ဒဲဉ်သီးဗွေကွင်းအစည်းဝေးမှ ပအိုဝ်းတစ်မျိုးသားရေးဆီသို့

အမြင်ဆောင်းပါး | ခွန်သွီးပအိုဝ်းခမ်းကောင်
သြဂုတ်လ ၃ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

သမိုင်းစဉ်လာအရ စည်းလုံးမှုအားကောင်းနေသော ပအိုဝ်းအမျိုးသားများသည် နိုင်ငံရေးပြောင်းလဲမှု ဖြစ်ပေါ်လာသည်နှင့်အမျှ စည်းလုံးမှုပျက်ပြာလာပြီး အဖွဲ့အစည်းများလည်း ထင်မြင်ယူဆခြင်း ကွဲပြားလာသည်ကို တွေ့ရသည်။ စုစည်းရန် ပေါင်းစည်းရန် စသည့်များကို ဘယ်နည်းဘယ်ပုံ ပြန်လည်ပေါင်းစည်းနိုင်ဖို့ အဖြေရှာရန် အလွန်ခက်ခဲနေသည်ဟု ထင်မိသည်။

ပအိုဝ်းလူငယ်များနှင့် ပအိုဝ်းပြည်သူလူထုများသည် အဆင်သင့် စည်းလုံးမှုရှိသည့် အခြေအနေပေါ်ရောက်ရှိနေသည်။ သို့သော် ခေါင်းဆောင်မှုပိုင်းတွင် ကွဲလွဲမှုများပြားပြီး အချင်းချင်း အာဏာလွန်စွဲမှုများ ဖြစ်နေသည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဖြားဗွာလှဖေ၏ စကားကို ပြန်လည်သတိရမိပါသည်။ ဦးဝိနယ (ခေါ်) ဖြားခွန်ရဲမောင်က ရန်ကုန်မြို့ တောင်ကြီးကျောင်းတိုက်တွင် ဖြားဗွာဦးလှဖေကို ခေါ်ထုတ်ရန် ဆွေးနွေးချိန်တွင် ပြောသောစကား ဖြစ်သည်။ ”မင်းတို့လူတွေ စည်းလုံးမှုရှိရဲ့လား စည်းလုံးမှုမရှိရင် ငါပြန်မလိုက်ဘူး” ဆိုသော စကားပင်ဖြစ်သည်။ အဘယ် ကြောင့်ဆိုသော် စည်းလုံးမှုမရှိလျှင် ဘယ်တိုက်ပွဲမဆို အောင်မြင်မှု မရနိုင်ပေ။ ယခုတွင် စည်းလုံးမှုစကားသည် အဘယ်ပုဂ္ဂိုလ်များက စည်းလုံးမှု ပျက်ပြားပြီး ပေါင်းစည်းရန် လိုအပ်နေသနည်း။

ယခုတွင် ပအိုဝ်းတစ်မျိုးသားလုံးခေါင်းဆောင်သည် အဘယ်သူနည်း၊ ယခုပြဿနာဖြစ်ရသည့်ကိစ္စတွင် အဘယ်ကြောင့်နည်း။ အဖြေရှာရန် လိုအပ်နေပြီဖြစ်သည်။ ထိုသို့အခြေနေရောက်ရှိချိန်တွင် နိုင်ငံရေးပါတီ ဖြစ်သော (ပအမဖ) လျက်ရှိ ပီအဲန်အို ပါတီနှင့် အပြိုင် ပေါ်ပေါက်လာပြီဖြစ်သည်။ ထို့ကြောင့် အရေးကြီးသော ခေါင်းဆောင်တစ်ချို့သည် ၎င်းကိုစားပွဲဝိုင်းတွင် ထိုင်ပြီးဆွေးနွေးရန် လိုအပ်နေပြီဖြစ်သည်ဟု ယူဆပြီး ဒဲဉ်သီးဗွေကွင်းတွင် ဆွေးနွေးရန် သဘောတူကြသည်။

ထိပ်ပိုင်း အဖွဲ့ခေါင်းဆောင်များဖြစ်သော ပုဂ္ဂိုလ်တစ်ချို့ စုစည်းမှုကြောင့် နိုင်ငံရေးဆွေးနွေးပွဲဖြစ်ပေါ် လာခဲ့ရသည်။ ဆွေးနွေးမှု အပြင်းအထန် ဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။ သမိုင်းတွင် မည့်ဆွေးနွေးပွဲများလည်း ဖြစ်သည်။ အဖွဲ့စည်းကို ကိုယ်စားမပြုဘဲ မျိုးချစ်စိတ်ကို ကိုယ်စားပြုခဲ့သည်ဟု သိရသည်။

ရည်ရွယ်ချက်သည် ပအိုဝ်းတစ်မျိုးသားလုံး ပေါင်းစည်းနိုင်ရေး၊ ပအိုဝ်းတစ်မျိုးသားလုံး ညီလာခံဖြစ်ပေါ်လာရေး စသည်ဖြင့် ခေါင်းဆောင်ပိုင်း လူနည်းစုမှ တဆင့်ပြီးတဆင့် တက်သွားရန်ဖြစ်သည်။ ပထမပတ် ဆွေးနွေးမှုသည် ပီအဲန်အိုခေါင်းဆောင် ပါဝင်မှု နည်းသောကြောင့် တစ်ဦးချင်း ဆွေးနွေးမှု၏ ရလဒ်သည် အားရစရာ နည်းပါးကြောင်း သိရသည်။ ဒုတိယပတ် ဆွေနွေးပွဲတွင် ပြင်းထန်မှု ပိုမိုရှိလာခဲ့သည်ဟု သိရသည်။

ပီအဲန်အိုဒုဥက္ကဌ စာပေနှင့်ယဉ်ကျေးမှု ဥက္ကဌ ၏ဆွေးနွေးမှုသည် အနာဂတ်သွားရမည့် ခရီးသည် ပအိုဝ်းအမျိုးသားနှင့်ဆိုင်သော ဘယ်ပါတီ၊ ဘယ်NGO၊ ဘယ်အဖွဲ့အစည်းမဆို ပအိုဝ်းအမျိုးသားရေးကိစ္စ၊ ပအိုဝ်းအကျိုးစီးပွားကိစ္စကို ကွဲအောင်၊ ပျက်ဆီးအောင်လုပ်မည့်သူ ပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းသည် ထိုပုဂ္ဂိုလ်ကို ပအိုဝ်းစာယဉ်အနေဖြင့် ပအိုဝ်းတစ်မျိုးသား လုံးရန်သူဟု သတ်မှတ်လိုက်မည်။ အဲလိုမသတ်မှတ်လိုက်လျှင် သူ့ဆန္ဒ သူ့ဝါဒ ငါ့ဆန္ဒငါ့ဝါဒ သူလမ်းသူသွား ငါ့လမ်းငါသွားဟု ခံယူမည်ဆိုလျှင် ပအိုဝ်းအကျိုးတရား ရှိမည့် နည်းမှန်လမ်းမှန် မဟုတ်ချေ။

ထို့ကြောင့် ပြည်ထောင်စုနိုင်ငံတော် ဦးတည်ချက်သည်လည်း တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးကို ဦးစားပေးလုပ်ဆောင်နေပါသည်။ တစ်ခြားတိုင်းရင်းသားပါတီလည်း ပါတီတစ်ခုအားရှိအောင် ရှိနေသောနှစ်ပါတီကို တစ်ပါတီဖြစ်အောင် ကျိုးစားနေကြသည်။ ပအိုဝ်းလူမျိုးသည် တစ်ပါတီရှိသည်ကို နှစ်ပါတီဖြစ်အောင်လုပ်ပြီး ဒီမိုကရေစီလမ်းကြောင်းကို ပြောင်းပြန်ဖြစ်နေပြီ။ ဒါကြောင့် ခေါင်းဆောင်များ ဆွေးနွေးမှု လိုအပ်နေပြီဖြစ်သည်။ အတ္တကိုရှေ့တန်းမတင်ဘဲ ပအိုဝ်းအမျိုးသားရေးကို ဦးစားပေးသင့်သည်။ ယခုတွင် နိုင်ငံရေးအခြေအနေအရ မီဒီယာအသိုင်းဝိုင်းများနှင့် နိုင်ငံရေးသမားများသည် ပအိုဝ်းအရေးကို စောင့်ကြည့်နေပြီဖြစ်သည်။ ၎င်းကို တစ်ခြမ်းမှ နှစ်ခြမ်းဖြစ်သော ပအိုဝ်းလူမျိုးသည် သူများလက်ခုတ်တီးနေလိမ့်မည်။ မျိုးချစ်စိတ် တကယ်ရှိရန်လို အပ်သည်ဟု ဦးဆောင်ဆွေးနွေးခဲ့သည်။

၎င်းဆွေးနွေးပွဲတွင် ဆုံးဖြတ်ချက်တစ်ခုရရှိနိုင်ရန် ဆွေးနွေးပွဲဆက်လက်ဖြစ်ပ်ါနိုင်မှုကို အငြင်းအခုံဖြစ်ခဲ့ပါသည်။ ဘာများအငြင်းခုံဖြစ်နေခဲ့သလဲဟု မေးသော် ဆက်လက်ဆွေးနွေးမည့်ခေါင်းစဉ်ကို ရွေးချယ်သည့် ကိစ္စဖြစ်သည်။ ထိုအချိန်တွင် နေရာမှထပြန်သွားတော့မည့်အနေအထား၊ ဆွေးနွေးပွဲပျက်သွားမည့်အနေအထား ရောက်ရှိခဲ့သည်ကို သိရသည်။ အဘယ်ကြောင့်ဆိုသော် မိမိကိုယ်ကိုယ် ခေါင်းဆောင်အနေဖြင့် လုပ်နေသော ပုဂ္ဂိုလ်များသည် အငြင်းအခုံ၏ အလေ့အကျင့်ကို မရှိခဲ့ပေ။ တစ်ချို့တွင် ကိုယ့်ကိုယ်ကိုယ် မျိုးချစ်စိတ်အပြည့် ရှိသည်ဟု ခံယူပြီး လက်နက်ကိုင် (သူပုန်) အမည်ဖြင့် တော်လှန်ရေးပြုလုပ်လာခဲ့ရခြင်းမှတဆင့် တာဝန်ထမ်းဆောင်လာရခြင်း ဖြစ်သည်။

ထိုသို့ဖြတ်သန်းလာရသည့်အတွက် ခေတ်စနစ်ပြောင်းလဲလာသည်ကို လက်ခံနိုင်ရန် အလွန်ခက်ခဲနေပါသည်။ မည်သို့ပင်ဆိုစေ ၎င်းဆွေးနွေးပွဲသည် အရှိန်မြင့်မားနေပြီဖြစ်သော်လည်း ယခုထိ ဘာဆုံးဖြတ်ချက်မှလည်း ပေါ်ပေါက်ခဲ့ခြင်း မရှိခဲ့ပေ။ (ပအမဖ) ပါတီမှတ်ပုံတင်အမှတ်လည်း ကျရောက်လာခဲ့ရပါပြီ။ ခေါင်းဆောင်များ ညှိနိုင်းမှု ရလဒ်ကို စောင့်မျှော်နေသော ပအိုဝ်းပြည်သူများလည်း ရှိနေပေလိမ့်မည်။ တိုင်းတစ်ပါးသို့ ရောက်ရှိနေသော ပအိုဝ်းမျိုးချစ်များလည်း ထိုအပြောင်းအလဲကို စိတ်ဝင်စားကြလိမ့်မည်ဖြစ်သည်ဟု ထင်မိပါသည်။

ထိုဆွေးနွေးပွဲတွင် ခေါင်းဆောင်တစ်ဦးသည် ရပ်ရွာသို့ဆင်းပြီး သင်တန်းပေးသော ပအိုဝ်းလူငယ်များအား ဒီမိုကရေစီတစ်ခုတည်းကို မပေးပါနှင့် ပအိုဝ်းနှင့်ဆိုင်သော သမိုင်းကိုလည်း သင်ကြားစေချင်သည်၊ စာအုပ်မရှိ သမိုင်းမသိလျှင် ပီအဲန်အိုရုံးသို့ လာရောက်ယူပါရန် ပြေားကြားခဲ့ပါသည်။ ဒီိမိုကရေစီအကြောင်း တစ်မျိုးတည်းကို သင်ကြားပေလျှင် ပြည်သူလူထုသည် One way ဖြစ်သွားမည်ဟု စိုးရိမ်ပြီး ထည့်သွင်းဆွေးနွေးသည်ကိုလည်း သိရသည်။

နောက်တစ်ချက် ပအိုဝ်းနှင့်ပတ်သက်သော အကြောင်းကို ခေါင်းဆောင်နှင့်အရင်ဆွေးနွေးပေးပါ။ ဖြေရှင်းပေးမည်။ အင်တာနက်ပေါ်သို့ မတင်ပါနှင့် မီဒီယာနှင့်မဖေါ်ပါနှင့်ဟုလည်း ပြင်းပြင်းထန်ထန်ပြောကြား ဆွေးနွေးနေသည်ကိုလည်း သိရသည်။ ၎င်းသည် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရာကြသည်ဟု ယူဆကြသည်။

သို့ပေမဲ့ ထိုဆွေးနွေးပွဲးအရှိန်ကို ယခုထိအောင်မြင်မှု ဘာရှိသလဲဟု ပြန်လည်သုံးသပ်လျှင် ပအိုဝ်းဒေသတွင် ဖြစ်ပေါ်နေသောပြဿနာသည် လျော့ကျခြင်းမရှိသည့်အပြင် ပိုမိုပြင်းထန်မှုရှိလာသည်ကို ပအိုဝ်းပြည်သူများ အသိပင်ဖြစ်သည်။ ပြီးခဲ့သည့်အပတ်တွင်လည်း ဆီဆိုင်မြို့တွင် ဖြစ်ပေါ်ခဲ့သောပြဿနာသည် ပြည်သူများ နှစ်နာမှုကို ဖြေလျော့ပေးသော စီမံဆုံးဖြတ်ချက်မပေးနိုင်ခဲ့ပေ။ ပိုမိုပြီး ခံရသည်သာတွေ့နေရသည်။ ထိုသို့ဖြစ် ပေါ်သောအခြေနေသည် ခေါင်းဆောင်များအပေါ်တွင် ပြည်သူလူထု၏ ယုံကြည်မှုကို အဘယ်သို့ ရယူရမည်နည်း။

မည်သို့ပင်ဆိုစေ ဤသို့ခေါင်းဆောင်များဆွေးနွေးမှု ပိုမိုပြင်းထန်လာအောင် လုပ်ဆောင်ရန် လိုအပ်နေပေလိမ့်မည်ဟု ထင်မိပါသည်။ ပအိုဝ်းပြည်သူများသည် ရိုးသားစွာလုပ်ကိုင်စားသောက်ပြီး အသိပညာနှင့် ထွေထွေဗဟုသုတများ နည်းပါးသည်ကို လက်ခံလာကြသည်။ ထိုသို့ ဗဟုသုတနှင့် အသိပညာများ နည်းပါးရခြင်းသည်လည်း ဖိနှိပ်မှုအမျိုးမျိုးကို ခံခဲ့ရသော၊ စစ်ဘေးစစ်ဒဏ် ခံခဲ့ရသော ပြည်သူများဖြစ်သည့်အတွက် အသိပညာ အတတ်ပညာ နှင့် စာပေဗဟုသုတများ နည်းပါးရခြင်း ဖြစ်သည်။ ထိုအသိပညာနှင့် ဗဟုသုတ နည်းပါးသော ပအိုဝ်းပြည်သူလူထုကို အဘယ်ခေါင်းဆောင်က လာရောက်သင်ကြားပေးခဲ့ပြီးပြီလဲ၊ အဘယ်ခေါင်းဆောင်က ကွင်းဆင်းပြီး ပြဿနာကို ဖြေရှင်းပေးပြီးပြီလဲဟု မေးကြည့်ချင်ပါသည်။

ဤသို့ပင် ဖြတ်သန်းလာရသော ပြည်သူလူထုသည် ကြားတွင် နိုင်ငံရေး၏လှည့်ကွက်ကိုလည်း ခံခဲ့ရပါသေးသည်။ နှစ်ပေါင်း ၅ဝ ကျော် စစ်အာဏာရှင်လက်ထက် ဖိနှိပ်မှုခံခဲ့ရသော ပြည်သူလူထုသည် ယခုမိမိ အမျိုးသားချင်း ဖိနှိပ်မှုကို ထပ်မံကြုံတွေ့ရသောအခါ အမုန်းတရားခံသည် မိမိလူမျိုးများကို လာဖြစ်နေပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် စနစ်အရသော်လည်းကောင်း၊ အခြေအနေအရသော်လည်းကောင်း ပြောင်းလဲလာခြင်းကြောင့်ဖြစ်သည်။

တဖန် လူငယ်ပိုင်းကဏ္ဍကို ပြန်ကြည့်မည်ဆိုလျှင် ပအိုဝ်းလူငယ် (ဖိုရမ်) ဆွေးနွေးပွဲ ကျင်းပနိုင်ရေး ဦးစားပေးဆွေးနွေးနေပြီဖြစ်သည်။ မြန်မာနိုင်ငံတွင်းရှိ အခြားတိုင်းရင်းသားများနှင့် မီဒီယာသမားများက စိတ်ဝင်တစား စောင့်မျှော်နေကြပြီဖြစ်သည်။ လူငယ်တွေ့ဆုံဆွေးနွေးပွဲဟု ဆိုရလျှင် ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် ပထမအကြိမ် ဟိုပုံးမြို့နယ် နောင်တောင်းပရဟိတဘုန်းတော်ကြီးကျောင်းတွင် တောင်ပေါ်မြေပြန့်ရှိ ပအိုဝ်းလူငယ်များ တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ဖူးခဲ့ပါသည်။

ရည်ရွယ်ချက်သည် ပအိုဝ်းတစ်မျိုးသားလုံး စည်းလုံးညီညွှတ်ရေးနှင့် ခမ်းကောင်ခမ်းဒွမ် ပေါင်းစည်းကာ ပအိုဝ်းတစ်မျိုးသားလုံး ညီလာခံဖြစ်ပေါ်နိုင်ရေးကို ဦးတည်ခဲ့သည်ဟု သိရသည်။ ထိုအချိန်တွင် ရှေ့ဆက်လုပ်ငန်းစဉ်နှင့် တာဝန်ခွဲဝေမှုအဆင့်ကို ရောက်ရှိခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ထိုရည်ရွယ်ချက် ညီလာခံကြီး ဖြစ်မလာခဲ့ပေ။

ယခုတွင်လည်း ထပ်မံကြိုးစားနေပြီး လူငယ်မှတစ်ဆင့် ခေါင်းဆောင်များအပါအဝင် ပအိုဝ်းတစ်မျိုးသားလုံးနှင့်ဆိုင်သော မူဝါဒချမှတ်နိုင်ရေးကို ကြိုးစားသွားမည်ဟု ယုံကြည်လေသည်။ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းသို့ ရောက်ရှိနေသော ပအိုဝ်းလူမျိုးများသည် မိမိလူမျိုးအကျိုးစီးပွားနှင့် ပြည်သူလူထု အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်သောပအိုဝ်း မျိုးချစ်များလည်း ပါဝင်နိုင်ရန် အရေးကြီးပေသည်။

လူငယ်ပိုင်းတွင် မိမိနိုင်သမျှ မိမိလူမျိုးအကျိုးစီးပွားရှိအောင် လုပ်ဆောင်နေသည်ကို ခေါင်းဆောင်ပိုင်းများက စည်းလုံးမှုကို ပျက်ပြားစေသည်ဟု ထင်ချင်ထင်မိပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် မိမိခေါင်းဆောင် မလုပ်သောအရာကို လူငယ်များက တာဝန်သိစိတ်နှင့် လုပ်ဆောင်သွားခြင်းကြောင့် ဖြစ်သည်။ ထိုသို့အမြင်မမှားဘဲ လူငယ်များကို လက်တွဲပြီး လုပ်ဆောင်သွားရန်လည်း လိုအပ်သည်။ ထိုမှ အမြော်အမြင်နှင့် အရည်အချင်းရှိသော ခေါင်းဆောင်များဟု လူသိများ ထင်ရှားလာပါလိမ့်မည်။ မိမိလိုအပ်သော ပအိုဝ်းတစ်မျိုးသားလုံး ပေါင်းစည်းနိုင်ရေးကိုလည်း ရရှိစေပေလိမ့်မည်။

ထို့ကြောင့် ဒဲဉ်သီးဗွေကွင်း၏ ဆွေးနွေးပွဲအရှိန်သည် ငြိမ်းသတ်သွားပြီလော့၊ ပြန်လည်အသက်ရှင်နိုင်ရန်၊ အကျိုးရှိသော တန်ဖိုးရှိသော၊ ပအိုဝ်းအမျိုးသားစည်းလုံးညီညွှတ်ရေး ဆွေးနွေးပွဲများကို ပြန်လည်အသက်ရှင်နိုင်အောင် အဘယ်ပုဂ္ဂိုလ်က လုပ်ဆောင်နိုင်ပါမည်လော့။ ဒီမိုကရေစီအရွေ့ကို ပအိုဝ်းလူမျိုးများ လိုက်ပါသွားနိုင်အောင်၊ ပအိုဝ်းကိုယ်ပိုင်အခွင့်အရေး ကိုယ်ပိုင်ကံကျမ္မာကို အဘယ်ပုဂ္ဂိုလ်များက ဖန်တီးပေနိုင်မည်လော။ တွေးရင်းတွေးရင်းနှင့် ဒဲဉ်သီးဗွေကွင်းအစည်းဝေးမှ ပအိုဝ်းတစ်မျိုးသားရေးဆီသို့ ဆောင်းပါးကို အဆုံသတ်လိုက်ရပါသည်။

No comments: