စရဖအဖွဲ့မှ ညောင်ရွှေတွင် တန်ဖိုးငွေ ကျပ် (၃၂၂) သိန်းရှိ ဘိန်းမဲများ ဖမ်းဆီး

ဖိုးဇေ | မေလ ၁၀ ရက်၊ ၂၀၁၃ ခု | တောင်ကြီးတိုင်းမ်

ညောင်ရွှေမြို့ စစ်ဘက်ရေးရာလုံခြုံရေး (စရဖ) အဖွဲ့သည် တောင်ကြီးမြို့ရှိ ၄င်းတို့ဌာနချုပ်၏ အမိန့်အရ (၈-၅-၂၀၁၃) ရက်နေ့ ညနေ (၆) နာရီခန့်တွင် မူယစ်ဆေးဝါးများ သယ်ဆောင်မည် ဟူသောသတင်းအရ ညောင်ရွှေမြို့ စက်လှေဆိပ်တွင် စောင့်ဆိုင်းကာ ဘိန်းမဲများ တွေ့ရှိဖမ်းဆီးခဲ့ရကြောင်း သိရသည်။

၎င်းဖြစ်စဉ်မှာ စကားကျေးရွာနှင့် ညောင်ရွှေမြို့သို့ ပြေးဆွဲနေလျှက်ရှိသည့် ညောင်ရွှေမြို့နယ် မြို့ဟောင်းကျေးရွာနေ ခင်မောင်ထွေး၊ (၂၇) နှစ်၊ (ဘ) မောင်းနှင်သည့် စက်လှေအမှတ်၊ ညရ/၀၁၈၁ အား စစ်ဆေးရာ အင်းတန်းကျေးရွာအုပ်စု၊ ကုန်းသာကျေးရွာ ငါးဝယ်စခန်းမှ တင်ဆောင်လာသည့် ဆလားဗီးယား ငါးခြောက်အိတ်များ တွေ့ရှိသဖြင့် ငါးခြောက်အိတ်များအား ညောင်ရွှေမြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲမှူးမြ၀င်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ အသိသက်သေများနှင့် အတူ ရှာဖွေရာ ငါးခြောက်အိတ်များအတွင်းမှ ဘိန်းမဲဟုယူဆရသည့် (၁) ပိဿာ အလုံး (၄၆) လုံး ကာလတန်ဖိုးငွေ (၃၂၂) သိန်းကျပ်အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ ခင်မောင်ထွေးအား အမှုဖွင့်အရေးယူ ဆောင်ရွက်နိုင်ရေး စီစဉ်လျှက်ရှိပြီး မူးယစ်ဆေးဝါးများ ဖမ်းဆီးခဲ့သည့် စရဖအဖွဲ့နှင့် နီးစပ်သူတစ်ဦးမှ ပြောကြားရာတွင် စရဖအဖွဲ့သည် ယခင်ထောက်လှမ်းရေးအဖွဲ့များ ဖျက်သိမ်းပြီးနောက် ပြန်လည်ဖွဲ့စည်းခဲ့သည့်

အမည်ပြောင်း စစ်တပ်ထောက်လှမ်းရေးအဖွဲ့ဖြစ်ပြီး ၄င်းအဖွဲ့သည် စစ်တပ်နှင့်သက်ဆိုင်သည့် လုပ်ငန်းများအား အဓိကထားလုပ်ဆောင်လေ့ရှိပြီး ယခုဖြစ်စဉ်ကဲ့သို့သော နိုင်ငံတော်နှင့် ပြည်သူများ လူညွန့်တုံး အန္တရာယ်ဖြစ်ပေါ်စေမည့်ကိစ္စများအားလည်း ရံဖန်ရံခါ ၀င်ရောက် ဖမ်းဆီးတတ်ကြောင်း ဆိုသည်။

စရဖအဖွဲ့အနေဖြင့် အရပ်ဖက်ကိစ္စများတွင် ယခင်ထောက်လှမ်းရေးကဲ့သို့ ၀င်ရောက်စွက်ဖက် လုပ်ကိုင်မှုများ မရှိသလောက်နည်းပါးပြီး သတင်းရယူရေးတွင် အခြားသောဌာနများထက် သတင်း
လောဘကြီးသလို ၎င်းတို့အလုပ်နဲ့ ပတ်သက်ရင်လည်း မည်သည့်အဖွဲ့မဆို
ဂရုစိုက်တတ်လေ့ မရှိတာကို တွေ့ရှိရကြောင်းအား ပြောဆိုခဲ့သည်။

မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုနှင့် ပတ်သက်ပြီး စရဖရုံးသို့ ဆက်သွယ်မေးမြန်းရာတွင် ၄င်းတို့အနေဖြင့် ပြောဆိုခွင့် မရှိပါကြောင်း၊ ဖြစ်စဉ်အား သိရှိခြင်း မရှိကြောင်းကိုသာ ပြန်လည်ပြောဆိုခဲ့သည်။

No comments: