စံချိန်တင် ပအိုဝ်းဘာသာစာပေယဉ်ကျေးမှု သင်တန်းဆင်းပွဲ ကျင်းပ

ခွန်ရာဇာ (တောင်ကြီး) | မေလ ၃၀၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

တစ်နှစ်တစ်ခါကျင်းပသော ပအိုဝ်းဘာသာစာပေယဉ်ကျေးမှုသင်တန်းကို သင်တန်းသားဦးရေ အများဆုံးစံချိန်တင် သင်တန်းဆင်းပွဲကို မေလ ၂၉ ရက်တွင် ပင်လောင်းမြို့နယ် ပင်ခွန်ကျေးရွာတွင် ကျင်းပကြောင်း သိရသည်။

ပအိုဝ်းအမျိုးသားသံဃာတော်များမှ ဦးစီးကျင်းပပြုလုပ်သော ပအိုဝ်းဘာသာစာပေ ဗုဒ္ဒယဉ်ကျေးမှုသင်တန်း အမှတ်စဉ် ၂၉ တွင် ယခင်နှစ်များနှင့် မတူ၊ ထူးခြားပြီး မြို့နယ်အရပ်ရပ်မှ တက်ရောက်သော သင်တန်းသား ရဟန်းသံဃာ၊ သီလရှင်၊ ယောက်ျားနှင့် မိန်းခလေးဦးရေ စံချိန်တင် နှစ်ထောင့်ရှစ်ရာကျော်ကို ဗဟိုသံဃာတော်၏ ဦးစီးစီမံမှုနှင့် ဒေသခံများ အပင်ပန်းခံ ဝိုင်းဝန်းကူညီလုပ်ဆောင်ပေးမှုကြောင့် သင်တန်းချိန်ရှစ်ရက်ကို အောင်စွာကျင်းပနိုင်ကြောင်း သိရသည်။

စာမေးပွဲဖြေဆိုသူ ဦးရေ နှစ်ထောင်ခုနစ်ရာကိုး (၂၇၀၉) ယောက်ကို နှစ်ထောင့်ခြောက်ရာခြောက်ဆယ်ခြောက် (၂၆၆၆) ယောက်က အောင်မြင်အောင်ဖြေဆိုနိုင်ပြီး လေးဆယ်သုံးယောက် ကျရှုံးကြောင်း သိရသည်။

“လူမျိုးထဲမှာ ကိုယ့်လူမျိုးဘာသာစာပေနှင့် ယဉ်ကျေးမှုပြန့်ပွားအောင် ကိုယ့်လူမျိုးတိုင်းအပေါ်မှာ တာဝန်ရှိ ပါတယ်။ ဒီလိုပြန့်ပွားအောင်လည်း လုပ်သင့်လုပ်ထိုက်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ တိုင်းရင်းသားစည်းလုံးညီညွှတ်မှု မရှိခဲလို့ နိုင်ငံဖွံ့ဖြိုးမှု နောက်ကျန်နေခဲ့ရပါတယ်။ ဒီမိုကရေစီထွန်းကားရေးမှာ တိုင်းရင်းသားလူမျိုး ခွဲခြားမှုမရ၊ တန်းတူညီမှုအခွင့်အရေး ရရှိပါတယ်။ ဒါကြောင့် တည်ငြိမ်အေးချမ်းရေးအတွက် လူတိုင်းလူတိုင် တာဝန်ရှိပါတယ်” ဟု ပင်လောင်းမြို့နယ်အုပ်ချုပ်ရေး ဦးဝင်းစိုးက အမှာစကား ပြောကြားခဲ့သည်။

ဆီဆိုင်မြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးခွန်ဝင်းကိုက “ကျွန်တော်တို့ပအိုဝ်းတိုင်းရင်းသားသည် ဗုဒ္ဒဘာသာ ဘုရားတကာများ ဖြစ်ကြပြီး၊ ကိုယ့်လူမျိုး တိုးတက်ဖို့ကိုယ့်လူမျိုးကို အားပေးမှ ကိုယ့်လူမျိုးအတွက်လုပ်ဆောင်မှရတယ်ဟု” ပြောကြားသည်။

၎င်းသင်တန်းဆင်းပွဲတွင် ပင်လောင်းလွတ်တော်ကိုယ်စားလှယ်ဦးခွန်မောင်သောင်း၊ ဆီဆိုင်မြို့ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးခွန်ဝင်းကို၊ ဟိုပုံးမြို့ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးခွန်သိန်းဖေနှင့် တာဝန်ရှိ လူကြီးများ လိုက်ပါတက်ရောက် အားပေးခဲ့ကြောင်း သိရသည်။

ဆုရသင်တန်းသူ သင်တန်းသားများကို ဆုပေးပြီး အနုမောဒနာ တရားနာပြီး သင်တန်းဆင်းပွဲကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။







No comments: