PNA ပြည်သူ့စစ်မှ ဖမ်းဆီးထိန်းသိမ်းခဲ့သော ဦးခွန်ကုလားနှင့် ဦးခွန်ထွက်မောင် တွေ့ဆုံမေးမြန်းခြင်း

ရှမ်းလေး(တောင်ကြီး) | မေလ ၂၄ ရက်နေ့၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

၁၅.၅.၂၀၁၃ ရက်နေ့ ရပ်စောက်မြို့နယ် ဆတ်သေကျေးရွာမှ PNA ပြည်သူ့စစ်မှ ဗိုလ်လေးသိန်းဇော် ဦးဆောင်တဲ့အဖွဲ့က NLD ပါတီဝင်ဖြစ်သူ ဦးခွန်ကုလားအပါအ၀င် ရွာသားသုံးယောက်ကို ဖမ်းဆီးခဲ့ပါတယ်။ ဦးခွန်ကုလား မောက်စံရွာအစည်းအဝေးမှအပြန် ကောင်ထိုရွာအတွင်းမှာ ၁၅ ရက်နေ့ ညနေခင်း ၄ နာရီအချိန်ခန့်မှာ ဖမ်းဆီးခဲ့ပါတယ်။ သက်သေအထောက်အထား ခိုင်လုံမှုမရှိပဲ ၂၄ နာရီနီးပါးခန့် ကြာတဲ့အထိ ဖမ်းဆီးထိန်းချုပ်ခဲ့တယ်လို့ ဦးခွန်ကုလားက ပြောပါတယ်။

ဤကဲ့သို့ ထိန်းချုပ်ရာမှာ လက်ထိပ်ခတ်များ အသုံးပြုရာ လက်များမှာ ဒဏ်ရာများ ရရှိခဲ့တယ်လို့ ယခုလ ၂၃ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့် တွေ့ဆုံမေးမြန်းရာမှာ ၎င်းကပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။

“ကျနော်တို့က သိမ်းထားတဲ့လယ်မြေအတွင်း ပြန်လည်ထွန်းယှယ်တာမျိုးတွေ မလုပ်ရဘူး။ သိမ်းထားတဲ့လယ်ယာမြေအတွက် ပြန်ရဖို့ အထက်ကိုတော့ ကျနော်တို့ စာတင်ထားတယ်။ ကျနော့်ကို သူတို့က လယ်ယာမြေနဲ့ပတ်သက်ပြီး ရွာတွင်း သွေးထိုး လှုံ့ဆော်တယ် ဆိုပြီး ဖမ်းတယ်။ ကျနော့်အဖေလည်း အရင်တုန်းက အလင်းဝင်းထားတဲ့ PNA တပ်ဖွဲ့ဝင်ဟောင်းတစ်ယောက်ပါပဲ။ အဖေရှိတုန်းကလည်း ကျနော်တို့ လယ်ယာမြေကို သိမ်းခဲ့တယ်။ အဲဒီစိတ်ကြောင့် အဖေဆုံးသွားတယ်။ ပြီးတော့ ကျနော်တို့ကို လက်ထိပ်နဲ့ တင်းကြပ်အောင်ခတ်တယ်လေ။ ကြည့်ပါအုံး ကျနော်လက်၊ ၈ ရက် လောက်ရှိပြီ မပျောက်သေးဘူး။ ဒါတောင်အရာကျန်နေသေးတယ်။ လွတ်လာပြီး တစ်ရက်နှစ်ရက်အတွင်းကဆို အရမ်းနားတာ’’  
 လို့ ဆတ်သေရွာနေ ဦးခွန်ကုလားက ပြောခဲ့ပါတယ်။

“၁၆.၅.၂၀၁၃ ရက်နေ့က ကျနော်တို့ကို သူတို့လယ်ယာမြေ ခြံထဲ မ၀င်ရောက်ဖို့ ၀န်ခံကတိလက်မှတ်ရေး ထိုးခိုင်းခဲ့တယ်။ အဲဒီမှ ကျနော်တို့ကို လက်ထိပ်မပြုတ်ပဲ လက်မှတ်ထိုးခိုင်းတယ်။ ကျနော်တို့ကို အပြစ်သား တစ်ယောက်လို ဆက်ဆံတာကိုခံခဲ့ရတယ်။ ကျနော်တို့က သူခိုးသူမြတွေ မဟုတ်ဘူး။ သူများသားသမီးကို စော်ကားတဲ့ လူလည်း မဟုတ်ဘူးလေ။ ပြီးတော့ ကျနော်တို့ရှေ့မှာ ဗိုလ်မှူးဦးခွန်ထွန်းရွှေ၊ ဗိုလ်မှူးဦးခွန်ရဲနော်၊ ဗိုလ်မှူးဦးခွန်မြင့်သိန်းနဲ့ ဖြားဆရာကိုး စတဲ့သူတို့ရှေ့မှာ လက်ထိပ်တကားကားနဲ့ လက်မှတ်ထိုးခဲ့ရတယ်"
ဆိုပြီး ၎င်းက ဆက်ပြောပါတယ်။

“၁၇.၅.၂၀၁၃ ရက်နေ့မှာတော့ ကျနော့်ကိုခေါ်ပြီးတော့ NLD ပါတီကနေ နူတ်ထွက်ဖို့ ကျနော်နဲ့ ဦးခွန်တရိမ်တို့က လက်မှတ်ရေးထိုးခိုင်းပြန်တယ်။ ကျနော့်ကို စာရွယ်ပေးပြီးတော့ မင်းဒီစာကို ပြန်စီပြီး လက်မှတ်ရေးထိုးရမယ်၊ ကျနော်က အခုခင်ဗျားတို့ ယူလာတဲ့စာသားနဲ့ပဲ ထိုးမယ်လေ မရဘူးလား မေးတော့ သူတို့က မရဘူး၊ အဲဒီလိုဆို မင်းကို ငါတို့လုပ်ခိုင်းသလို ဖြစ်သွားမှာပေါ့လို့ပြောတယ်။ ကျနော်က မနုတ်ထွက်ချင်ဘူး သူတို့ထိုးခိုင်းလို့သာ ထိုးရတာ။ နောက်ပြီး ကျနော်နဲ့ ဦးခွန်တရိမ်က NLD ပါတီဝင် အယောက် ၅၅ ယောက်ကိုယ်စား နုတ်ထွက်စာလက်မှတ် ရေးထိုးခိုင်းခဲ့ရသေးတယ်။’’
 လို့ ဦးခွန်ကုလားက ပြောခဲ့ပါတယ်။

 “ကျနော်နဲ့ ကျောင်တန်ကျေးရွာ ဒေသခေါင်းဆောင် ဗိုလ်ကုတ်တို့ ကောင်းမူစင်ရွာမှာ တွေ့တုန်းကဆို သူက ကျနော့်ကို NLD ပါတီထဲကနေ နုတ်ထွက်ခိုင်းခဲ့တယ်။"
 လို့ မောက်စံရွာမှ NLD ပါတီ ဥက္ကဌဦးခွန်ထွက်မောင်က ပြောခဲ့ပါတယ်။

"မင်းဘာကြောင်း NLD ပါတီထဲ ၀င်ရတာလဲ။ မင်းဒုက္ခရောက်မှာ မကြောက်ဘူးလား၊ မင်းတို့ လယ်ယာမြေတွေကို လုံးဝပြန်မပေးတော့ဘူး။ စစ်တပ်က သိမ်းတဲ့မြေတွေကို ပြန်ပေးတာ ဘယ်မှာတွေ့ဖူးလို့လဲဆိုပြီး သူက ကျနော်ကို ပြောတယ်။ စစ်သားတွေထက်ကြီးတာ ဘာရှိလဲ မင်းတို့တွေ့ဖူးလို့လားလို့ ပြောပြီး ကျနော့်ကို နုတ်ထွက်ခိုင်းတာပေါ့။ ဒါပေမယ့် ကျနော် နုတ်ထွက်တာမျိုးတွေ မလုပ်ခဲ့ပါဘူး။ ကျနော်တို့က မြေပြန်ရချင်တယ်။ အဲဒါကြောင့် ကျနော်တို့ကို ကူညီပေးတဲ့လူရှိရင် ကျနော်တို့က သူတို့ကိုအားကိုးမှာပဲ။ ကျနော်တို့ရွာသူရွာသားတွေ NLD ပါတီထဲမှာ အများကြီးပါဘဲ။ လယ်ယာမြေသိမ်းတာ ခံရတဲ့သူတွေအားလုံး ပါတီဝင်တွေဖြစ်ကြတယ်။ ဗိုလ်ကုတ်က ကျနော့်ကို NLD ပါတီထဲ မ၀င်ဖို့ ပြောပြီး နောက်ရက်မှာပဲ ကျနော့်အိမ်ကို စစ်သား ၃၀ လောက် ၀ိုင်းရံထားကြတယ်။ ကျနော်လည်း အပြင်ထွက်လို့ မရတော့ဘူး။ ထွက်ရင် သူတို့က ဖမ်းမှာလေ။ သူတို့တွေ ကျနော့်အိမ် တောင်ဖက်က သံပရာပင်အောက်မှာ နေပြီး ကျနော့်ကိုဖမ်းဖို့ စောင့်နေကြတာ။ နောက်နေ့ သူတို့ပြန်တော့ အဲဒီနေရာမှာ အရက်ပုလင်းတွေ အမှိုက်တွေ တွေ့တယ်။ အခု သူတို့ရွာသူ ရွာသားတွေ ထွန်ယှယ်ပြီးသားမြေထဲကို ပြောင်း နှံ စတဲ့သီးနှံတွေ ၀င်ရောက်စိုက်ပျိုးနေပြီ။’’
 ဆိုပြီး ဦးခွန်ထွက်မောင်က ပြောခဲ့ပါတယ်။

“ဒီမိုကရေစီနိုင်ငံမှာ ဒီလိုလူ့အခွင့်အရေး ချိုးဖောက်နေတဲ့ လူတွေ မဟာမိတ်လုပ်ခိုင်းဖို့ နိုင်ငံရေးအကြံပေးသမားတွေက ပြောတယ်။ ကျနော်ကတော့ သူတို့နဲ့ ပူပေါင်းမှာမဟုတ်ဘူး။ ကိုယ့်လူမျိုးတွေ အခုလို အခွင့်အရေးချိုးဖောက်ခံရပြီး ဒုက္ခရောက်နေတာကို ငြိမ်ငြိမ်လေး ကြည့်ပြီး ပစ်မထားနိုင်ဘူး။ ပအိုဝ်းလူထု လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးကို ဆုံးခန်းတိုင်တိုက်သွားမယ်။ အဲဒါကြောင့် ပအိုဝ်းလူထုတွေ တောသူတောင်သားတွေ ညီညီညွတ်ညွတ်နဲ့ ၀ိုင်းဝန်ကူညီကြဖို့ ကျနော်တိုက်တွန်းတယ်’’
 ဆိုပြီး တောင်ကြီးမြို့နယ် NLD အဖွဲ့ချုပ်ဥက္ကဌဖြစ်တဲ့ ဦးခွန်သန်းလွင်က  ပြောခဲ့ပါတယ်။


No comments: