(၂၆) နှစ်မြောက် ဒီမိုကရေစီအရေးတော်ပုံ အခမ်းအနား တောင်ကြီးမြို့တွင်ကျင်းပ

ခွန်ကံလောင်သွေး | သြဂုတ်လ ၁၁ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

(၂၆) နှစ်မြောက် ဒီမိုကရေစီအရေးတော်ပုံ အခမ်းအနားတရပ်ကို ၈၈ မျိုးဆက်နှင့် ပွင့်လင်း လူ့အဖွဲ့အစည်းများမှ ဦးဆောင်ပြီး တောင်ကြီးမြို့ စိန်ပန်းရပ်ကွက် လောကမာန်အောင် ဘုန်းတော်ကြီးကျောင်းတွင် သြဂုတ်လ ၈ ရက်နေ့ ၌ ကျင်းပခဲ့ကြောင်း သိရသည်။

“ရှစ်လေးလုံးအထိမ်းအမှတ်အခမ်းအနားဟာ အတိတ်တုန်းက ဖြစ်ခဲ့တဲ့ ကောင်းကျိုးဆိုးပြစ်တွေကို ဝေဖန်သုံးသပ်ပြီး ရှေးဆက်လုပ်ငန်းတွေကို ဘယ်လိုလုပ်ကြမှာကို လူငယ်တွေနဲ့ပူးပေါင်းပြီးတော့ သမိုင်းဆိုးအမွေကို မကျန်ရစ်ပဲနဲ့ သမိုင်းကောင်းဆိုတဲ့ ပညာရေးအမွေ သဘာဝပတ်ဝန်းကျင်အမွေ အစိုးရကောင်းအမွေ အဲဒီအမွေတွေကို ပေးစေချင်တယ်။ တာဝန်ကျေကျေနဲ့လည်း လုပ်သွားချင်လို့ ဒီအထိမ်းအမှတ်ပွဲကို လုပ်ရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့တစ်တွေ တာဝန်တွေက မပြီးဆုံးသေးပါဘူး။ ကျွန်တော်တို့အခုမှ ညီညွတ်အောင် ပြန်လည်တည်ဆောက်တဲ့ အခြေနေပဲ ရှိပါတယ်။ တစ်ကယ်စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး ရတဲ့အထိ ကျွန်တော်တို့နဲ့ ပြည်သူတို့ ဆက်လက်လုပ်ဆောင်ဖို့လိုပါတယ်” ဟု ၈၈ ကျောင်းသားခေါင်းဆောင် ကိုနေမျိုး က ပြောသည်။

နံနက် ၁၀း၃၀ တွင် ဒီမိုကရေစီတိုက်ပွဲတွင် ကျဆုံးသော ရဟန်းရှင်လူ ကျောင်းသားပြည်သူများအား ရည်စူး၍ သံဃာတော်များကို နေ့လည်ဆွမ်းကပ်ပြီး တရားတော်နာယူကြသည်။

မွန်းလွဲ ၁၂း၃၀ နာရီခန့်တွင် အခမ်းအနားစတင်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုကြပြီး ခေတ်အဆက်ဆက်မှ ဒီမိုကရေစီတိုက်ပွဲဝင် အသက်ပေးခဲ့ကြသော ရဟန်းရှင်လူ ကျောင်းသာပြည်သူများအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ်ဖြင့် ၈ စက္ကန့် ငြိမ်သက်ခဲ့ကြသည်။ ဆက်လက်ပြီး ရှစ်လေးလုံးမှ ဖြတ်သန်းခဲရသည့် အားနည်းချက် အားသာချက်များ တင်ပြခြင်း၊ ၁၉၉၀ နောက်ပိုင်းတွင် ကြုံတွေ့နေရသော အခက်ခဲအတွေ့ကြုံ၊ အားနည်းချက် အားသာချက်တင်များတင် ပြခြင်းနှင့် အသွင်ကူးပြောင်းရေးကာလ ရှစ်လေးလုံး၏ အကျိုးဆက်နှင့် လူငယ်တို့အမြင် တင်ပြဆွေးနွေးပြီး ၃း၃၀ အချိန်ခန့်တွင် အခမ်းအနား အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။

No comments: