တောင်ကြီးမြို့တွင် ပအိုဝ်းတိုင်းရင်းသားများ မီးပဒေသာပင်လှည့်လည်ပူဇော်

ခွန်ရာဇာ (တောင်ကြီး) | နိုဝင်ဘာလ ၆ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်



ပထမဆုံးအကြိမ် တောင်ကြီးမြို့နယ်ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ဦးဆောင်ပြီး တောင်ကြီးမြို့ရှိ ရပ်ကွက် ၂၂ ရက်ကွက်မှ ပအိုဝ်းတိုင်းရင်းသားများ လူအင်းအား သုံးထောင်ဝန်းကျင်ဖြင့် မီးပဒေသာပင်လှည့် လည်ပူဇော်ပွဲကို နိုဝင်ဘာ ၅ ရက်နေ့ညတွင် တောင်ကြီးမြို့နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုရုံး ဈေးပိုင်းရပ်မှ မိန်းလမ်းတလျောက် စူလာမုနိလောကချမ်းသာဘုရားသို့ စည်ကားစွာ မီးပဒေသာလှည့်ပူဇော်ကြောင်း သိရသည်။

“ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့နှင့် မြို့မိမြို့ဖလူကြီးလူငယ်များက ၁၉၉၁ ခုနှစ်က စတယ်၊ တစ်ခါတစ်လေ ကျပ်တည်းရင် မလုပ်ဖြစ်ဘူး၊ ၂၀၀၀ ခုနှစ် နောက်ပိုင်းမှ ပိုပြီးစည်းလုံးမှု၊ တက်ကြွမှု ပိုများလာတယ်၊ ဘုရား တရား သံဃာကို ဦးထိပ်ထား၍ မီးပဒေသာပူဇော်ခြင်း ဖြစ်တယ်၊ ဒီကျင်းပမှုက အဓိကတောင်ကြီးမြို့နယ်ရှိ ရပ်ကွက်များက ပအိုဝ်းတိုင်းရင်းသားများသာ ဖြစ်တယ်။ အဝေးကဆိုလျှင် သိပ်အဆင်မပြေဘူး၊ အခက်ခဲများရှိတယ်၊ ဒီနှစ်ထူးခြားတာက တောင်ရိုးတိုင်းရင်းသားဖြစ်တဲ့ ဦးရွှေထွန်း ဦးဆောင်တဲ့တောင်ရိုးစာပေနှင့်ယဉ်ကျေးမှုအဖွဲလည်း ပူးပေါင်းပါဝင်တာကို တွေ့ရတယ်၊“ ဟု ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုဗဟို အတွင်းရေးမှူး ခွန်မောင်မောင်စိုးက ပြောသည်။

“ဒီတန်ဆောင်တိုင်ပွဲကို ပအိုဝ်းရိုးရာဓလေ့ဖြစ်တဲ့ မီးပဒေသာလှည့်လည်ပူဇော်ပွဲကို ရပ်ရွာတွင်အစဉ်လာမပျက် ပူဇော်ကန္တော့ကြတယ်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲမှာ သုံးကြိမ်သာ ကျင်းပရသေးတယ်၊ သီတင်းကျွတ်လပြည့်၊ တန်ဆောင်မုန်းလပြည့်ရက်တွေမှာ မြတ်စွာဘုရားကို ရည်စူးပြီးတော့ ဆီမီးပူဇော်ခြင်းဖြစ်တယ်၊ တောင်ကြီးမြို့ ၂၂ ရပ်ကွက် နဲ့ ဖါမွန်းကျေးရွာအုပ်စု၊ ပေါမူကျေးရွာအုပ်စုက ပအိုဝ်းတိုင်းရင်းသားများ စုပေါင်းပြီးတော့ လူအင်အား သုံးထောင်ဝန်းကျင်ခန့် မီးပဒေသာပူဇော်ခြင်းဖြစ်တယ်၊ ဒီမီးပဒေသာပူဇော်လိုက်ခြင်းကြောင့် စည်းလုံးညီညွတ်ရေးလည်းရတယ်။“ ဟု ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ သုတေသနမှူး ခွန်ရာမ က ပြောသည်။

“ဒီအစိုးရသစ် လက်ထက်မှာ တောင်ရိုးတိုင်းရင်းသားများ တက်ညီလက်ညီ အခြားတိုင်းရင်းသားများ နည်းတူ တန်ဆောင်တိုင်ပွဲတော်မှာ အနယ်နယ်အရပ်ရပ်က တိုင်းရင်းသားများပေါင်းစုံ စုစည်းဖြစ်ကြတယ်။ ကိုယ့်တိုင်းရင်းသားလူမျိုးကို ဖော်ထုတ်ခွင့်ရတယ်။ ခွဲခြားမှုမရှိဘဲ တိုင်းရင်းသားစည်းလုံးညီညွတ်မှုရှိအောင် ရည်ရွယ်ပြီး မီးပဒေသာပင်လှည့်လည်ပူဇော်ခြင်း ဖြစ်တယ်၊ လူအင်အား ၅၀၀ ကျော်ခန့် ကလော၊ ပင်လောင်း မြို့နယ်မှ တက်လာခြင်းဖြစ်တယ်၊ ပအိုဝ်းတိုင်းရင်းသားနဲ့ တောင်ရိုးတိုင်းရင်းသားဟာ စကားပြောဆိုမှုသာ နည်းနည်းကွာဟမှုရှိပါတယ်။ ပအိုဝ်းတိုင်းရင်းသားနဲ့ သွေးနီးပါတယ်။ ပူးပေါင်းပါဝင်မှုက ဒီနှစ်ပထမဆုံးအကြိမ်လည်း ဖြစ်တယ်“ ဟု တောင်ရိုးစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ နာယက ဦ က ပြောသည်။

“မြန်မာနိုင်ငံတော်ထဲမှာ တောင်ရိုးလူမျိုးလည်း တိုင်းရင်းသားတစ်မျိုးဖြစ်တယ်၊ တောင်ရိုးလူမျိုးဟာ တစ်ကွဲတစ်ပြား နေထိုင်ကြတယ်၊ လူငယ်တွေ အားတက်လာအောင် စုစည်းခဲ့ရတယ်၊ ဒီတန်ဆောင်တိုင်ပွဲတော်မှာ မီးပဒေသာပင်၊ မဟာဘုံကထိန်စသဖြင့် ပူးပေါင်းပါဝင်မှုရှိခဲ့တယ်“ ဟု တောင်ရိုးစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဝင် ဦးမောင်ဘိုက ပြောသည်။

မြို့လုံးကျွတ်မီးပဒေသာပင်လှည့်လည်ခြင်းကို တန်ဆောင်မုန်းလပြည့်နေ့ညတွင် ကျင်းပသော်လည်း ပအိုဝ်းတိုင်းရင်းသားနှင့် တောင်ရိုးတိုင်းရင်းသားများသည် အဖိတ်နေ့ညတွင် စည်းကားစွာ မီးပဒေသာပင် လှည့်လည်ပူဇော်ခဲ့ကြောင်း၊ ပအိုဝ်းတိုင်းရင်းသားများနှင့် တောင်ရိုး တိုင်းရင်းသားများသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးထဲမှ ဌာနေတိုင်းရင်းသားများ ဖြစ်ကြပြီး ၉၅ ရာခိုင်နှုန်းခန့်သည် ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင် ကိုးကွယ်ကြကြောင်း၊ ကျန်ရှိသော ၅ ရာခိုင်နှုန်းခန့် ပအိုဝ်းတိုင်းရင်းသားများသည် ခရာဇ်ယာန်ဘာသာကို ယုံကြည်သက်ဝင်မှုရှိကြသည့်အပြင်၊ အခြားသောနတ်ကိုးကွယ်ယုံမှုများလည်း ရှိကြကြောင်း သိရသည်။



No comments: