တောင်ကြီးမြို့နယ် စခဲကျောင်းတိုက်တွင် ပအိုဝ်းဓလေ့ရှင်လောင်းပွဲ စီကားစွာကျင်းပ

By ခွန်ရာဇာ (တောင်ကြီး) | ဧပြီလ ၂၂ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

သိမ်ကျောင်းတော်ရေစက်ချ အလှူမင်္ဂလာပွဲ၊ ရှင်ပြုပွဲ၊ ရှင်လောင်းပွဲနှင့် စခဲကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ က္ကုန္ဒာဝုဒ သက်တော် (၅၂) နှစ်ပြည့် မွေးနေ့ပွဲတော်ကို တောင်ကြီးမြို့ နောင်လေကျေးရွာအုပ်စု၊ စခဲကျောင်းတိုက်တွင် ဧပြီလ ၁၉ ရက်မှ ၂၁ ရက်ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်း သိရသည်။

စခဲကျောင်းတကာ ရွာပေါင်း (၇) ရွာ အိမ်ခြေ (၂၀၀) ရှိကြောင်း၊ ရှင်လောင်း ၂၆ ပါး၊ ရဟန်းလောင်း ၅ပါး၊ ရိုးရိုးရှင်ပြု ၂၇ ပါး နှင့် သိက္ခာထပ်သံဃာ စုစုပေါင်း ၆၂ ပါးရှိကြောင်း သိရသည်။

ရှင်ပြုပွဲကို ကျင့်ပရခြင်းမှာ ဗုဒ္ဓယဉ်ကျေးမှုနှင့် ဗုဒ္ဓဘာသာ၊ သာသနာထွန်းကားအောင်၊ ရေရှည်တည်တံ့ခိုင်မြဲအောင်နှင့် ဗုဒ္ဓသာသနာကို ထိန်းသမ်းစောင့်ရှောက်နိုင်ရန် ရည်ညွန်းပြီး ရှင်ပြုပေးရခြင်းဖြစ်ကြောင်း ဆိုသည်။

တစ်နှစ်လျင်တစ်ကြိမ် ရှင်လောင်းပွဲ မကျင်းပနိုင်လျှင် ရိုးရိုးရှင်ပြုပွဲ ကျင်းပပေးကြောင်း၊ ဤရှင်ပြုပွဲကို ရှေးဘိုးဘွားလက်ထက်ကပင် ယခုထိ အစဉ်အဆက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

အရပ်ဒေသ တစ်နေရာမှ တစ်နေရာရှိ ဆွေမျိုးများကိုဖိတ်ကြားပြီး ကုသိုလ်အတူပြုခြင်း၊ နောင်ဘဝတွင် ကောင်းရာသုဂတိဘုံသို့ လားရအောင် ရည်ညွှန်းခြင်းဖြစ်ကြောင်း ပွဲဖြစ် မြောက်ရေးကော်မတီ အတွင်းရေးမှုး ကီးဖါပန်း က ပြောသည်။

ဘာသာရေးကိုင်းရှိုင်းသော ပအိုဝ်းတိုင်းရင်သားများသည် ရှင်လောင်းပွဲကို အကြီးအကျယ်ပြုလုပ်လေ့ ရှိပြီး၊ ရှင်လောင်းတစ်ပါးကို မြင်းတစ်ကောင်စီနှင့် ရှင်လောင်းတစ်ပည့်များ ဝိုင်းရံကာ ရှင်လောင်းအိမ်များအချင်းချင်း ပျော်ရွင်စွာလှည့်ပတ်ခြင်း၊ ကိုးမြို့ရှင်နတ်နန်းကတော့ခြင်း၊ သိဒ္ဓတ္ထ ဘုရားလောင်း တောထွက်တော်မူခြင်းကို နမူနာယူပြီး ရှင်လောင်းလှည့်ခြင်း၊ တစ်ရွာနှင့် တစ်ရွာ ခင်မင်မှုဓလေ့ထုံးတမ်းအရ အပျိုလူပျိုများ ညလုံးပေါက် စကားထာ အပြန်အလှန်ပြောခြင်း၊ “ပွဲပင့်” ခေါ် ဘဝတစ်ပါးပြောင်းသွားသော ဘိုးဘွားများ နတ်ဒေဝါများကို ပင့်ပြီးမှ ပြုလုပ်ရခြင်း စသည်များ ပြုလုပ်သည်ဟု သိရသည်။

သာသနာဘိဓဇ ခဏ္ဍသိမ်တော်ကို သိမ်နုတ်သည့် သံဃာ (၁၀၆) ပါး၊ သိမ်သမုတ်သည့် သံဃာ (၁၀၁) ပါး၊ ကျောင်းပေါင်း ၇၃ ကျောင်းမှ ကြွရောက်သည့်သံဃာပေါင်း ၁၁၂ ပါးဖြင့် ၂၀၀၉ ခုနှစ် မေလ ၅ ရက်၊ သိမ်နုတ်ချိန် ညနေ ၄း၃၀ မှ ၆း၁၅ နာရီထိ တွင် သမုတ်ပြီးစီးကြောင်း သိရသည်။

ယင်းသိမ်တော်ကို ရှမ်းပြည်နယ်သံဃာ့နာယကဖြစ်သည့် တောင်ကြီးမြို့ ဥတ္တရာရုံပရိယတ္တိစာသင်တိုက် ဥက္ကဌဆရာတော် ဘဒ္ဒန္တပညာသီရိ က ဦးဆောင်ညွှန်ပြပြီး ဆရာတော်ဘဒ္ဒန္တဝိဇယ တောင်ကျောင်းကြီးက သိမ်ဇယားကွက်ချကာ သိမ်မြေအတိုင်းအတာမှာ သိမ်နုတ်ထားသည့်မြေ ၆၀x၆၀ ပေပတ်လည်၊ သိမ်သမုတ်ထားသည့် မြေ ၅၀x၅၀ ပေပတ်လည်ဖြင့် သိမ်ဖြစ်မြောက်ရေးနှင့် ဒီဇိုင်းများမှာ ဘဒ္ဒန္တက္ကုန္ဒာဝုဓ စခဲကျောင်းတိုက်က အစအဆုံး ဦးစီးစီစဉ် ရေးဆွဲခဲ့ကြောင်း သိရသည်။

No comments: