ဥပဒေမဲ့ ဖမ်းဆီးခြင်းမှ ပြန်လွတ်လာသည့် NLD အဖွဲ့ဝင် လယ်သမားနှစ်ဦးနှင့် တွေ့ဆုံမေးမြန်းခြင်း

ခွန်ရာဇာ (တောင်ကြီး) | မေလ ၁၇ ရက်၊ ၂၀၁၃ ခုနှစ် | တောင်ကြီးတိုင်းမ်

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) လက်အောက်ခံ ပြည်သူ့စစ်မှ မေလ ၁၄ ရက်နေ့တွင် ပင်ကွဲစခန်းမှ ဖမ်းဆီးချုပ်နှောင်ထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အဖွဲ့ဝင် ပအိုဝ်းအမျိုးသား လယ်သမား နှစ်ဦးဖြစ်သည့် ဦးတဟန်နှင့် ဦးတကျော်အား ၀န်ခံကတိ လက်မှတ်ရေးထိုးခိုင်းပြီး မေလ ၁၆ ရက် နံနက် ၁၀ နာရီတွင် ပြန်လည်လွတ်ပေးပြီး ည ၆ နာရီတွင် တွေ့ဆုံမေးမြန်းခဲ့သည်။

“ကျွန်တော့်ကို ခြံထိလာခေါ်ပြီး ဒီဘက်လာပါအုံးဟုဆိုကာ သွားတော့ တစ်ခါတည်းဖမ်းသွားလိုက်တယ်၊ စဖမ်းသွားချိန်မှာ လက်ထိပ်ခတ်ရုံသာမကဘူး၊ ညအချုပ်ထဲမှာ လည်ပင်း၊ ခါး ၊ လက်တွေကို ကြိုးနဲ့တုတ်ထားတော့ လုပ်လို့မရအောင် ထားတယ်။ ရိုက်နှက်တာ နိုပ်စက်တာတော့မရှိဘူး၊ ညဘက်မှာ အမျိုးမျိုးခြိမ်းခြောက်တယ်၊ လည်ပင်းဖြတ်ပစ်မယ်၊ သတ်ပစ်မယ်၊ မင်းတို့ကြောင့် ငါတို့အလုပ်ရှုပ်တယ် တစ်ခါထဲ ရှင်းပစ်လိုက်တော့ စသည်ဖြင့်ပေါ့။ အိမ်က ထမင်းလာပို့တော့လည်း ကောင်းကောင်းမစားရဘူး၊ ဟင်းတွေ သူတို့ယူထားလိုက်တယ်။ မနေ့က ထမင်းတနပ်မှ မစားရဘူး။ ထမင်းတော့ရှိတယ် ဟင်းမရှိဘူး စားလို့မရဘူးလေ။ အချုပ်ထဲမှာ ဗိုလ်မှုး တစ်ယောက်ပြီး တစ်ယောက်လာမေးတယ်။ မင်းတို့က မိုက်လိုက်တာ ငါတို့တားထားရဲ့နဲ့ ဘာဖြစ်လို့ ၀င်ရောက်လုပ်ကိုင်နေရတာလဲလို့ ပြောကြတယ်။ ကျွန်တော်က စာထွက်ကတည်းက မလုပ်တော့ဘူးလေ။ အဲတာကို ဘာလို့လာဖမ်းတာလဲပြန်ပြောတယ်” 
 ဟု အချုပ်ထဲမှ ပြန်လွတ်လာသည့် NLD  ပါတီအဖွဲ့ဝင် မောက်စံရွာနေ ပအိုဝ်းတောင်သူလယ်သမား ဦးတဟန်ကပြောသည်။

ဆက်လက်၍
“ကျွန်တော်ကို သူတို့လိုက်ရှာတယ်၊ မတွေ့လို့တဲ့။ ဦးတဟန်ကို ဖမ်းသွားတော့ ကျွန်တော်တို့လယ်သမား ဆယ်ဦး ဆိုင်ကယ်ငါးစီးနဲ့ လိုက်သွားတယ်၊ စခန်းရောက်တော့ ကျွန်တော့်ကို ပြောတယ်၊ တစ်နေကုန်လိုက်ရှာတာ မတွေ့ဘူး၊ မင်းပြေးလို့ လွတ်မယ်ထင်နေလား ဆိုပြီးတော့  သေနတ်နဲ့ ချိန်ကာဖမ်းလိုက်တယ်။ ဗိုလ်ကြီးကိုက သူများပိတ်ထာတာကို ဘာလို့ဝင်လုပ်တာလဲ၊ ကျွန်တော်တို့ လုပ်တုန်းက သူတို့မပိတ်သေးဘူး၊ အခုပိတ်တော့ ကျွန်တော်တို့မလုပ်တော့ဘူး၊ အဲတာကို ဘာလို့ဖမ်းတာလဲလို့ ပြန်ပြောတော့ မင်းက ရွာသားကို ဦးဆောင်လုပ်လို့ ဆိုပြီး ပြန်ထွက်သွားတယ်။ ဗိုလ်မှုးထွန်းရွှေက ၀င်လာတော့ တကျော်ဘာလို့ အချုပ်ထဲ ရောက်နေတာလဲလို့ မေးတော့ မြေယာကိစ္စပေါ့ ဗိုလ်မှုးလို့ ပြန်ပြောတယ်။ အား မင်းက မိုက်တာနော်၊ ငါ့ကို သမ္မတထိတောင် တိုင်တာကို လို့ပြောတယ်။ ကျွန်တော်တိုင်လို့ မဟုတ်ဘူး၊ မြေသိမ်းခံ ရွာသားတွေ တိုင်တာ ကျွန်တော်က ရှေ့မှာ လမ်းပြပေးရုံဘဲ ဗိုလ်မှုးလို့ ကျနော်ပြောတယ်။ သူက ဒါဆို အေးအေးဆေးဆေးငြိနိုင်းပြီး ပြန်လွတ်ပေးမယ်ဆိုပြီးတော့ ထွက်သွားရာ ညရောက်ထိ မလွတ်ပေးဘူး။ ညရောက်တော့ လည်ပင်းကို ကြိုးကြပ်လိုက်တယ်။ ကျွန်တော်မခံနိုင်လို့ ငိုလိုက်တယ်။ ငိုလျှင်ဓါးနဲ့ထိုးမယ်ဆိုပြီးတော့ ကျွန်တော်ကြောက်လို့ မငိုတော့ဘူး။ တဟန်လိုမျိုးဘဲ အမျိုးမျိုးခြိမ်းခြောက်တယ်။ ဒီနေ့ နန်းဟောင်းကျေးရွာအုပ်ချုပ်ရေးမှုး ဦးမောင်ပေ လာပြီးတော့ မင်းတို့ ငါ့စကား နားထောင်ရင် ငါငြိပေးမယ် လို့ပြောတယ်။ ကျွန်တော်လည်း နားထောင်ပါမယ်၊ အာမခံပေးသူ မရှိတော့ ကြောက်လည်း ကြောက်နေပြီ။ လွတ်ရင်ပြီးရော ဆိုပြီး ၀န်ခံကတိလက်မှတ်ထိုးမယ်။ သူတို့ စာရိုက်ပြီး ကျွန်တော်တို့ကို ဖတ်ပြမယ်။ သဘောတူရင် လက်မှတ်ထိုးပေး ဆိုပြီး ကျွန်တော်တို့ လက်မှတ်ထိုးလိုက်တယ်။ နောက်မလုပ်တော့နဲ့၊ ဒီတခါ ထပ်လုပ်နေရင် မဖမ်းတော့ဘူး၊ တစ်ခါတည်း ပစ်သတ်လိုက်မည်လို့ပြောတယ်။ ကျွန်တော်တို့လည်း အရှုပ်အရှင်းရှိနေသရွေ့ မ၀င်သေးဘူး။ အထက်က ဖြေရှင်းမှုရမှ ၀င်ရောက်လုပ်ကိုင်မယ်။ ကွင်းထဲမ၀င်ရင် သူတို့လည်း မဖမ်းဘူး။ အခု လက်မှတ်ထိုးတာလည်း စိတ်ဓါတ်မကျဘူး၊ တရားဥပဒေနဲ့ အညီ နောက်မဆုတ်ဘဲ ဆက်လက်လုပ်ဆောင်သွားအုံးမယ်။ ဟိုပုံးမြို့မှာ ဗိုလ်မှုးဦးခွန်စံလွင် တရားဟောတဲ့အချိန်မှာ မတရားသိမ်းထားတဲ့ မြေယာတွေကို ပြန်တောင်းဆိုနိုင်ပြီလို့ ပြောတော့ ကျွန်တော်တို့လည်း ပြန်ပြီးတောင်းဆိုတာဖြစ်တယ်”
 ဟု  အဖမ်းခံရသူ အခြားတစ်ယောက် NLD အဖွဲ့ဝင် တောင်သူလယ်သမား ဦးတကျော်က ပြောသည်။

၎င်းတို့ ပြန်သွားသည့်နောက်ပိုင်း NLD ပါတီရုံးကို ၀ိုင်းထားခြင်း မရှိတော့ကြောင်း။ ပြည်သူ့စစ်တွေ အိမ်ပေါ်လည်း မတက်ရဲကြောင်းနှင့် ဦးချိုဖါ လည်း အိမ်အောက်သို့ မဆင်းရဲကြောင်း၊ ဆင်းလျှင်ဖမ်းမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။


No comments: