ပအိုဝ်းနှင့် ရှမ်းလက်နက်ကိုင်အဖွဲ့အကြား အမြင်လွဲမှားမှုဖြစ်ပွား


ခွန်သွီပအိုဝ်းခမ်းကောင် | သြဂုတ်လ ၁၁ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/ PNLA) တို့ တော်လှန်ရေး လက်နက်ကိုင်အချင်းချင်း အမြင်လွဲးမှားမှုရှိကြောင်း တောင်ကြီးတိုင်းမ်မှ လက်ခံရရှိသည့် ၎င်းတို့အပြန်အလှန်ပေးစာအရ သိရသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) သည် သြဂုတ်လ ၁ ရက်နေ့တွင် တာဝန်ရှိတပ်ရင်း (၃၆၁) မှ စိုင်းတိ စာတစ်စောင်ရေးပို့လာသည်ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO/PNLA) အဖွဲ့မှ ရှမ်းပြည်လွတ်မြောက်ရေး၊ ရှမ်းပြည်တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးနှင့် ရှမ်းပြည်တော်လှန်ရေးအဖွဲ့ အချင်းချင်းညီညွှတ်ရေး ထိခိုက်မည်ကိုစိုးသောကြောင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်မှ သြဂုတ် ၅ ရက်နေ့တွင် ပြန်လည်အကြောင်းပြန်စာ ပေးပို့ကြောင်း သိရသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) သည် နိုင်ငံတော်နှင့် အပစ်ခတ်ရပ်စဲရေး သဘောတူထားပြီး၊ လှုပ်ရှားမှုဒေသ ကတူးကြီးဒေသသည် နဂါးခမ်းတန်ဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း သိရ သည်။ ထိုသို့ နယ်မြေဒေသကြောင့် မကျေမလည်မှုဖြစ်ပါက တော်လှန်ရေးအတွက် အကျိုးရှိမည်မဟုတ်ကြောင်း သိရသည်။

ထိုသို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲချုပ် (PNLO/PNLA) မှ အကြောင်းပြန်စာ ပေးပို့ပြီး၊ သြဂုတ်လ ၇ ရက်နေ့တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီက ထပ်မံ စာရေးပေးပို့လာကြောင်း သိရသည်။ ၎င်းစာတွင် အဖွဲ့အစည်းနှစ်ခုကြား နားလည်မှုအတိုင်း အချင်းချင်းတွေ့ဆုံဆွေးနွေးလျှင် ဒေသတွင်းပြဿနာများ ဖြေရှင်းနိုင်မည်ဖြစ်ပြီး တစ်ဘက်ထိန်ချုပ်နယ်မြေကို ဝင်ထွက်သွားလာပါက တစ်ဘက်နှင့်တစ်ဘက် အကြောင်းကြားပြီး ဝင်ထွက်နိုင်ကြောင်း၊ (PNLO) အဖွဲ့မှ တပ်စခန်းတည်ဆောက်လျှင် သင့်တော်မည်မဟုတ်ကြောင်း၊ တပ်စခန်းမဆောက်ဘဲ နားလည်မှုဖြင့် အတူနေ အတူသွားလာရန်ဖြစ်ကြောင်း စသည်ဖြင့် ပေးပို့ကြောင်း သိရသည်။

ဤကဲ့သို့ တစ်ဖွဲ့နှင့်တစ်ဖွဲ့ အမြင်လွဲမှားမှု မရှိစေရန် ညှိနိုင်းတိုင်ပင်ပြီး မေတ္တာတရားဖြင့် လုပ်ဆောင်သွားရန် လိုအပ်ကြောင်း၊ အပြန်အလှန်အသိမှတ်ပြုရန် လိုအပ်ကြောင်း၊ သွေးမြေမကျအောင် လုပ်ဆောင်ပြီး အပြန်အလှန်လေးစားမှုရှိရန် လိုအပ်ကြောင်း၊ PNLO အဖွဲ့မှ တာဝန်ရှိဗိုလ်မှူးတစ်ဦးက ပြောကြောင်း သိရသည်။





No comments: