ပလောင်အုပ်ချုပ်ရဒေသ မန်တုံမြို့နယ် ရဲတပ်သား သုံးဦး သတ်ဖြတ်ခံရ

ရက်စွဲ။ ။ ၃၀ ရက် မေ ၂၀၁၃

ယမန်နေ့ ၂၉ ရက် ညနေပိုင်း ၆ နာရီဝန်းကျင်တွင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ရဒေသ မန်တုံမြို့နယ်မှ မန်ပါတ်ရွာရှိ ရွှေလီတာဝါလျှပ်စစ်တာဝါတိုင်စောင့် တာဝန်ကျသည့် ရဲတပ်ဖွဲ့ဝင် (၃)ဦး ပစ်သတ်ခံရသည်ဟု သတင်းရရှိပါသည်။

အသတ်ခံရသည့် ရဲတပ်ဖွဲ့ဝင်များမှာ စိုးသိန်း( တပ်ကြပ်ကြီး)၊ ရဲဝင်း (တပ်ကြပ်)၊ အမည်မသိ (ဒုတပ်ကြပ် တစ်ဦး) တို့ဖြစ် သည်ဟု သိရသည်။

''ပထမတုန်းက ရွာသားတွေ အကြောင်းကြားတော့ တုတ်နဲ့ရိုက်နှက်ပြီး သတ်ဖြတ်ခံရတယ်လို့ သိရတယ် နောက်ကိုယ်တိုင်သွားကြည့်တော့ သေနာတ် ဒဏ်ရာတွေနဲ့အတူ သေဆုံးသွားတာကို တွေ့ခဲ့ရတယ်။ မနေ့က လစာထုတ်ရက် ဆိုတော့ သူတို့တွေ မန်တုံကို လစာပြန်ထုတ်ကြတာလေ ဒီမန်တုံ-နမ္မတူလမ်း ၇-မိုင်တံတား ရောက်တော့ တစ်ဦးဦးက စောင့်ဖမ်းပြီးတော့ ပစ်သတ်လိုက်တာနဲ့တူတယ်'' ဟု မိသားစုနှင့်နီးစပ်သူက ဆိုပါသည်။

ယနေ့ မနက်ပိုင်းတွင် သေဆုံးသွားသည့် အလောင်းများကို မန်တုံရဲစခန်းမှ တာဝန်ရှိသူများက လာရောက်ကြည့်ရှု ပြီးတော့ အလောင်းကို ဆေးရုံသို့ ပို့ဆောင်ထားပါသည်။

အဆိုပါရဲတပ်ဖွဲ့ဝင်များကို ပစ်သတ်လိုက်သည့် တရားခံကိုမူ မသိရသေးကြောင်း မန်တုံရဲစခန်းမှ စုံစမ်းနေကြောင်း ဆိုသည်။

မန်တုံဒေသတွင် ယခင်က အစိုးရတပ်မတော်သားများမှ တိုက်ခိုက်ခံမှုများရှိခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခြင်းသည် ပထမဆုံးကြိမ်ဟု ယူဆနိုင်ပါသည်။

ဆက်သွယ်ရန် - (+၆၆)၀၈၁၃၉၇၀၂၇၄
သတင်းနှင့်လူ့အခွင့်အရေးမှတ်တမ်းဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

No comments: