မြေယာမှုခင်း မဖြေရှင်းပေး၍ ပြဿနာအခြေနေပိုဆိုးလာ

ခွန်ရာဇာ (တောင်ကြီး) | မေလ ၃၁၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

တောင်ကြီးမြို့မြောက်ဘက် ပလီလင်းရွာတွင် မတရားမြေယာသိမ်းဆည်းပြီး ပုဂ္ဂလိကသို့ ပြန်လွဲ၍ မြေယာမှုခင်းဖြစ်ပွားရာ ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးအောင်ဆန်းက အချိန်ရွေ့ပြီး ဖြေရှင်းမှု မပေးသောကြောင့် အခြေအနေပိုဆိုးလာကြောင်း မေလ ၃၀ ရက်တွင် ပလီလင်းရွာနေမြေသိမ်းခံရသူ ခွန်မောင်လွန်းက ပြောသည်။

မေလ ၇ ရက်တွင် တစ်ခေါက် မေလ ၁၄ ရက်တွင် တစ်ခေါက် ခေါ်ချိန်းပြီး ဖြေရှင်းပေးမည်ဟုဆိုသော်လည်း အကြောင်းအမျိုးမျိုးပြပြီး မဖြေရှင်ပေး၍ မြေသိမ်းခံရသောဒေသခံများ ဝင်ရောက်လုပ်ကိုင်ကာ၊ ယခုတွင် စိုက်ပျိုးထားသော ပြောင်းပင်များကို မေလ ၂၇ ရက်တွင် သုံးပုံတစ်ပုံကို ကိုယ်စားလှယ်လွဲခံရသူ နန်းမြလိုင်ဦးက ဖျက်ဆီးလိုက်သည်ဟု ဆိုသည်။

မိမိပြောင်းပင်များကို ဤကဲ့သို့ ဖျက်ဆီးမှုမှ တားဆီးပေးရန် မြေသိမ်းခံရသူက ရွာသူကြီးကို တိုင်ကြားခဲ့ပြီး၊ ဤဖျက်ဆီးခဲ့သည့်လုပ်ရပ်ကို ဖျက်ဆီးခံရသူဘက်က တရားစွဲရန် ရွာသူကြီးမှ ပြောခဲ့သည်ဟု ဆိုသည်။ နောက်ဝင်ရောက်လုပ်ကိုင်လျှင်လည်း ကိုယ်စားလှယ်လွဲခံရသူဘက်က တရားစွဲဆိုသွားမည်ဟု ပြောကြောင်း၊ မြေသိမ်းခံရသူအနေနှင့် တရားမစွဲလိုသေးကြောင်း ကိုယ်ပိုင်မြေယာဖြစ်သည့်အတွက် ဝင်ရောက်လုပ်ကိုင်နေမည်ဖြစ်ကြောင်း မြေသိမ်းခံရသူ ဦးမောင်ဟိန်းက ပြောသည်။

မြို့နယ်အုပ်ချုပ်ရေးမှုးက ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှုး ဦးအောင်ဆန်းကို မြေယာမှုခင်းဖြေရှင်းပေးမှု တာဝန်လွဲအပ်ထားသော်လည်း ဖြေရှင်းပေးမှုမရှိ၍ မေလ ၇ ရက်တွင် ပြည်သူတို့၏တိုင်ကြားစာနှင့် အသနားခံစာ ဆိုင်ရာကော်မတီ နေပြည်တော်နှင့် လယ်ယာမြေသိမ်းဆည်းခံရမှုကြောင့် နှစ်နာမှုမရှိစေရန် စုံစမ်းစစ်ဆေးရေးကော်မရှင် နေပြည်တော်သို့ လိပ်မူပြီး တိုင်စာတင်ထားကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှုး မဖြေရှင်းပေးသော်လည်း အထက်ကအမိန့်ကျလာမည်ကို စောင့်နေမှာဖြစ်ကြောင်း၊ ထိုတရားစွဲခြင်းကိုလည်း မပြုလုပ်သေးကြောင်း မြေသိမ်းခံရသူ ဦးခွန်မောင်လွန်းက ပြောသည်။

သက်သေအထင်အရှားရှိသောလူနှုင့် မြေအရောင်းအဝယ်စာချုပ်ကို ပိုင်ဆိုင်ထားသော်လည်း မတရား သိမ်းဆည်းခံနေရခြင်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏  စက်တင်ဘာလ ၂၉ ရက် ၂၀၁၂ ခုနှစ်ညွှန်ကြားချက်အရ ကာယကံရှင်များအနေဖြင့် ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှုးရုံးတွင် မြေယာမှုခင်းအဖြစ် အမှုတွဲဖွင့်လှစ်ဆောင်ရွက်သွားရေး  ညွှန်ကြားထားသော်လည်း ယခုထိဖြေရှင်းမှု မရသေးဟု ဒေသခံများက ဆိုသည်။


ရပ်ကွက်အုပ်ချုပ်ရေးမှုကို ကျေးရွာပြည်သူများ အားကိုးရန်အတွက် တင်မြောက်ထားခြင်းဖြစ်သော်လည်း အရေးရောက်သော် ခေါင်းရှောင်ပြီး နေနေကြောင်း၊ ကျေးရွာမြေယာကော်မရှင် ဖွဲ့ထားပြီးအလုပ်မလုပ်ကြောင်း၊ ကိုယ်စားလှယ်လွဲခံရသူအနေနှင့်လည်း ရှင်းရှင်းလင်းလင်းဖြစ်ချင်ကြောင်း၊ မြေသိမ်းခံရသူအနေနှင့်လည်း ရှင်းရှင်းလင်းလင်းဖြစ်ချင်ကြောင်း၊ ဖြေရှင်းမှု မရမချင်း ပြဿနာပိုပြီးကြီးလာနိုင်ကြောင်း မြေသိမ်းခံရသူနှင့် သက်သေများဖြစ်သော ပလီလင်းကျေးရွာ ဒေသခံများက ပြောသည်။




No comments: