ကြက်သွန်ဈေးနိမ့်ကျလို့ ကြက်သွန်စိုက်တောင်သူ ပအိုဝ်းများ အတိဒုက္ခရောက်

By ခွန်ထီးခမ်း | ဒီဇင်ဘာ ၃၀ ရက်၊ ၂၀၁၂ | တောင်ကြီးတိုင်းမ်

တောင်ကြီး (တောင်ကြီးတိုင်းမ်)။ ။ ယခုနှစ် ၂၀၁၂ ခုနှစ်တွင် ကြက်သွန်ဖြူကို အဓိကစိုက်ပျိုးတဲ့ ပအိုဝ်းတောင်သူလယ်သမားများမှာ ကြက်သွန် ဈေးနှုန်းမရှိသည့်အတွက် ၂၀၀၇ ခုနှစ်က ကြုံတွေ့ခဲ့ရသည့်အတိုင်း မိမိတို့ကြက်သွန်ကို သွန်ပစ်ရတော့မည့်အလားအလာသို့ ရောက်ရှိနေပါသည်။



ရှမ်းပြည်တောင်ပိုင်းတွင် တောင်သူလယ်သမားအများစုသည် ပဲပုတ်စိုက်ပြီး ကြက်သွန်ဖြူကို အဓိက စိုက်ပျိုးကြသည်။ လယ်စပါးစိုက်ခင်း ရိတ်သိမ်းပြီးသည့်နောက် အချိန်မှီ မြေထွန်ပြီး ကြက်သွန်ဖြူကို စိုက်ပျိုးကြသည်။

ကြက်သွန်ဖြူကို အောက်တိုဘာလ နှင့် နိုဝင်ဘာလကြားတွင် အများဆုံး စိုက်ပျိုးကြပြီး၊ လယ်စပါးများ ရိတ်သိမ်းပြီးမှ စိုက်သူများကမူ အနည်းငယ် နောက်ကျ၍ စိုက်ပျိုးလျှက်ရှိသည်။

တောင်သူလယ်သမားများ ကြက်သွန်ဖြူစိုက်ပျိုးရန် မြေသြဇာစရိတ် မြေပြင်စရိတ်၊ ကောက်ရိုးခ နှင့် စိုက်ပျိုးစရိတ်များမှာ နှစ်အစတွင်ပင် ကုန်ကျစရိတ်များသည်ဟု သိရသည်။

တောင်ကြီးမြို့နယ်၊ နမ်းဆီးကျေးရွာအုပ်စု၊ လဲင်းငေါက်ကျေးရွာနေ ဦးထွန်းမောင်က “ဦလေးက ကြက်သွန်းမျိုး ပိဿာချိန်တစ်ရာစိုက်ထားတာ ခုမှနှစ်လပဲရှိသေးတာ ကုန်ကျစရိတ်က ကျပ်တစ်သိန်းခွဲလောက်ရှိနေပြီ။ ဒါတောင် ပိုးသတ်ဆေး၊ ပေါင်းရှင်းခ၊ နေ့စားခတွေ ကြက်သွန်မပေါ်ခင်ထိ ဘယ်လောက်ထပ်ကုန်အုံးမလဲ မသိဘူး” ဟု သူကပြောသည်။

“ကြက်သွန်ကိုပဲ စိုက်ရတာ ကုန်ကျစရိတ်တော့ ကုန်သလောက်ကုန်နေပြီ၊ ပေါ်ချိန်တော့ ဘယ်လောက်ဈေးနဲ့ ရမယ်ဆိုလည်း မသိဘူး။ တစ်ချို့ဆို မစိုက်ရဲကြတော့ဘူး” ၊ လဲုင်းငေါက်ကျေးရွာမှ တောင်ကြီးမြို့နယ် ပုံးစင်ကျေးရွာနေ ဦးမြင့်အောင်က ပြောပါသည်။

အချို့နှစ်များတွင် ငွေရေးကြေးရေးအခက်အခဲကြောင့် ကြက်သွန်များကို စိုက်ပျိုးဖို့ မျိုးပင်များ ချန်မထားနိုင်ပဲ အကုန်ရောင်းထုတ်ရသည့် နှစ်များလည်း ရှိသည်။ စိုက်ပျိုးချိန်တွင် မျိုးကို ဈေးကြီးပေးဝယ်ရပြီး ကြက်သွန်ဖြူ ပေါ်ချိန်ရောက်တော့ ဈေးနှုန်းမရှိသောကြောင့် ကြက်သွန်ဖြူတောင်သူလယ်သမားများ စားဝတ်နေရေး လွန်စွာကျပ်သည်းနေကြောင်း သိရသည်။

“ကြက်သွန်က သွန်ပစ်ရလောက်အောင် ဈေးမရှိဘူး” ဟု ထီဟန်ဆွေးကျေးရွာနေ အသက်ငါးဆယ်ခန့် အဒေါ်တစ်ဦးက ဆိုသည်။

ထီဟန်ဆွေးကျေးရွာမှ တောင်ကြီးမြို့ကို ကြက်သွန်တက်ရောင်းပါက ကားခကို ကြက်သွန်တစ်ပိဿာ ၄၀ ကျပ် ကုန်ကျနေပြီး၊ ကြက်သွန်ဖြူတစ်ပိဿာမှ ၅၀ ကျပ်ဈေးပဲ ရတဲ့အတွက် ကားခနုတ်ပြီး မိမိအတွက် ၁၀ ကျပ်သာ ကျန်ပါတော့သည်။ ဒါ့အပြင် လုပ်အားခ၊ အရင်းအနှီးကုန်ကျစရိတ်ပင် မနုတ်သေးပဲ တောင်သူများ အထိနာလျှက်ရှိသည်ဟု သိရသည်။

“ဒီိလိုသာ သုံးနှစ်လောက် ဆက်တိုက်ဖြစ်ရင်တော့ ကျနော်တို့ ထမင်းငတ်နိုင်တယ်” ဟု စိတ်မချမ်းမသာစွာဖြင့် ထီဟန်ဆွေးကျေးရွာမှ ခွန်စောဖြူက ပြောသည်။

ကြက်သွန်ဖြူ အထူး ၁ ကို ၁၀၀ ကျပ်၊ ထူး ၂ ကို ၁၅၀ ကျပ်၊ ထူး ၃ ကို ၂၀၀ ကျပ် နှင့် ထူး ၄ ကို ၄၀၀ ကျပ်နှုန်းသာ ရရှိသည်။ သို့သော်လည်း ထူး ၄ အမျိုးအစား အထွက်နှုန်းက နည်းသည်။ အမျိုးက ပိဿာချိန် ၁၀၀ ရင်းထားပါက ကောင်းလျှင် ပိဿာချိန်ရှစ်ရာခန့် ထွက်ရှိပြီး၊ တော်ရုံဆိုလျှင် ပိဿာချိန်ခြောက်ရာလောက်သာ ထွက်နိုင်ကြောင်း သိရသည်။

“အဖွားတို့ရွာက ရေခြား (ရှားပါး) တော့ ရေလောင်းနိုင်ဖို့ မနက်အစော သုံးနာရီခန့် ခြံထဲကိုဆင်းရပြီ” ဟု ထီဟန်ဆွေးကျေးရွာမှ အဖွားတစ်ဦးက ဆိုသည်။



ကြသွန်ဖြူဟာ ငါးလခန့် သက်တမ်းရှည်ပြီး၊ အနည်းဆုံး တစ်ပတ်တစ်ကြိမ်ခန့် ရေလောင်းပေး ရသည်။ ကျေးရွာအများစုသည် ရေအခက်အခဲရှိသောကြောင့် အလည့်ကျရေရက်သတ်မှတ်ပြီး ရေလောင်းကြ ရသည်။ ကြက်သွန်ရေလောင်းနိုင်ဖို့ ရေများအလုအယှက်ဖြစ်ရာမှ တစ်ရွာသားခြင်း စကားများရလည်း ရှိသည်။

No comments: