လွတ်လွတ်လပ်လပ် လုပ်နိုင်ကြပြီ၊ ကိုယ့်သားသမီးတွေကိုလည်း ပညာကောင်းကောင်းသင်ခွင့် ရပြီဆိုပြီး အိပ်မက်ခဲ့ကြတယ်။

ရွာသားတွေ အိပ်မက်သလိုတော ရာနှုန်းပြည့်  ဖြစ်မလာခဲ့ဘူး။ ဖွံ့ဖြိုးတိုးတက်ရေး အကြောင်းပြချက်နဲ့ စာသင်ကျောင်း၊ ဆေးပေးခန်း အဆောက်အဦး တွေရှိရင် အစိုးရက ၀န်ထမ်းပို့လာပေးမယ် ဆိုပြီးတအိမ်တက်တအိမ်ဆင်း ငွေလိုက်ကောက်ပြီး ဆေးခန်း၊ စာသင်ကျောင်းတွေ ဆောက်ကြတယ်။ မြို့နဲ့ အချိန်တိုအတွင်း နေ့ချင်းပေါက်သွားလာ နိုင်အောင်ဆိုပြီး လမ်းဖောက်ဖို့အရေး ရွာသားဆီငွေကောက်ပြန်တယ်။ သာရေးနာရေးကတဘက် နှစ်စဉ်ထဲ့ပေးရတယ်။ PNO တောခိုချိန်က ခြောက်လတကြိမ်သာ ဆက်ကြေးပေးရပေမယ့် အစိုးရနဲ့ ငြိမ်းချမ်းရေးသဘောတူပြီးတဲ့နောက်ပိုင်းမှာ တပတ်ကို ခြောက်ကြိမ် ငွေအကောက်ခံရသလို ခံစားခဲ့ကြရတယ်။ တချို့မိသားစုက ဖွံ့ဖြိုးရေးအတွက် ကောက်တဲ့ငွေကို မထဲ့နိုင်လို့ မိမိတို့ရဲ့ အိမ်ခေါင်မိုး ဒါမှမဟုတ် ထရံတွေကို အနည်းအကျဉ်း ဖျက်စီးပြီးတော့ မြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်တွေကို ပြောင်းရွေ့ပြီး အခွန်ရှောင်ကြတယ်။ အဲလိုမျိုး အိမ်ကို အနည်းအကျဉ်းဖျက်စီးပြီး ရွာကနေထွက်သွားရင် ရွာသူကြီးက ဘာအရေးဘဲဖြင့်ဖြင့် ငွေမကောက်တော့ဘူး။ အိမ်ကို အနည်းအကျဉ်းမဖျက်ထားဘဲ ရွာကို ထွက်သွားရင်တော့ ရွာက ဟိုအရေး ဒီအရေး လာကောက်ရင် အဲဒီအိမ်ရဲ့ အိမ်ရှင်ဟာ ရောက်တဲ့နေရာကနေ ပြန်လာပြီး အခွန်အကောက် လာထဲ့ပေးရတယ်။ မပြန်လာနိုင်ရင်တော့ နီးစပ်ရာဆွေမျိုးတွေက အရင်စိုက်ထဲ့ပေးရတယ်။

လူတွေက များသောအားဖြင့် မြေကြီးကို အားထားပြီး စိုက်ပျိုးရေးလုပ်ငန်းကို အဓိက အသက်မွေးဝမ်းကြောင်းပြုကြတယ်။ PNO ငြိမ်းချမ်းရေးသဘောတူပြီးနောက်ပိုင်းမှာ တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်၊ လွယ်လွိုင်မြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ်၊ အောင်ဗန်းမြို့နယ်၊ ညောင်ရွှေမြို့နယ် စတဲ့ မြို့နယ်တွေမှာ ဖွံ့ဖြိုးရေးအကြောင်းပြချက်နဲ့ ရွာသားများ ပိုင်ဆိုင်တဲ့ မြေယာတွေကို စစ်အစိုးရက မတရား အဓမ္မသိမ်းယူခဲ့ကြတယ်။

Pa-Oh People Info မှ ပြန်လည်ကူးယူ ဖေါ်ပြထားပါသည်။

No comments: