ပထမဆုံးအကြိမ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုသင်တန်းပြန်ဖွင့်

ခွန်ရာဇာ (တောင်ကြီး) | ဧပြီလ ၉ ရက်၊ ၂၀၁၃ | တောင်ကြီးတိုင်းမ်

ဆီဆိုင်မြို့နယ် နောင်မွန် ကျေးရွာအုပ်စု ကံသာဦးရပ်ကွက်သစ်တွင် ပထမဦးဆုံးအကြိမ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုသင်တန်းကို မန္တလေးသာသနတက္ကသိုလ် အင်္ဂလိပ်စာဌာန ကထိက ဦးသုစိတ္တ ကဦးဆောင် ညွန်ကြားပြီး၊ မတ်လ ၁၂ ရက်တွင် ပအိုဝ်းစာသင်တန်း ပြန်လည်ဖွင့်လစ်ပေးကြောင်း ပအိုဝ်းစာကထိက အရှင်ဦးကုသလသာမိ က ပြောသည်။

နေ့ခင်းတွင် (၈) တန်းအောက် ကလေးများကို နောင်မွန်အထက်တန်းကျောင်းတွင် သင်ကြားပို့ချပေးပြီး၊ ည ပိုင်းအချိန်တွင် လူပျို၊ အပျိုများကို သင်ကြားပေးကြောင်း သိရသည်။

သင်ကြားပို့ချပေးသည့် သင်တန်းဆရာများက ကံသာဦးကျောင်းဆရာတော် အရှင်သုမန၊ အရှင်အဂ္ဂဓမ္မိ၊အရှင်ကုသလသာမိ တို့ဖြစ်ပြီး သင်တန်းသား ၁၅၀ ကျော် တက်ရောက်ပြီး၊ သင်တန်းသားများမှာ ပအိုဝ်းတိုင်းရင်းသားများသာမက မြန်မာကလေးများလည်း ပအိုဝ်းဘာသာကို စိတ်ဝင်စားပြီး သင်တန်းချိန်ကို အထူးသတ်မှတ်ပြီး သင်ကြားပေးနေရသည်ဟု သိရသည်။

ပအိုဝ်းဘာသာ စာပေသင်တန်း စာမေးပွဲကြီးကို ဆီဆိုင်မြို့နယ် တစ်နယ်လုံး ဧပြီလ ၁၂ ရက်တွင် ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

အမျိုးဘာသာယဉ်ကျေးမှုရှိအောင်၊ ဘိုးဘွားစဉ်ဆက်က ချပေးသော ပအိုဝ်းသမိုင်းကို သိရှိအောင်၊ အမျိုးသားစာပေနှင့်ယဉ်ကျေးမှုကို ပြန်လည်ထိန်းသိမ်းရန်နှင့် လူမျိုးပေါင်းစုံကြားက ကိုယ့်လူမျိုး ဘာသာထွန်းကားရန်အတွက် ကိုယ့်ပခုံးပေါ်တာဝန်ရှိပြီဖြစ်ကြောင်း၊ အမျိုးဘာသာအကျိုးနှင့် ပအိုဝ်းလူငယ်များ မျက်စိဖွင့် နားပွင့်ရှိအောင် ရည်ရွယ်ပြီး၊ မန္တလေးဦးမြင့်ဆွေ ဗုဒ္ဓတက္ကသိုလ်ကနေ ခွင့်ယူပြီး ပြန်လည်သင်ကြားပေးရခြင်းဖြစ်သည်ဟု အရှင်ကုသလသာမိ ကဆိုသည်။

ဆက်လက်၍ ၎င်းက ရရှိသည့်အခွင့်အရေးကို အမိအရ ယူရမည်၊ ပအိုဝ်းလူမျိုးဖြစ်ပြီး ပအိုဝ်းစာကို ကျွမ်းကျင်စွာ တတ်ကျွမ်းရမည်ဖြစ်ကြောင်း မိန့်ကြားခဲ့သည်။ 

တိုင်းရင်းသားစာပေ သင်လေ့လာသင်ကြားရေးကို နိုင်ငံတော်က ခွင့်ပြုလိုက်ပြီဖြစ်သည့်အတွက် ဝမ်းသာမိပြီး၊ တိုင်းရင်းသား ၁၃၅ မျိုး၏ စည်းလုံးညီညွှတ်မှု လက္ခဏာဖြစ်ကြောင်း၊ ထို့အတွက်ကြောင့် ကိုယ့်လူမျိုးစာပေကို အမြဲတမ်းပြဌာန်းနိုင်လျှင် အကောင်းဆုံးဖြစ်ကြောင်း၊ တိုင်းရင်းသား စည်းလုံးညီညွှတ်မှုရှိလျှင် နိုင်ငံတော်လည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ ရာဇဝတ်မှု၊ အချင်းချင်းတိုက်ခိုက်မှုများ၊ ပဋိပက္ခများလျော့နည်းလာမည်ဖြစ်ကြောင်း အရှင်ကုသလ က ဆက် လက်မိန့်ကြားခဲ့သည်။

ပအိုဝ်းလူမျိုးများသည် ကိုယ့်အမျိုးသားအတွက် အစည်းအဝေးကျင်းပမည်ဆိုလျှင် လူတစ်ဦးတစ် ယောက်သာ ပြောခွင့်ရပြီး တစ်ခြားလူ ခေါင်းညိတ် နားထောင်နေရသည့်အဖြစ်မျိုးသည် ဦးဇင်းတို့ မကြိုက်နှစ်သက်ကြောင်း၊ တင်ပြခွင့် ကိုယ်စီကိုယ်ငှ ရရှိနိုင်မှ ဒီမိုကရေစီနည်းလမ်းကျပြီး၊အချင်းချင်းညှိနိုင်းအဖြေထုတ်လျှင် ပိုမိုတိုးတက်မည်ဖြစ်ကြောင်း၊ တစ်ပါတီစနစ် အာဏာရှင်စနစ်ကို ချန်ထားပြီး ဒီမိုကရေစီလမ်းစဉ် ကောင်းမွန်အောင် ကျင့်သုံးရမည်ဖြစ်ကြောင်း ဦးကုသလသာမိ က မိန့်ကြားခဲ့သည်။



No comments: