ပအိုဝ်းဒေသတွင် အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် ဒီမိုကရေစီထွန်းကားရေး သင်တန်းဖွင့်

By ခွန်နဂါးဗွာ | ဧပြီလ ၉ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

ဒီမိုကရေစီဆိုတာဘာလဲဆိုတာကို မြန်မာနိုင်ငံသားတိုင်း သိရှိရန်အတွက် မန္တလေးသာသနတက္ကသိုလ် အိင်္ဂလိပ်စာဌာန ကထိက ဦးသုစိတ္တက ပအိုဝ်းလူငယ်ကွန်ယက်အဖွဲ့ကို ဖိတ်ခေါ်ပြီး ဧပြီ ၇ ရက်၊ ဆီဆိုင်မြို့နယ် နောင်မွန်ကျေးရွာအုပ်စု ကံသာဦးကျောင်းတွင် လူ့အခွင့်ရေးနှင့်ဒီမိုကရေစီပညာပေး အမြင်ဖွင့်သင်တန်း ဖွင့်ပေးကြောင်း သိရသည်။

သင်တန်းတွင်ဒေသခံလူငယ်များသာမက သက်ကြီးရွယ်အိုပါ တက်ရောက်ပြီး သင်တန်းသားတစ်ရာ ကျော်ရှိပြီး၊ သင်ခန်းစာခေါင်းစဉ်မှာ လူ့ဂုဏ်သိက္ခာမြင့်တင်ရေးနှင့် မီဒီယာများ ဖြစ်သည်။ နောင်မွန် ကျေးရွာအုပ်စုတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်သောဒေသဖြစ်ကြောင်း သိရသည်။

နောင်မွန်ကျေးရွာအုပ်စုမှာ ပအိုဝ်းစာပေသင်တန်းနှင့် စနစ်အပြောင်းအလဲကို လူငယ်များသိစေချင်သော ကြောင့် ပအိုဝ်းလူငယ်ကွန်ယက်အဖွဲ့ကို ဖိတ်ခေါ်ပြီး သင်တန်းဖွင့်ပေးခြင်းဖြစ်သည်ဟု ဆိုသည်။

အရပ်ဘက်လူ့အဖွဲ့အစည်းများ များများပေါ်ထွန်းလာမှ ဒီမိုကရေစီထွန်းကားမည်ဖြစ်ပြီး၊ အမျိုးသားတစ်ရပ်လုံးအတွက် ကိုယ်ကျိုးစွန့်လုပ်ဆောင်ပေးနေသော ပအိုဝ်းလူငယ်အဖွဲ့များ အလွန်နည်းပါးကြောင်း၊ ဤကဲ့သို့သော ပအိုဝ်းလူငယ်ကွန်ယက်အဖွဲ့အစည်း ပအိုဝ်းလူမျိုးများအကြားတွင် များများရှိသင့်ကြောင်း ဦးသုစိတ္တက မိန့်ကြားခဲ့သည်။

ယခု ပအိုဝ်းလူငယ်အဖွဲ့များ လူထုအတွက် လှုပ်ရှားပေးနေသည့် ရည်ရွယ်ချက်ကို ပအိုဝ်းလူကြီးများအနေနှင့် အကုန်မသိနိုင်ကြောင်း၊ လူငယ်အဖွဲ့ကို ဘယ်နေရာမှာအသုံးချရင် ပအိုဝ်းအမျိုးသားအတွက် အကျိုးရှိမည်ကို စဉ်းစားသင့်ကြောင်း၊ ဒီမိုကရေစီလမ်ကြောင်းပေါ်တွင် လူငယ်အခန်းကဏ္ဍသည်လည်း အရေးကြီးကြောင်း၊ လူငယ်များအတွက် ချီးမွန်ခြင်းသည်ဘေး၊ ကဲ့ရဲခြင်းသည်ဆေး ဒါကြောင့် သူများကဲ့ရဲလျှင်ဆေး အဖြစ်ဆောင်ပြီး ကိုယ့်အလုပ်ကို ဆက်လက်လုပ်ဆောင်သွားရန်လိုအပ်ကြောင်း ၎င်းက ဆက်လက် မိန့်ကြားခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုပအိုဝ်းလူငယ်ညီလာခံ ပြုလုပ်မည့်အစီစဉ်နှင့် အမျိုးသားရေးလုပ်ငန်းကဏ္ဍတွင် ၀င်ရောက်လုပ်ကိုင်ရန် စိတ်ပါဝင်စားသည့်လူငယ်များ တက်ရောက်နိုင်ပြီး၊ ညီလာခံကို လာမည့်မေလတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ခွန်ခမ်းကောင်နှင့် ခွန်စိုးမြင့်ထွန်းတို့က ရှင်းလင်းတင်ပြခဲ့သည်။






No comments: