ဂျူနီဗာမြို့တွင် ကလေးစောင့်ရှောက်ရေးစာချုပ် ပအိုဝ်းအဖွဲ့ (PNLO) လက်မှတ်ရေးထိုး

ခွန်သွီးပအိုဝ်းခမ်းကောင် | နိုဝင်ဘာ ၂၆ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

ဆွစ်စလန်နိုင်ငံ ဂျူနီဗာမြို့တွင် ဂျူနီဗာကောအဖွဲ့မှ ပြုလုပ်သောတတိယအကြိမ်အစည်းဝေးတွင် လက်နက်ကိုင်ပဋိပက္ခဒေသအတွင်း ကလေးသူငယ်စောင့်ရှောက်ရေးသဘောတူစာချုပ်ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး PNLO ဥက္ကဌ ဦးခွန်မြင့်ထွန်း တက်ရောက် လက်မှတ်ရေးထိုးခဲ့ကြောင်း နိုဝင်ဘာ၂၃ ရက်နေ့တွင် သိရသည်။

ဆွစ်စလန်နိုင်ငံရှိ (Geneva Call) ဂျူနီဗာကောအဖွဲ့သည် အစိုးရမဟုတ်၊ NGO သတ်သတ်မဟုတ် ဆွစ်စလန်နိုင်ငံအစိုးရနှင့် ဥရောပ EU ကော်မရှင်၏ ထောက်ပံ့မှုဖြင့် ဆောင်ရွက်နေသောအဖွဲ့ဖြစ်ပြီး နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ စံချိန်စံညွန်းနှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နေသော အဖွဲ့ဖြစ်ကြောင်း၊ ယခု တတိယအကြိမ်အစည်းအဝေးတွင် ပဋိပက္ခဖြစ်ပွားရာ ဒေသတွင်း ကလေးသူငယ်စောင်ရှောက်ရေး သဘောတူစာချုပ်၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကာကွယ်စောင့်ရှောက်မှုနှင့် မြေမြုပ်မိုင်းမသုံးစွဲးရေးများကို အဓိကပြုလုပ်ဆွေးနွေးကြောင်း၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO မှ ကလေးသူငယ်စောင့်ရှောက်ရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

“ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့က ကိုယ့်လူမျိုးလွတ်မြောက်ရေးအတွက် တော်လှန်ရေးဆင်နွဲ ခြင်းဖြစ်တယ်၊ အကြမ်းဘက်မဟုတ်ဘူး၊ ဒါကြောင့် ဂျူနီဗာကောမှာ တက်ရောက်လက်မှတ်ထိုးခွင့် ရခဲ့တယ်၊ နိုင်ငံတကာစံချိန်စံညွန်းနှင့်အညီ လိုက်နာဆောင်ရွက်သွားမှာပါ“ ဟု PNLO ဥက္ကဌ ဦးခွန်မြင့်ထွန်းက ပြောသည်။

ထိုအစည်းဝေးတွင် အာရှတိုက်၊ အာဖရိကတိုက်၊ တောင်အမေရိကတိုက်နှင့် မြောက်အမေရိကတိုက်ရှိ လက်နက်ကိုင်အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်း၊ အကြမ်းဖက် လက်နက်ကိုင် အဖွဲ့အစည်းများ မဟုတ်ကြောင်း၊ အကြမ်းဖက်လက်နက်ကိုင်များ ပါဝင်ခွင့်မရကြောင်း သိရသည်။

ဂျူနီဗာကောတွင် ကလေးသူငယ်စောင့်ရှောက်ရေး သဘောတူစာချုပ်ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့မှ ဥက္ကဌ ဦးခွန်မြင့်ထွန်း၊ ဒုဗိုလ်မှူးကြီး ခွန်အောင်မန်းနှင့် ဂျူနီဗာကောအဖွဲ့ဥက္ကဌတို့ လက်မှတ်ရေးထိုးပြီး ဆွစ်စလန်နိုင်ငံဝန်ကြီးချုပ်က သက်သေအနေဖြင့် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

No comments: