နှစ်ပေါင်း(၉၀)ရှိနေပြီဖြစ်သော မနူဟာမင်းနတ်ကွန်း ယခုအခါတွင် ပြုပြင်သူကင်းမဲ့နေ

By ပအိုဝ့်လေး(သထုံ) | December 22, 2012 | ရွှေမြန်မာမီဒီယာ

သထုံမြို့ရောက်ရင် သထုံမြို့ရဲ့ အရှေ့ တောင်ဘက်မှာ နေမိန္ဒရတောင်တည် ရှိပါတယ်။ နေမိန္ဒရတောင်မှာ တစ်ချိန်က ရဟန္တာကြီးရယ်လို့ သမုတ်ခဲ့ကြတဲ့ စွန်းလွန်းဆရာတော်ကြီး ဦးက၀ိနှင့် ညောင်လွန့်တောရဆရာတော် ဦးမေဓါဝီတို့ အခက်အခဲများကြားမှ အောင်မြင်ခဲ့တဲ့ ၁၂၈၄ ခုနှစ်က သိမ်ကိုလည်းလေ့လာနိုင်ပါတယ်။ဒါပေမယ့် ယခုအခါမှာတော့ သိမ်ငုတ်များကိုသာ တွေ့ရတော့မှာပါ။



ယခုအခါမှာတော့ နေမိန္ဒရတောင်တော်ထက်တွင် လေးကျွန်းမာန်အောင် စေတီတော်ကြီးကို သပ္ပါယ်စွာဖူးမြင်နိုင်ပါတယ်။

၁၂၈၄ ခုနှစ်သိမ်သမုတ်စဉ်က ထူးဆန်းစွာဖြင့် ပေါ်ပေါက်ခဲ့တဲ့ဖြစ်စဉ်ကတော့ သထုံပြည့်ရှင် မနူဟာမင်းကြီးဟာ ကျွတ်တမ်းဝင်နိုင်ခြင်းမရှိသေးဘဲ နေမိန္ဒရတောင်တွင် ရှိနေသည်ကို စွန်းလွန်းဆရာတော်ဘုရားအား မင်းဝတ်တန်ဆာအပြည့်အစုံဖြင့် လက်ရောက်ရှိခိုးခဲ့ သည်ဟု စွန်းလွန်းဆရာတော်ဘုရားကြီးဦးက၀ိ၏ ထေရုပတ္တိ၊နေမိန္ဒတောင် သိမ်သမုတ်ခန်းတွင် ဖတ်ရှုလေ့လာနိုင်ပါတယ်။

ထိုဖြစ်စဉ်ကြောင့် စွန်းလွန်းဆရာတော်ဘုရားကြီးက နေမိန္ဒရတောင် အရှေ့ဘက်တွင် နတ်နန်း(နတ်ကွန်း) တစ်ခုကိုတည်ဆောက်ပေးနိုင်ရန် ညွှန်ကြား သြ၀ါဒ ပေးမှုကြောင့် ထိုစဉ်က သထုံမြို့ရှိအရာရှိမင်းများဖြစ်သော ဦးဖိုးစ၊ဦးကျော်ဒွန်းတို့က မနူဟာမင်းကြီး၏ နတ်နန်း(နတ်ကွန်း) ကိုတည်ဆောက်ပေးခဲ့ရာ ယခုတိုင်တည်ရှိနေပါသည်။

သထုံမြို့သို့ရောက်ရှိလာပါက ရှေးဦးစွာ ရွှေစာရံစေတီဖူးမြော်ပါ။ပြီးလျှင် မြသပိတ် စေတီတော်၊ယင်းနောက် နေမိန္ဒရအောင်မြေကိုလာရောက်နင်းပြီး နေမိန္ဒရတောင်ပိုင်ကြီးအဖြစ် လူသိများသော မနူဟာမင်းကြီး၏ နတ်နန်း(နတ်ကွန်း)သို့ သွားရောက်ပြီးလိုရာဆုများတောင်းယူ ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

နှစ်ပေါင်း(၉၀)ရှိနေပြီဖြစ်သော မနူဟာမင်းနတ်ကွန်းသည် ယခုအခါတွင် ပြုပြင်သူကင်းမဲ့နေပြီး၊ ပြုပြင်မည့်သူရှိပါကလည်း မည်သည့်နေရာတွင် သတင်းပို့ရမည်မသိ၊ နေမိန္ဒတောင်တွင် သူပိုင်သည် ငါပိုင် သည်နှင့် အငြင်းပွားနေကြပါသဖြင့် သတ်သတ်မှတ်မှတ် အဖွဲ့လေးကို သက်ဆိုင်ရာက ဖွဲ့စည်းပေးမည်ဆိုပါလျှင် ကောင်းမွန်မည် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

No comments: