စနစ်အပြောင်းအလဲကာလ ပြည်သူအပေါ် သက်ရာက်မှုများ ပအိုဝ်းရွာသားများ ဆွေးနွေး

By ခွန်ရာဇာ (တောင်ကြီး) | ဧပြီလ ၃ ရက်၊ ၂၀၁၃ ခုနှစ် | တောင်ကြီးတိုင်းမ်



ဒီမိုကရေစီစနစ်ဆိုသည်မှာ ဘယ်လောက်ထိ နားလည်မှုရှိသည်ကို ပအိုဝ်းလူငယ်ကွန်ယက် အဖွဲ့အစည်း နှင့် တောင်ကြီးမြို့မြောက်ဘက် ဖက်ပွံးရွာသားများ၊ ဖက်ပွံး ဘုရားတောင်ပေါ်တွင် ဧပြီလ ၃ ရက်၌် ရင်းနှီစွာ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

"၂၀၁၀ ကစပြီး ဒီမိုကရေစီစနစ် ကျင့်သုံးနေပြီကို တောမှာရှိတဲ့ ရွာသူရွာသားများက မသိသေးဘူး၊ လူ့အခွင့်အရေးနဲ့ နိုင်ငံရေးဆိုတာလည်း နားမလည်ခဲ့ဘူး၊ လူတစ်စုက အာဏာယူချုပ်ချယ် အနိုင်ကျင့်ခံရတာ ယခု ပအိုဝ်းလူငယ် “ ဒီမို” အဖွဲ့သားများ ပညာပေး သင်တန်းပို့ချတဲ့ အချိန်မှ ဒီမိုကရေစီရဲ့အနှစ်သာရကို သိရှိလာပြီး လူ့အခွင့်အရေးဆိုတာကိုလည်း နာလည်သိရှိလာပြီ"
ဟု ဖက်ပွံးရွာနေ မစိန် ကပြောသည်။

ဒီမိုကရေစီစနစ်ကို နားမလည်ခင် မည်သည့်အခက်အခဲများ ကြုံတွေ့နေရသည်ကို ပအိုဝ်းလူငယ်အဖွဲ့မှ မေးမြန်းရာ၊ လျှပ်စစ်မီးကိစ္စအခက်ခဲ ကြုံတွေ့နေရတဲ့အကြောင်း၊ လျှပ်စစ်မီးကို မယူမနေရ ခြံရှိလျှင်ခြံရောင်း နွားရှိလျှင် နွားရောင်းခိုင်းသည့်အတွက် တစ်နေ့လုပ်တစ်နေ့စား ရွာသားများ ဒုက္ခခံနေရကြောင်း ဖက်ပွံးရွာသားများက ပြောသည်။

လျှပ်စစ်မီး မယူချင်လို့မဟုတ် ကုန်ကျငွေပမာဏများလွန်းသည်နှင့် သတ်မှတ်အချိန်နည်းလွန်းကြောင်း၊ လူတန်းစားသုံးဆင့် သတ်မှတ်ထား၍ ထည့်ခိုင်းပြီး၊ ပထမအဆင့် ၅ သိန်းခွဲ၊ ဒုတိယအဆင့် ၈ သိန်း ၊တတိယအဆင့် ၁၀ သိန်း အသီးသီး သတ်မှတ်ထားကြောင်း သိရသည်။

မီးကော်မတီအဖွဲ့သည် ကျေးရွာအုပ်စုဥက္ကဌ များဖြစ်ကြပြီး၊ အစိုးရခန့် အုပ်ချုပ်ရေးမှူး (ရ.ယ.က) များ မဟုတ်ကြောင်း။ ကောက်ယူပြီးသောငွေကိုလည်း ပွင့်လင်းမြင်သာမှုရှိအောင် ရွာသားများကို ရှင်းတမ်း ပြန်လည်တင်ပြခြင်းများ မရှိကြောင်း ရွာသားများက တင်ပြခဲ့သည်။

လျှပ်စစ်မီးမပေါ်ခင်တွင် ဖယောင်းတိုင်ထွန်းပြီး စိတ်ချမ်းချမ်းသာသာနှင့် အသက်ရှင်နေထိုင်ရကာ၊ ယခု လျှပ်စစ်မီးပေါ်လာမှ ထမင်းကို ဝအောင်မစားနိုင်သောဘဝ အခြေအနေသို့ ရောက်ရှိ ကြုံတွေ့လာရကြောင်း သိရသည်။ လျှပ်စစ်မီး မလင်းခင် ဘဝအရင်ပြောင်းမည်ဖြစ်ကြောင်း၊ သေသွားသော်လည်း လျှပ်စစ်မီးဖိုး အရင်ထည့်ရမည်ဟုလည်း ပြောသေးကြောင်း ဖက်ပွံးရွာမှ အသက် ၇၆ နှစ်ရှိ အဖွားတစ်ဦးက ပြောသည်။

လျှပ်စစ်မီးကိစ္စကြောင့် ဖက်ပွံးရွာသားများ ရွာပြောင်းနေထိုင်ရသော အိမ်ထောင်စု လေးစုနှင့် ဖိုးလုံးရွာ က အိမ်ထောင်စုနှစ်စု ရှိပြီလို့သိရသည်။ ဤကဲ့သို့အခြေအနေကြောင်း မိသားစုတစ်ချို့လည်း အိမ်ကွက်ရောင်းပြီး အခြားနေရာသို့ ပြောင်းရွှေ့နေထိုင်သွားကြောင်း၊ တစ်ချို့လည်း အိမ်ခြံမြေ ရောင်း၍မရကြောင်း ဖက်ပွံးရွာသားများက ပြောသည်။

ဆက်လက်ပြီး ပအိုဝ်းလူငယ်ကွန်ယက်အဖွဲ့က မတ်လ ၃၀ ရက်က ပအိုဝ်းလူငယ်အဖွဲ့မှ ပညာပေး သင်တန်းဖွင့်ပေးရာ သင်တန်းမှ ရရှိသောဗဟုသုတ ပညာကို မည်ကဲ့သို့ပြန်လည်အသုံးချမည်ကို မေးမြန်းရာမှာ၊ ယခုကဲ့သို့ အာဏာရှင်စနစ်ဟောင်းကို ကျင့်သုံးနေသော လူပုဂ္ဂိုလ်များ၊ ရွာသားများအပေါ် အဓမ္မခိုင်းစေခြင်းနှင့် မတရားအနိုင်ကျင့်နေခြင်း စသည့်လုပ်ရပ်များ ရပ်တန့်အောင် ရွာသားများစည်းလုံး ညီညွတ်စွာနှင့် ဒီမိုကရေစီလမ်းကြောင်းအတိုင်း ကျင့်သုံးသွားရန်ပြုပြင်စေလိုကြောင်း ဖက်ပွံးရွာသားနှင့် ကွုံထိုရွာသားများ ကပြောသည်။

ရွာသားများကို အနိုင်ကျင့်တယ်၊ ငဲ့ညာမှုမရှိ၊ အဓမ္မခိုင်းစေတယ် စသည်တို့ကို ဒီပါးစပ်နှင့်ပြောမည့်အစား စာနှင့်ရေးပြီး သတင်းမီဒီယာများကို တင်ပြသင့်ကြောင်း၊ ပါးစပ်နှင့်ပြောသည်ကို မည်သူမှ မသိရှိနိုင်ကြောင်း ပအိုဝ်းလူငယ်ကွန်ယက်အဖွဲ့ က အကြံပေးသွားကြောင်း သိရသည်။

ဒီမိုကရေစီစနစ်ကို နားလည်ပြီဖြစ်သည့်အတွက် ဒီလိုအခက်ခဲကို သတင်းမီဒီယာသို့ ရဲရဲဝံ့ဝံ့ တင်ပြသွားမည်ဖြစ်ကြောင်း၊ ယခင်က ခေတ်ပြောင်းလဲနေပြီကို မသိ၍ အကြောက်တရား ဖုံးလွမ်းနေကြောင်း။ ယခု အကြောက်တရား လျော့သွားပြီး စည်းလုံးညီညွှတ်ဖို့သာ လိုကြောင်း ရွာသားများက တစ်ပြိုင်တည်း ပြောကြကြောင်း သိရသည်။



No comments: