စါင်ဖါအောင် နှင့် ဗွေစါင်ပေ | အမြင်ဆောင်းပါး
နိုဝင်ဘာလ ၁၇ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်
စာရေးသူအနေနှင့် ဗွေစါင်ပေ နှင့် မတွေ့ဖြစ်သည်က တကြောင်း၊ သတင်းအရင်းအမြစ် ဖြစ်သော ပအိုဝ်းလူကြီးများ အလုပ်ရှုပ်နေ၍ မဆုံဖြစ်ကြသည်က တကြောင်း တို့ကြောင့် “အမျိုးသားခေါင်းဆောင်ဆိုသည်မှာ” ဆောင်းပါး နောက်ပိုင်း စာမရေး ဖြစ်ခဲ့ပါ။ ယ္ခု မြေပြန့်ဒေသ ပအိုဝ်းအမျိုးသားတို့၏ ညီလာခံဆိုင်ရာ နှီးနှောဖလှယ်ပွဲတရပ် ကျင်းပမည်ဟူသော ထုတ်ပြန်ကြေငြာချက်ကို ဖတ်ရှုရသဖြင့် ဤဆောင်းပါးကို အချိန်မီရေးသားရန် စိတ်ကူးရလာခြင်းဖြစ်သည်။
တချိန်တည်းမှာပင် နာဂအမျိုးသားများသည်လည်း အမျိုးသားညီလာခံတရပ် ခေါ်ယူရန် သတင်း- သတင်းစာ၌ တွေ့ရှိရခြင်းသည် စာရေးသူအား တွန်းအားတရပ် ဖြစ်လာစေသည်။
ထို့ပြင် စာရေးသူသည် ဇင်းမယ်မြို့ ၀တ်နောင်ခမ်း ကထိန်ပွဲတော် (၂၀၁၄-ခု နိုဝင်္ဘာလ ၂-ရက်) သို့ တက်ရောက်ခဲ့ရာ PNLO နာယကကြီး ဖြားတန် ခွန်ဥက္ကာနှင့်လည်း တွေ့ဆုံ၍ အချိန်ယူဆွေးနွေးခွင့် ရရှိပြီးနောက် PNLO - RCSS ပဋိပက္ခ အကြောင်းရင်းခံကိစ္စကိုလည်း ဝေဖန်သုံးသပ်ရန် တင်ပြနိုင်ရန် ရည်ရွယ်ရင်း ရှိခဲ့ပါသည်။ ထို့ကြောင့် PNLO - RCSS ပဋိပက္ခအခြေခံနှင့် ပအိုဝ်းအမျိုးသားညီလာခံတို့ ဆက်စပ်မှုကိုလည်း ပအိုဝ်းအမျိုးသား စာဖတ်ပရိတ်သတ်များအတွက် တင်ပြနိုင်ရန် ယ္ခုကဲ့သို့ ရေးသားတင်ပြအပ်ပါသည်။
PNLO သည် ပထမအကြိမ်ညီလာခံကို လေဗွာစခန်း (ယ္ခု RCSS/SSA (S) သိမ်းပိုက်မှုအောက်ရောက်ရှိ) တွင် ၂၀၁၃ - ဧပြီလတွင် ကျင်းပပြုလုပ်ခဲ့ရာ ဦးဆောင်မှုကို ဥက္ကဋ္ဌ ခွန်မြင့်ထွန်း (NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် NCGUB ၏ အလုပ်သမားရေးရာဝန်ကြီးဟောင်း) နှင့် ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်သူရိန် (ရ၊လ၊လ၊ဖ ပြိုကွဲချိန် နယ်စပ်ဒေသသို့ ရောက်ရှိအခြေချ) တို့ထံ လွှဲပြောင်း ရောက်ရှိခဲ့သည်။
၂၀၁၄ - အောက်တိုဘာလ အထိ PNLO ၏ တနှစ်ခွဲတာကာလ လှုပ်ရှားမှုကို ပြန်လည်သုံးသပ်ကြည့်လျှင် အောက်ပါအတိုင်း တွေ့ရှိရပေသည်။
(က) ထိုင်းနယ်စပ် အခြေပြုမှ ဗဟိုဒေသ အခြေပြုသို့ ရွှေ့ခြင်း။
(ခ) မဟာမိတ်ရေးရာ၊ တပ်ပေါင်းစုရေးရာနှင့် ထိုင်းအပါအ၀င် နိုင်ငံတကာဆက်ဆံရေးကို လျှော့ပေါ့လာပြီး နေပြည်တော်နှင့် ရှမ်းပြည်နယ်အစိုးရ၊ အရှေ့ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်) တို့နှင့် ဆက်ဆံရေး ပိုမိုအားပြုလာခြင်း။
(ဂ) အပစ်ရပ်အဖွဲ့ အနေအထားထက် လက်နက်ချအဖွဲ့ (ငြိမ်းချမ်းရေးယူထားပြီးသောအဖွဲ့) ပုံစံမျိုး ကျင့်သုံးနေခြင်း။
(ဃ) တပ်ပေါင်းစုနိုင်ငံရေး၊ တော်လှန်ရေးအဖွဲ့အစည်းနိုင်ငံရေး ပုံစံမှ (နိုင်ငံရေး) ပါတီနိုင်ငံရေး ဘက်သို့ ပို၍ အာရုံစိုက်လာခြင်း နှင့်
(င) နယ်မြေခံပြည်သူလူထု ဖွံ့ဖြိုးတိုးတက်မှုထက် အဖွဲ့အစည်းတရပ်၏စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အားသန်နေခြင်း တို့ကို - တွေ့ရှိရပေသည်။
ထို့ကြောင့် အစဉ်အလာအရ ရှမ်းအဖွဲ့အစည်းများသည် အင်အားကြီးလာပါက နီးရာအခြားလူမျိုးစု အဖွဲ့ငယ်များကိုသော်လည်းကောင်း၊ မျိုးနွယ်စုတူသူ ရှမ်းအဖွဲ့အချင်းချင်းကို သော်လည်းကောင်း၊ အကြောင်းရှာ ရန်ပြုတိုက်ခိုက်လေ့ ရှိပေသည်။ ယင်း အစဉ်အလာမှာ အချိန်ကာလအားဖြင့် (၁၀) နှစ်လျှင် တကြိမ်ကျ ဖြစ်ပေါ်လေ့ရှိသည်ဟု သုတေသီတို့ လေ့လာတွေ့ရှိထားပေသည်။
အချက်အလက် အထောက်အထားအချို့မှာ -
၁၉၇၀-၇၁ ခုနှစ်တွင် ဥက္ကဋ္ဌကြီး မိုးဟိန်း (ခေါ်) ကွမ်းစိန်း ဦးဆောင် SURA သည် တရုပ်ဖြူထံမှ ရရှိသော လက်နက်များဖြင့် ပအိုဝ်းနယ်မြေ ဟိုနမ့်မြို့နယ်အတွင်း ၀င်ရောက်လာသည့်အတွက် ဗိုလ်ချုပ်စံသိန်း / ဗိုလ်မှူးအောင်ခမ်း ဦးဆောင် (ပ၊အ၊လ၊ဖ)ပအိုဝ်းတပ်များနှင့် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားပြီးနောက် ပြန်လည်ဆုတ်ခွါသွားခြင်း။
၁၉၈၄- မတ်လတွင် ဘိန်းဘုရင် ခွန်ဆာ ဦးဆောင် SSRC ၏ MTA တပ်အင်အား ၅၀၀ - ခန့်သည် PNO ဥက္ကဋ္ဌ ဗိုလ်မှူးကြီး အောင်ခမ်းထီ အခြေပြုရာ ထိုင်းနယ်စပ်ရှိ “ ကောင်နိန်းစခန်း” အား ၀င်ရောက်တိုက် သိမ်းပိုက်ခြင်း။ ဥက္ကဋ္ဌကြီး အောင်ခမ်းထီနှင့် အင်အားအချို့ ကရင်နီပြည်နယ်ရှိ KNPP နယ်မြေတွင် ၀င်ရောက်ခိုလှုံခဲ့ရခြင်း။
၁၉….. PNO ၏ ဋ္ဌာနေပြည်သူ့စစ်တပ်များနှင့် RCSS/SSA(S) တပ်ဖွဲ့များ လုံချိန်ဒေသတွင် တိုက်ပွဲ ဖြစ်ခြင်း။ PNO ဘက်မှ KNU သင်တန်းဆင်း ဗိုလ်မှူးရွှေမန်း ကျဆုံးရခြင်း။
၂၀၁၄- စက်တင်ဘာ (၃) ရက်နေ့တွင် RCSS လက်အောက်ခံ SSA(S) တပ်ဖွဲ့ဝင်အင်အား (၁၅၀) ခန့် PNLO/PNLA အခြေပြုရာ ဟိုနမ့်မြို့နယ်၊ နောင်ပါတက် ဧရိယာသို့ ၀င်ရောက်လာပြီး PNLA စခန်းအား အလစ်အငိုက် ၀င်ရောက်တိုက်ခိုက်ခြင်း နှင့် တဆက်ထဲတွင် နယ်စပ်ဒေသ ကောင်းမုမိန်း စခန်းရှိ လေဗွာ PNLA စခန်းမှ ရဲဘော်များကို WNO/WNA မှတဆင့် အတင်းအကြပ် ထွက်ခွာစေခြင်း။
အထူးမှတ်သားရန်အချက်မှာ နောက်ဆုံးဖြစ်ပွားသော တိုက်ခိုက်မှုမှာ သာမန်နယ်မြေ အငြင်းပွားမှု ဟု ယူဆစရာ ရှိသော်လည်း နောက်ကွယ်၌ နိုင်ငံရေးအကြောင်းရင်းခံ ရှိနေခဲ့သည်ဟု သုံးသပ်နိုင်သည်။ ဆိုလိုသည် မှာ PNLO/PNLA သည် ၎င်းဒေသတွင် အခြေပြု၍ န၊တ၊လ အကူအညီဖြင့် ဖွံ့ဖြိုးရေး လုပ်ဆောင် နေသည်မှာ ၂၀၁၃ - နှစ်ဝက် နှင့် ၂၀၁၄ - ပထမနှစ်ဝက်အထိ တနှစ်ကျော် ကြာမြင့်ခဲ့ပြီး ဖြစ်သော်လည်း RCSS/SSA(S) က တစုံတရာ ကန့်ကွက်ဟန့်တားခြင်း မရှိခဲ့ဘဲ၊ ၂၀၁၄ ခုနှစ် သြဂုတ်လလယ်ခန့်မှ စ၍ ပြဿနာရှာခဲ့သည်မှာ သွေးရိုးသားရိုး မဟုတ်ဟုလည်း ယူဆစရာ ဖြစ်နေသည်။ ဥပမာ PNLO/PNLA သည် UNFC ၏ အဖွဲ့ဝင် ဖြစ်နေခြင်း၊ FUA ၏ တပ်ဖွဲ့ဝင် ဖြစ်နေခြင်းအပြင် ၂၀၁၄ - ခု သြဂုတ်လတွင် ကျင်းပသော ပထမအကြိမ် UNFC ကွန်ဂရက်နှင့်လည်း တိုက်ဆိုင်မှု ရှိနေကြောင်း တွေ့ရှိရပေသည်။ UNFC အဖွဲ့ဝင် မဟုတ်သော RCSS/SSA(S) အနေနှင့် UNFC အဖွဲ့ဝင် အဖွဲ့အစည်းတရပ်ကို ၀င်ရောက်တိုက်ခိုက်ခဲ့ပါက UNFC ၏ ဖွဲ့စည်းပုံအခြခံဥပဒေနှင့် အညီ UNFC က မည်ကဲ့သို့ တုန့်ပြန်အရေးယူဆောင်ရွက်မည်ကို “စမ်းသပ်” သည့် သဘောလည်း ဖြစ်သည်ဟု သုံးသပ်နိုင်ပေသည်။
ထိုသို့ဆိုလျှင် ယင်း “ စမ်းသပ်” မှုကို လုပ်ဆောင်လိုသူသည် RCSS/SSA(S) ကိုယ်တိုင်ဘဲလား? မမြင်ရသည့် နောက်ကွယ်က လက်မဲကြီး (Black Hand) ဘဲလား? စဉ်းစား တွေးဆစရာ များစွာကျန်ရှိ နေပေလိမ့်မည်။
ဤနေရာမှ စ၍ ယင်းသို့သော အခြေအနေအရ အင်အားကြီးလာသော ရှမ်းအဖွဲ့အစည်း တရပ်ရပ်က ပအိုဝ်းအမျိုးသားတော်လှန်ရေးအဖွဲ့အစည်း တရပ်ကို ကျူးကျော်စော်ကား တိုက်ခိုက်လာခြင်းအပေါ် ပအိုဝ်းနိုင်ငံရေးပါတီများ၊ ပအိုဝ်းလူငယ်၊ အမျိုးသမီးအဖွဲ့အစည်းများ၊ လူထုအဓိက အဖွဲ့အစည်းများနှင့် ပြည်သူလူထုများထံမှ တုန့်ပြန်ဝေဖန်မှု မတွေ့ရခြင်းသည် “ပအိုဝ်းလူမျိုးတို့အတွက် ဆုံချက်” မရှိသေးကို မီးမောင်းထိုးပြနေပေသည်။
“ပအိုဝ်းအမျိုးသားညီလာခံ” ကဲ့သို့ ဆုံချက်ကို အမြန်ဆုံး မဖော်ဆောင်နိုင်လျှင် ဗိုလ်ကျ အနိုင်ကျင့်မှုများကို နီးစပ်ရာ အဖွဲ့အစည်းများက “မိတ်ဖက်ပဋိပက္ခ” အသွင်ဆောင်ယူပြီး လုပ်ဆောင်နေဦးမှာ သေချာနေကြောင်း စာရေးသူက ထောက်ပြရပေမည်။
ယ္ခုဆောင်းပါးကို (၁) ပိုင်း ထားပြီး၊ မြေပြန့်ဒေသ ညှိနှိုင်းပွဲမှ တမျိုးသားလုံး ညီလာခံ ခေါ်ယူနိုင်သည်အထိ ဆက်လက်ဆောင်ရွက်ရမည့် “လုပ်ငန်းစဉ်” အကြံပြုချက်များကို အမှတ် (၂) ဆောင်းပါးဖြင့် ဆက်လက် ဖော်ပြပါမည်။
စါင်ဖါအောင်
နှင့်
ဗွေစါင်ပေ
No comments:
Post a Comment