ပအိုဝ်းအမျိုးသမီးပညာရေးဖောင်ဒေးရှင်းမှ အင်္ဂလိပ်စာဆရာအဖြစ် လူငယ်များ ပညာသင်စေလွတ်

ခွန်စိမ်းမောင် (တောင်ကြီး) | ဇွန်လ ၂၇ ရက်၊ ၂၀၁၃ ခုနှစ် | တောင်ကြီးတိုင်းမ်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ သီရိဇေယျုံကျောင်း၊ ဇမ္ဗူရတနာမြတ်မင်္ဂလာကျောင်း၊ ဂန္ဓာရုံကျောင်းတို့ရှိ ဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့် အင်္ဂလိပ်စာသင်တန်းများနှင့် ပအိုဝ်းအမျိုးသမီးပညာရေး ဖောင်ဒေးရှင်းတို့မှ ပူးပေါင်းဆောင်ရွက်သော ပထမအကြိမ် အင်္ဂလိပ်စာ ဆရာဖြစ် (၂)နှစ် သင်တန်းသို့ တက်ရောက်မည့် သင်တန်းသူ သင်တန်းသားများ (၄၀) ကျော် သြ၀ါဒခံယူပွဲတစ်ရပ်ကို တောင်ကြီးရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပအိုဝ်းအမျိုးသမီးပညာရေးဖောင်ဒေးရှင်း ဥက္ကဌ ဒေါက်တာနန်းခင်သန်းနွဲ့မှ “တောင်တန်းဒေသမှာ ကျောင်းတက်နေတဲ့ လူငယ်တွေ အင်္ဂလိပ်ဘာသာမှာ ထိတွေ့မှု အားနည်းပြီး ၈ တန်း၊ ၉ တန်း၊ ၁၀ တန်း မှာ ကျောင်းတက်နိုင်ဖို့ အခက်အခဲဖြစ်နေတဲ့ လူငယ်တွေ အများကြီးရှိတယ်။ ဒါကြောင်း အင်္ဂလိပ်စာ ဆရာဖြစ်သင်တန်းကျောင်းတက်နိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးရတာဖြစ်ပြီး၊ ကိုယ်ရပ်ကိုယ်ဒေသမှာ ပြန်လည်အကျိုးပြုစေဖို့ ပညာသင်စေလွတ်ရတာဖစ်တယ်” ဟု ရှင်းပြသည်။

“လူငယ်တွေ ပညာရေးမြင့်မားတိုးတက်ဖို့ အင်္ဂလိပ်ဘာသာရပ်မှာ အရေးအဖတ် အပြောကောင်းမွန်မှ နိုင်ငံတကာအသိုင်းအ၀ိုင်းတို့နဲ့ ဆက်သွယ်မှုအားကောင်းပြီး၊ အာဆီယံဒေသရှိ ခရီးသွား လုပ်ငန်းခွင်မှာလည်း အကျိုးဆက် ဖြစ်ထွန်းစေပါတယ်။ ထို့အတူ တောင်တန်းဒေသ ဌာနေတိုင်းရင်းသား ကလေးငယ်များအတွက် ပညာရေးရံပုံငွေတွေ ထောက်ပံ့ ပေးအပ် လှူဒါန်းနိုင်ပါတယ်” ဟု ပအိုဝ်းအမျိုးသမီးပညာရေးဖောင်ဒေးရှင်း၏ ဒု-ဥက္ကဌ ဒေါ်နန်းဝင်းကြည် မှ ဆိုသည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းမှာ အင်္ဂလိပ်စကားကျွမ်းကျင်ပြီး ဘာသာပြန်ကောင်း တစ်ဦးအနေဖြင့် ပြန်လုပ်ပေးနိုင်ဖို့ ယင်းအင်္ဂလိပ်စာ ဆရာဖြစ်သင်တန်းကျောင်းကို လျှောက်ထားရခြင်း ဖြစ်ကြောင်း အင်္ဂလိပ်စာ ဆရာဖြစ်သင်တန်းကျောင်းတက်မည့် ခွန်ကျော်ခမ်း (နောင်ခဲုင်း) က ပြောသည်။

ပညာကို လိုလားသော်လည်း ပညာသင်ကြားရန် အခက်အခဲရှိသော ကျောင်းသား ကျောင်းသူများ ဆက်လက်၍ ပညာသင်ကြားနိုင်ရန် ၀ါသနာတူ စေတနာရှင် ပအိုဝ်းအမျိုးသမီးများ စုပေါင်း၍ ပအိုဝ်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်ကူညီဆောင်ရွက်နိုင်ရန် ပအိုဝ်းအမျိုးသမီးပညာရေးဖောင်ဒေးရှင်းကို ၂၀၁၀ ခုနှစ်တွင် ဖွဲ့စည်းခဲ့ကြာင်းလည်း သိရသည်။

ပအိုဝ်းအမျိုးသမီးပညာရေးဖောင်ဒေးရှင်း ကို အမှတ် (၉၈)၊ ကုန်သည်လမ်း၊ ဈေးပိုင်းရပ်၊ တောင်ကြီးမြို့၊ သို့မဟုတ် Email: paohweduf@gmail.com, သို့မဟုတ် Phone: 081 202 154 စသည့် နေရပ်လိပ်စာ အီးမေး ဖုန်းများဖြင့် ဆက်သွယ်နိုင်သည်။

No comments: