Thursday, 20 May 2010: Network Media Group
ကိုအောင်ကျော်။ ။ မင်္ဂလာပါ။ အပတ်စဉ်တင်ဆက်နေကျ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အစီအစဉ်မှာ ဒီအပတ် တင်ဆက်ပေးမှာကတော့ ပအိုဝ်းလူမျိုးရဲ့ ရိုးရာအတီးအကထဲမှာ မပါမဖြစ် ပါတဲ့ မောင်းမွူးချုန် ဆိုတဲ့ မောင်းကြီးဆိုင်းအက အကြောင်းပဲ ဖြစ်ပါတယ်။ ပွဲလမ်းသဘင်ရှိတဲ့အခါမှာ မောင်းကြီးဆိုင်းဟာ ရှေ့ကနေ ဦးဆောင်ပြီး တီးကြ ရပါတယ်။ ဒီအကြောင်းကို ကျနော်အောင်ကျော်နဲ့ မစံပယ်က တင်ဆက်သွားပါမယ်။
ကိုအောင်ကျော်။ ။ မောင်ကြီးဆိုင်းကို တီးတာရော ကပြတဲ့အခါမှာ ဘ၀မှာ အတော် အတန်ရင့်ကျက်တည်ငြိမ်ကြတဲ့ အသက် လေးဆယ်ကျော် ငါးဆယ်ဝန်းကျင် အရွယ် အမျိုးသားတွေက တီးကမှပဲ လိုက်ဖက်တာပါ။
မစံပယ်။ ။ ဟုတ်ပါတယ် ပအိုဝ်းရိုးရာ မောင်ကြီးဆိုင်းဟာ အေးချမ်းသာယာ ခြင်းနဲ့ တည်ငြိမ်ခြင်း သန္တရသကို ဖော်ကျူးတဲ့ ဂီတသံစဉ်ဖြစ်ပါတယ်။ တီးခတ်တဲ့အခါမှာ လည်း တခြားရိုးရာ မောင်းဆိုင်းတွေလို မြန်မြန်တီးလို့ မရပါဘူး။ အချိန်ယူပြီး လေးလေးပင်ပင် တည်ငြိမ်မှုနဲ့ ဖြည်းဖြည်းညင်ညင်သာသာ တီးခတ်ရပါတယ်။
ကိုအောင်ကျော်။ ။ မောင်းကြီးဆိုင်းကို တီးခတ်တဲ့အခါမှာ လူ ၁၀ ယောက်လောက် လိုပါတယ်။ မောင်းကြီးဆိုင်းမှာ ပါဝင်တဲ့ တူရိယာတွေကတော့ အကြီးဆုံးမောင်း အချင်း ၂ ပေ ၂ လက်မ မောင်းကနေ အငယ်ဆုံး ခြောက်လက်မ ရှိတဲ့ မောင်းအကြီး အလတ် အသေး ကြီးစဉ်ငယ်လိုက် မောင်း ၇ လုံးပါပါတယ်။ နောက်ပြီး လင်းကွင်းကြီးတလုံး၊ နှစ်ဖက်ပိတ်စည် တစ်လုံးနဲ့ စည်းတစုံ ဖြစ်ပါတယ်။ အဲလို တီးခတ်တဲ့နေရာမှာ လင်းကွင်းကြီး တီးခတ်သူက အဓိက ကျတယ်လို့ ရှေးမီနောက်မီ တဲ့ ဆရာတော် ဦးသီရိဓမ္မက မိန့်ကြားပါတယ်။
ဦးသီရိဓမ္မ။ ။ ဆရာတော် ပအိုဝ်းလိုမိန့်ကြားတာကတော့ လင်းကွင်းက အဲဒီနေရာမှာ အဓိက အချက်ဖြစ်တယ်။ လင်းကွင်းတီး တဲ့က ကျွမ်းကျွမ်းကျင်ကျင် တီးတတ်ရ မယ်။ မောင်းတွေကို လူတိုင်းတီးတတ်ပေမယ့် လင်းကွင်းကို မတီးတတ်ကြဘူး။ လင်းကွင်းတီး တဲ့သူက စည်းချက်မညီရင် မောင်းတွေ တီးတဲ့ အခါမှာလည်း တယောက်တသံစီ ထွက်ကုန်တယ်လို့မိန့်တာပါ့။ သူက မောင်းလတ်နဲ့ မတူဘူး။ မောင်းလတ်က ကြိုက်သလို တီးလို့ရတယ်။ အဲဒါက အဓိက ဗုံသမား။ မောင်းကြီးဆိုင်းမှာက လင်းကွင်းသမားက အဓိက အချက်ဖြစ်တယ်။ ဥပမာ ဘုန်းကြီးကျောင်းတက်တာဆိုရင် ကျောက်းလှေခါးရောက်တာနဲ့ ကွတ်တိအဲမှာ အပြီးရပ်ရတယ်။ တီးလို့မတတ်တဲ့သူတွေဆို ရှေ့ကို ကျော်သွားတာတို့ မရောက်ခင် ပြီးသွားတို့ ဖြစ်တာပေါ့။ အဓိက ပန်းတိုင်ကို မရောက် ဘူး ပစ်မှတ်ကို မမှန်ဘူး အဲလိုပေါ့။ အဲလိုဖြစ်ရင် သူများတွေ ရယ်စရာ ဖြစ်တာပေါ့။ ကျောင်းလှေကားရင်းအထိ တီးမယ်ဆိုတဲ့ အချက်နဲ့ချိန်တီးနိုင်ရမယ်။ လှေကားရင်းကနေ ကျောင်းထဲဝင်ခါနီးမှာ အဆုံးသတ်ရတယ်။ မောင်းကြီးဆိုင်းမှာက အဲဒီလင်းကွင်းသားက အဓိက ဖြစ်တယ်လို့ ဆရာ တော်က မိန့်ကြားပါတယ်။
မစံပယ်။ ။ ရိုးရာမောင်းဆိုင်းအကမှာ ပါဝင်ကပြသူတွေကတော့ အကကို သီးခြား လေ့ကျင့်သင်ယူတာတွေ မရှိပါဘူး။ မောင်းဆိုင်းရဲ့ စည်းဝါးချက်အတိုင်း ခေါင်း၊ ခြေ၊ လက်တွေကို လက်ကွက် ကဟန်နဲ့အညီ လူတိုင်း အလွယ်တကူ ဆင်နွဲကပြနိုင်ပါတယ်။ တချို့ သက်ကြီးပိုင်းတွေဆိုရင် ရိုးရာသိုင်းကွက်တွေနဲ့ ပုံဖော်ပြလေ့ရှိတယ်လို့ ဆရာတော် ဦးသီရိဓမ္မက မိန့်ကြားပါတယ်။
ဦးသီရိဓမ္မ။ ။ ဦးသီရိဓမ္မ ရှင်းပြတာကတော့ မောင်းကြီးဆိုင်းမှာတော့ ကတာ ဖြည်းဖြည်းညင်ညင်သာသာ ကတာ။ သက်ကြီးရွယ်အိုတွေဆိုတော ကတဲ့အခါမှာ ကကွက် တွေကို ဖြည်းဖြည်းမှန်မှန်ပဲ ကတယ်။ စကားထာဆိုတဲ့အခါမှာ ဖြည်းဖြည်းလေးပဲ။ ကတဲ့အခါ လက်မြောက်တာတို့ ကဟန် တွေလည်း အမြင့်ကိုပဲ ပင့်ပြီး ကတယ်။ သိုင်းအကဆိုလည်း ဗန်ရှည်ပေါ့ ၁၂ ကွက် အကပေါ့။ ဗန်တိုမဟုတ်ဘူး။ မောင်းကြီးနဲ့ကတော့ သိုင်းကွက်နဲ့ဆို ၄ ကွက်၊ ၈ ကွက်၊ ၁၂ ကွက် ၁၆ ကွက် အဲလို ဗန်ရှည်အကနဲ့ ကကြတာ။ လက်ဟန် ခြေဟန်လည်း ဖြည်းဖြည်းနဲ့ ပင့်ပြီး ကကြတာပေါ့။ အရင်တုန်းကတော့ အဲလိုပဲ ကကြတယ်။ လို့ ဆရာတော် ငယ်ငယ်တုန်းက မြင်ခဲ့ဖူးတဲ့ မောင်ကြီးဆိုင်းအကကို ရှင်းပြသွားတာပါ။
ကိုအောင်ကျော်။ ။ မောင်းကြီးဆိုင်းအကဟာ စည်းလုံးညီညွှတ်ခြင်း၊ ချစ်ကြည်ရင်းနှီးခြင်း တွေကို ရိုးရာအနုပညာရဲ့ ပရိယာယ် သဏ္ဍာန်တမျိုးနဲ့ ရယူနိုင်ကြတယ်လို့ ပအိုဝ်း လူမျိုးတွေက ယုံကြည်ကြပါတယ်။ နောက်ပြီး မောင်ကြီးဆိုင်းအကဟာ အသက်အရွယ်ရပြီး လူကြီးပိုင်းတွေက ကပြလေ့ရှိတဲ့ ရိုးရာအလှူ ပဒေသာပင်ကို ထမ်းပြီး ကပြရတဲ့ လူစုလူဝေး အကလည်း ဖြစ်ပါတယ်။ ရဲရင့်တည်ကြည်ခြင်း၊ ခန့်ညားခြင်း၊ ကျက်သရေ ရှိခြင်းတွေကို သရုပ်ဖော်ပါတယ်။
မစံပယ်။ ။ မောင်ကြီးဆိုင်းအကဟာ ပွဲလမ်းသဘင်ရှိတဲ့အခါတွေမှာ ရှေ့ဆောင် ပြီး တီးခတ်ကပြရတဲ့အတွက် ပအိုဝ်းလူတွေ အထွဋ်အမြတ်ထားတဲ့ ရိုးရာအက ဖြစ်ပါတယ်။
ဆရာတော် ဆက်မိန့်ကြားတာကတော့ မောင်းကြီး မောင်းဆိုင်းဆိုတာက တကယ့်တို့ ပအိုဝ်းထုံးစံ စစ်စစ်ဖြစ်တယ်။ တခြားကနေ လာတာမဟုတ်ဘူး။ ဆွမ်းတော်ကြီးလောင်းတာပဲ ဖြစ်ဖြစ်၊ ရှင်ပြုရဟန်းခံပွဲမှာပဲ ဖြစ်ဖြစ် မောင်းကြီးဆိုင်းသမားက ရှေ့က ဦးဆောင်ရကပြရတယ်။ မောင်းလတ်က ဒုတိယ၊ သက်ကြီးပိုင်းက ပထမပေါ့။ ကတဲ့နေရာမှာလည်း ၀ိုင်းပြီး အတူတူကကြတာ။ တီးခတ်တာလည်း ဖြည်းဖြည်းမှန်မှန်ပဲ ကတဲ့အခါမှာလည်း ဖြည်းဖြည်းမှန်မှန်ပဲ ကကြတယ် ဆရာတော်ကလို့ မိန့်ကြားတာပါ။
ကိုအောင်ကျော်။ ။ မောင်းကြီးဆိုင်းအကဟာ ရဟန်းခံရှင်ပြုပွဲ၊ ဥပုသ်စာဂပွဲ၊ သီတွင်းကျွတ်လ ဆီမီးပူဇော်ပွဲ၊ တန်ဆောင်တိုင် ကထိန်သင်္ကန်းကပ်လှူပွဲ၊ နှစ်သစ်ကူး အတာ တက်ပွဲ၊ ကဆုန်ညောင်ရေသွန်းပွဲ၊ ဘုရားထီးတင်ပွဲ ဗုဒ္ဓပူဇနိယပွဲတော်နဲ့ တပေါင်းလပြည့် ပအိုဝ်းအမျိုးသားနေ့ ပွဲတွေမှာ ကပြလေ့ရှိပါတယ်။
မစံပယ်။ ။ ဒီအကဟာ မြို့ကြီးတွေမှာ ရက်ကြီးခါကြီးရောက်တဲ့အခါမှ တီးခတ်က ကြပေမယ့် တောရွာတွေမှာတော့ နေရာအနှံ့တွေမှာ ဥပုသ်နေ့ရောက်တိုင်း မောင်းကြီးဆိုင်းသံဟာ ဒီနေ့အထိ ကြားနေရဆဲပါ။ သောတရှင်အပေါင်း ရွှင်လန်းချမ်းမြေ့ ကြပါစေ။
No comments:
Post a Comment