အပြစ်မဲ့ပြည်သူတစ်ဦးကို ရိုက်နက်ဖမ်းဆီးပြီး ပိုက်ဆံနှင့်ပြန်ရွေးခိုင်း

ခွန်ကံလောင်သွေး | ဒီဇင်ဘာ ၁၉ ရက်၊ ၂၀၁၄ | တောင်ကြီးတိုင်းမ်

ဆီဆိုင်မြို့နယ်ရှိ ထီတယမ်အုပ်စု မြို့နယ်အမှုဆောင်ဗိုလ်ကြီးခွန်ကျော်နီနှင့် သူ၏အဖွဲ့ဝင် ၂ ဦးသည် ဒီဇင်ဘာလ ၁ ရက်နေ့ညတွင် အပြစ်ရှိသည်ဟု ခိုင်လှုံသော သက်သေအထောက်ထားများမရှိပဲ အပြစ်မဲ့ပြည်သူ ခွန်အေးကို အကြမ်းဖက် ဖမ်းဆီးရိုက်နက်သည်ဟု သိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ်ရှိ ထီတယမ်ကျေးရွာအုပ်စု ထီတယမ်ရွာတွင် နေထိုင်သော ခွန်အေးသည် မူးယစ်စိတ်ကြွဆေးပြား ရောင်းဝယ်နေသည်ဟု မသင်္ကာမှုဖြင့် ဒီဇင်ဘာလ ၁ ရက်နေ့ ည ၁၀ နာရီအချိန်တွင် မြို့နယ်အမှုဆောင်ဗိုလ်ကြီး ခွန်ကျော်နီနှင့် အဖွဲ့ဝင် ၂ ဦးတို့မှ ခွန်အေး၏နေအိမ်ကို တက်ပြီး သက်သေခံပစ္စည်းမတွေ့ရှိပဲ လက်ထိပ်ခတ် ဖမ်းဆီးခဲ့ပြီး၊ အိမ်အောက်သို့ ခေါ်ဆင်းကာ ခွန်အေးကို ခြေထောက်ဖြင့်ဆောင့်ကန်ခြင်း၊ ၀ါးခြမ်းပြားနှင့် ရိုက်နက်ခြင်းပြုလုပ်ပြီး၊ နားထင်ကို သေနတ်နှင့် တစ်ချက်ထုသောကြောင့် ညာဘက်ခြမ်း မျက်နှာနှင့် မျက်ခုံးတို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ရိုက်နက်သည့်အပြင် ၎င်းညချင်းတွင် ခွန်အေးကို ကားပေါ်သို့ခေါ်တင်ပြီး ညချမ်းအချိန်တွင် ထီတယမ်းရွာမှ ၃ မိုင်ခန့်ဝေးသော ကံ့ကော်ရွာသို့ ခေါ်ဆောင်ကာ လူသူမနေသည့် ခွန်ကျော်နီ၏ တဲထဲ့တွင် စစ်သားနှစ်ဦးစောင့်စေပြီး တစ်ရက်နှင့်တစ်ညကြာ ဖမ်းဆီးချုပ်နှောင်ထားခဲ့ကြောင်း သိရသည်။

”မူးယစ်ဆေးပြားဆိုတာ တစ်ကယ်ကျွန်တော် လုံးဝရောင်းဝယ်တာ မလုပ်ခဲ့ပါဘူး။ ကျွန်တော့ကို လာဖမ်းတဲ့အချိန်လည်း ဘာမဆေးပြားမှလည်းမတွေ့ဘူး၊ မတွေ့တော့ စိတ်ကြွဆေးပြားတွေ ကျွန်တော်တစ်ခြားလူအိမ်မှာ သွားထားတယ်၊ ကျွန်တော် သူ့ကိုလိမ်လည်တယ်ဆိုပြီး ကျွန်တော့ကို တုတ်နဲ့ရိုက်တယ်၊ နားထင်ကို သေနတ်နဲ့ထုတယ်၊ ပြီးတော့ကျွန်တော့ကို စောင့်ကန်တယ်။ ညအချိန်ကြီးနဲ့လေ၊ တော်သေးတယ် မျက်လုံးကို မထိလို့ပေါ့၊ မျက်ခုံးတော့ ဖောရောင်နေတယ်“ ဟု ဖမ်းဆီးရိုက်နက်ခြင်းခံရသူ ခွန်အေးက ပြောသည်။

ခွန်အေးကို ဖမ်းဆီးပြီးနောက် ဒီဇင်ဘာ ၂ ရက်နေ့တွင် မြို့နယ်အမှုဆောင် ခွန်ကျော်နီက ခွန်အေး၏မိသားစုနှင့် ထီတယမ်း ရွာသူကြီးကို ခေါ်ပြီး ခွန်အေးကို ငွေကြေး ၂၅ သိန်းဖြင့် ပြန်ရွေးထုတ်ပေးဖို့ ဆိုသည်။

“ခွန်ကျော်နီတို့ တရားဆုံးဖြတ်တာကျတော့ ကံ့ကော်ရွာနဲ့ ၃ မိုင်ဝေးတဲ့ ဗန်းကန်ရွာမှာ တရားစီရင်ဆုံးဖြတ်တယ်။ တရားစီရင်ဆုံးဖြတ်တာလည်း တရားခံက မပါဘူး။ တရားခံ ခွန်အေးက ကံ့ကော်ရွာမှာ ချုပ်နှောင်ကျန်ခဲ့တယ်။ ပြီးတော့ ခွန်အေးက သူ့ကို ပြန်လွတ်ပေးဖို့ ငွေ ၂၅ သိန်းပေးမယ်လို့ အာမခံထားတယ် ဆိုပြီး ခွန်အေးရဲ့ဆွေမျိုးမိသားစုတွေကို လိမ်လည်ပြီးပြောတယ်။ အဲဒါနဲ့ ကျွန်တော်တို့ဘက်က ခွန်အေးမိသားစုနဲ့ ထီတယမ်းရွားသူကြီးနဲ့ ခွန်အေးနဲ့ ခွန်ကျော်နီ စတဲ့သုံးပွင့်ဆိုင် တွေ့ပြီး တရားစီရင်ဆုံးဖြတ်မယ်လို့ ပြောတော့လည်း ခွန်ကျော်နီက လက်မခံဘူး။ အနည်းဆုံး ခွန်အေးနဲ့ သူမိသားစုတောင်မှ တွေ့ခွင့်မပေးဘူး“ ဟု ခွန်အေး၏အမှု စုံစမ်းသူ ခွန်အေးမောင်က ပြောသည်။

ငွေဖြင့် ပြန်မရွေး မချင်း မလွတ်ပေးကြောင်း၊ ခွန်အေး၏ မိသားစုမှ ဒီဇင်ဘာ ၂ ရက်နေ့ ညနေ ၁၀ နာရီအချိန်ခန့်တွင် ငွေ ၁၂ သိန်းနှင့် ၃ သိန်းတန်လက်စွပ် ၅ မူးသား စုစုပေါင်းငွေသား ၁၅ သိန်းနှင့် ရွေးလိုက်မှ ခွန်အေးကို ၁၀ နာရီ ၂၀ မိနစ်အချိန်တွင် ပြန်လွတ်ပေးလိုက်ကြောင်း သိရသည်။

“မူးယစ် စိတ်ကြွဆေးပြားဆိုတာ တော်တော့ကို အန္တရာကြီးတယ်။ မြို့နယ်အမှုဆောင်ခွန်ကျော်နီတို့ လုပ်ပုံက ကောင်းတယ်၊ ဒါပေမဲ့ သက်သေအထောက်ထား ခိုင်လှုံမု မရှိပဲ မတရားနည်းနဲ့ လုပ်တယ်၊ တရားစီရင် ဆုံးဖြတ်တာလည်း တရားနည်းလမ်း နဲ့မကျဘူး၊ လူကိုလည်း ညှင်းပမ်းနှိပ်စက်တယ်၊ ဥပဒေမှာ ပုဒ်မ (၃၇၅) ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရသူတစ်ဦးဦးမှ ဥပဒေနှင့်အညီ ခုခံချေပခွင့်ရှိရမည်လို့ ပြဌာန်းထားပေမဲ့၊ အခုကျတော့ ခုခံချေပခွင့် မရှိတဲ့အပြင် စွပ်စွဲခံရတဲ့သူကို ရိုက်နက်တယ် နှိပ်စက်တယ်။ အဲဒါ မတရားမှုတွေကို အများကြီးတွေ့မြင်နေရတယ်။ ဒီလိုလုပ်ရပ်တွေ ဆက်ရှိနေမယ်ဆိုရင် ကျွန်တော်တို့ တိုင်းရင်းသားပအိုဝ်းဒေသအတွက် တရားဥပဒေစိုးမိုးမှုရှိမှာမဟုတ်ဘူး“ ဟု ခွန်အေး၏ အမှုစုံစမ်းသူ ခွန်အေးမောင်က ဆက်ပြောသည်။

No comments: