ဦးထုပ်ခြောက်လုံးစဉ်းစားတွေးခေါ်မှု သင်တန်း ဆီဆိုင်တွင်ဖွင့်လှစ်

နန်းဒီမိုကရေစီ (ဆီဆိုင်) | နိုဝင်ဘာလ ၂၉ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင်ရဒေသ ဆီဆိုင်မြို့နယ်တွင် ကောင်ရွေပအိုဝ်းလူငယ်ကွန်ရက်အဖွဲ့မှ ဦးထုပ်ခြောက်လုံးစဉ်းစားတွေးခေါ်မှုနှင့် လူ့အခွင့်အရေး၊ ရွေးကောက်ပွဲစနစ်သင်တန်းကို နိုဝင်ဘာ ၁၄ ရက် နောင်ကျောကျေးရွာအုပ်စု ပုံးလောင်းကျေးရွာ အောင်သုခကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ပအိုဝ်းပြည်သူများ အမြင်ကျယ်လာရန်သာမက ဒီမိုကရေစီ အသိအမြင်များကိုလည်းနားလည်စေရန် ရည်ရွယ်ပြီးတော့ သင်တန်းဖွင့်လှစ်ပေးရခြင်း ဖြစ်တယ်၊ ကျွန်တော်တို့ဟာ ပညာရှင်မဟုတ်ပေမဲ့ တတ်သိသလောက် ပြန်လည် share ပေးတဲ့သဘောပါ၊ ထူးခြားတာက သင်တန်းသားများက စိတ်ဝင်စားမှုရှိတော့ ထမင်းထုပ်နဲ့ တက်ရောက်တဲ့သူလည်းရှိတယ်“ ဟု သင်တန်းဆရာ ခွန်သူရိန်ဦးက ပြောသည်။

“ကျွန်တော်တို့ ဒီလိုသင်တန်းတွေ လိုက်လံပေးရတာဟာ အခက်ခဲတွေ များစွာရှိတယ်။ တစ်ချို့နေရာဆို ဒေသခံအာဏာပိုင်တွေက ပိတ်ပင်ထားတာလည်းရှိတယ်။ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးတွေ နောက်ကျကျန်မည်ကိုမတွေးဘဲ ဖြစ်တယ်၊ ဒီလိုဆိုလျှင် ကိုယ့်အမျိုးသားများ ထိခိုက်မည်မှာအမှန်ပဲ။ အဲဒါကြောင့် စာနာစိတ်မွေးပြီး နားလည်ပေးရန်လိုအပ်တယ်“ ဟု သင်တန်းဆရာ ခွန်အောင် က ပြောသည်။

“ကျွန်မတို့မသိသေးတဲ့အရာကို နားလည်သိမြင်လာတယ်။ မေတ္တာစိတ်ထားပြီး ပအိုဝ်းတစ်မျိုးသားလုံး တစ်စိတ်တစ်ဒေသမှာ အကျိုးပြုနိုင်မည်လို့ရည်ရွယ်ပြီးတော့ သင်တန်းတက်ရောက်ရခြင်းဖြစ်တယ်“ ဟု သင်တန်းတက်ရောက်သူ နန်းနုမေ က ပြောသည်။

ထိုသင်တန်းတွင် သင်တန်းဆရာလေးဦးနှင့် သင်တန်းနှစ်ရက်ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ သင်တန်းသား ၈၀ ဝန်းကျင် တက်ရောက်ကြောင်း။ ယင်းသင်တန်းသားများအား ကျေးရွာအုပ်စုအလိုက် ဖိတ်ကြားပြီး တက်ရောက်လာကြကြောင်း သိရသည်။

No comments: