တောင်ကြီးမြို့တွင် ပအိုဝ်းလူငယ်အစည်းအရုံး ဦးစီး၍ အမျိုးသမီးနှီးနှောဖလှယ်ပွဲ ကျင်းပ

ခွန်စိမ်းမောင် (တောင်ကြီး) | ဇွန်လ ၂၆ ရက်၊ ၂၀၁၃ ခုနှစ် | တောင်ကြီးတိုင်းမ်

ပအိုဝ်းလူငယ်အစည်းအရုံး (Pa-Oh Youth Organization-PYO) ဦးစီး၍ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ရဒေသမှ ပအိုဝ်းလူငယ်အမျိုးသမီးများ နှီးနှောဖလှယ်ပွဲတစ်ရပ်ကို တောင်ကြီးမြို့တွင် ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းနှီးနှောဖလှယ်ပွဲအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ တောင်ကြီး၊ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း၊ လွယ်လဲမ် စသည့် ဒေသအသီးသီးမှ ပအိုဝ်းအမျိုးသမီးလူငယ်များ တက်ရောက်ပြီး ဖက်ဒရယ်ပြည်ထောင်စုနှင့် ပတ်သက်သည့်အကြောင်းအရာများ အပါအ၀င်၊ အမျိုးသမီးများရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေး၊ အမျိုးသမီးစွမ်းရည်မြှင့်မားလာစေရေး နှင့် အမျိုးသမီးများ အချင်းချင်းအကြား ဗဟုသုတများမျှဝေနိုင်ရေး စသည့်တို့ကို ပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြောင်း သိရသည်။

“ပြောင်းလဲတိုးတက်နေတဲ့ ခေတ်နဲ့အညီ အမျိုးသမီးနှီးနှောဖလှယ်ပွဲမှ ကျမတို့ ပအိုဝ်းအမျိုးသမီးငယ်များ စွမ်းရည်ပြည့်ဝသော အမျိုးသမီးထုကြီး ဖြစ်စေချင်ပါတယ်၊ ကျမတို့ ပအိုဝ်းတိုင်းရင်းသား အမျိုးသားရေးကိစ္စရပ်မှာလည်း အမျိုးသမီးများ ဒီထက်ပိုပြီး ပါဝင်နိုင်တဲ့ အခြေအနေသို့ ဦးတည်ပြီးတော့ ဆွေးနွေးခဲ့ပါတယ်၊” ဟု နီးနှောဖလှယ်ပွဲ ဦးဆောင်ကျင်းပသူတစ်ဦးမှ ပြောသည်။

ပအိုဝ်းလူငယ်အစည်းအရုံး (PYO) အား ငြိမ်းချမ်းရေးနှင့် တရားမျှတရေးကို အခြေခံသည့် လူ့ဘောင်သစ်တစ်ရပ်ပေါ်ထွန်းလာစေရန်၊ ပအိုဝ်းလူငယ်များကို အရည်အသွေး စွမ်းအားမြှင့်တင်ပေးရန်၊ ပအိုဝ်းပြည်သူများအကြား ပိုမို၍စည်းလုံးညီညွတ်မူရှိလာစေရန်နှင့် ပအိုဝ်းလူငယ်မျိုးဆက်များကို အနာဂတ်ခေါင်းဆောင်ကောင်းများဖြစ်လာစေရန် စသည့် ဦးတည်ချက်ဖြင့် ၁၉၉၈ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့ တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်။

No comments: