ရန်ကုန် မင်္ဂလာဈေး မီးလောင်

ဧရာဝတီ Monday, May 24, 2010

အကြီးဆုံး လက်ကား ဈေးကြီး တခုဖြစ်သော မင်္ဂလာ တောင်ညွန့် မြို့နယ် အတွင်းရှိ မင်္ဂလာဈေးတွင် ယနေ့ နံနက် ၈ နာရီမှ စ၍ မီးလောင်ကျွမ်း ခဲ့ကြောင်း သိရသည်။



“မီးလောင်ပြီး နာရီဝက်ကြာတဲ့ အထိ မီးသတ်ကား တစီးပဲ ရောက်သေးတယ်။ မီးခိုးတွေ မည်းနေတာပဲ၊ မီးသတ်ကားက ရေးလှမ်း ပက်တာ လေးထပ်ကို ရေက မရောက်ဘူး” ဟု မင်္ဂလာဈေး အနီးတွင် နေထိုင်သူ တဦးက ပြောသည်။

၈ နာရီခန့်က မီးစတင် လောင်ကျွမ်းပြီး ၁ နာရီ အကြာတွင် အဆိုပါ ဈေးပတ်ဝန်းကျင်၌ မနေနိုင် လောက်အောင် ပူပြင်းလာကြောင်း သိရသည်။

“လောင်တဲ့ နေရာနဲ့ ကိုက်တရာလောက် အကွာမှာ ၃ မိနစ် လောက်ပဲ နေနိုင်တယ်။ မီးသတ်ကား ကလည်း ခဏပဲ ပက်လို့ရတယ်။ ပက်လိုက် ကန်တော်လေး မီးသတ်ကန်ထဲက ရေပြေး ထည့်လိုက် လုပ်နေရတယ်” ဟု မျက်မြင် တဦးက ပြောသည်။

ဆက်လက်၍ ၎င်းက မီးသတ်ကားများမှာ နံနက် ၉ နာရီ မထိုးခင် ကတည်းက ရောက်နေ သော်လည်း မီးငြှိမ်းသတ်ခွင့် စောင့်ဆိုင်း နေရသေးသောကြောင့် ချက်ချင်း မငြှိမ်းသတ်နိုင်ကြောင်း ပြောပြသည်။

မီစလောင်စဉ်က ဈေးအတွင်း လူများ ရှိနေသေးကြောင်း၊ ၄ ထပ်မှ မီးခိုး ထွက်လာမှသာ မီးလောင်သည်ကို သိရကြောင်း၊ ပစ္စည်းများ အချိန်မီ မသိမ်းဆည်းနိုင်ကြောင်း၊ အောက်ဆုံးထပ်မှ ဆိုင်ရှင်တချို့သာ ပစ္စည်းအနည်းငယ် သယ်ယူ လိုက်နိုင်ကြောင်း ဆိုင်ပိုင်ရှင်တဦးက ပြောသည်။

ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတဦးက “နေ့လယ် ၁၁ နာရီ အထိ မီးညွန့် မကျိုးသေးဘူး၊ လောင်နေတုန်းပဲ၊ မီးသတ်ကားတွေ အကုန်လွှတ်ထားတယ်၊ ရေလည်း လုံလုံလောက်လောက်ရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

မင်္ဂလာဈေးတွင် ဆိုင်ခန်းနေရာများ အလွန်ကျဉ်းမြောင်းပြီး ကျပ်ညပ်နေသောကြောင့် မီးလောင်သည့် အခါ အထဲကို ဝင်နိုင်ခြင်း မရှိကြောင်း၊ လေးထပ်တွင် စလောင်နေပြီး မည်သူ့ကိုမျှ အထဲသို့ ပေးမဝင်ကြောင်း သွားရောက်ကြည့်ရှုနေသူ တဦးက ပြောသည်။

“သတင်းထောက်တွေကတော့ လက်မှတ်မပါရင် မောင်းထုတ်ခံရတယ်။ လက်မှတ်ပါရင်တော့ သတင်းယူခွင့်ရှိတယ်။ ကျန်တဲ့ ဘယ်သူ့ကိုမဆို အနားကပ်ခွင့်မပေးဘူး” ဟု ရန်ကုန်အခြေစိုက် သတင်းထောက်တဦးက ဆိုသည်။

မီးဆက်လက် လောက်ကျွမ်းနေသဖြင့် မင်္ဂလာဈေး အနီးရှိ ကန်တော်ကလေးလမ်းနှင့် ဗညာဒလလမ်းကို ပိတ်ထားရသည်။ ရဲများက ၁၀ နာရီခန့်တွင်မှ ရောက်လာသည်ဟု မီးလောင်မှုကို သွားရောက် ကြည့်ရှုသူတဦးက ပြောသည်။

မီးငြှိမ်းသတ်နေသည့် မီးသတ်ကား စုစုပေါင်း ၁၀ စီးရှိကြောင်း၊ နေ့လယ် ၁၂ နာရီ ခွဲကျော်အချိန်အထိ မီးညွန့်မကျိုးသေးဘဲ မငြှိမ်းသတ်နိုင်ကြောင်းနှင့် မီးသည် တခြားသော အထပ်များ ကိုလည်း ကူးစက် လောင်ကျွမ်းနေကြောင်း ၎င်းက ဆက်လက်ပြောပြသည်။ မင်္ဂလာဈေးတွင် အထပ် ၆ ထပ်ရှိသည်။

အနီးနားရှိ အဆောက်အအုံများမှ လူများမှာ မီးခိုးများကြောင့် နှာခေါင်းစည်းများ စည်းထားရပြီး မီးလောင်သော နေရာနှင့် ဝေးရာ ကန်တော်လေး ထိပ်ဘက်သို့ သွားနေကြရသည်ဟု အခင်းဖြစ်ပွားရာသို့ ရောက်ရှိနေသူတဦးက ပြောသည်။

မီးလောင်နေသော ဈေးအပေါ်ထပ်ထက် မင်္ဂလာဈေးနှင့် ကပ်လျက်ရှိသော မြို့တော် စည်ပင်ဘဏ်ကိုသာ မီးသတ်ကားများက အဓိကထား ငြိမ်းသတ်နေသည်ဟုလည်း သိရသည်။

နေ့လယ် ၁ နာရီခန့်တွင် မိုးစတင်ရွာသဖြင့် မီးငြိှမ်းသတ်ရာတွင် အထောက်အကူ ဖြစ်နိုင်သည်ဟု ဈေးအနီးတွင် နေထိုင်သူ တဦးက ပြောသည်။

မီးလောင်မှုကြောင့် ပျက်ဆီးဆုံးရှုံးမှုနှင့် အသေအပျောက်ကိုမူ မသိရသေးပေ။ အထွေထွေ ကုန်ပစ္စည်းများ၏ တန်ဖိုးမှာ ကျပ် ထောင်ပေါင်း သိန်း၊ သောင်းဂဏန်းချီမည်ဟု ကုန်သည်များက ခန့်မှန်းသည်။

စီးပွားရေးသမားတဦးက “မင်္ဂလာဈေးမှာ ဆိုင် ၃ ဆိုင် ပိုင်တယ်၊ တဆိုင်ကို သိန်း ၁၀၀ လောက် ရင်းနှီးထားတယ်” ဟု ပြောပြသည်။ ကုန်သည်အများစုမှာ ပစ္စည်းများ ဆုံးရှုံးသဖြင့် ငိုနေကြသည်ဟု မျက်မြင်တဦးက ဆိုသည်။

ယခုလက်ရှိ အနေအထားအရာ အင်္ဂတေနှင့် အုတ်ခဲများ စတင်ပြိုကျနေပြီး ဈေးအဆောက်အအုံမှာ ယိုင်နေပြီ ဖြစ်ကြောင်း၊ ပြိုကျနိုင်ဖွယ်ရှိကြောင်း သွားရောက်ကြည့်ရှုသူတို့ ပြောဆိုနေကြသည်။ အာဏာပိုင်တို့က လုံထိမ်းကားများနှင့် အစောင့်များ ချကာ စည်းတားထားကြောင်းလည်း သိရသည်။

လျှပ်စစ် ဝါယာ လျှော့ဖြစ်သည်၊ ဂတ်စ်အိုးပေါက်သည် စသည်ဖြင့် ပြောဆိုနေကြသော်လည်း မီးစလောင်သည့် အကြောင်းရင်းကို မသိရသေးပေ။

မင်္ဂလာဈေးသည် ယခင်ဈေးဟောင်းကို ဖျက်ပြီး အသစ်ပြန်လည် တည်ဆောက်ထားခြင်းဖြစ်သည်။ အဆောက်အအုံ အတွင်း၌ လမ်းများကျဉ်းခြင်း၊ ဆိုင်ခန်းများ ကျပ်ညပ်နေခြင်း၊ လေဝင်လေထွက် မကောင်းခြင်းတို့ ရှိသော်လည်း ရန်ကုန်မြို့၏ အကြီးဆုံး လက်ကားဈေးကြီး တခုဖြစ်သည်။ မင်္ဂလာဈေးတွင် အထည်အလိပ်၊ ဆေးဝါး၊ ပရိဘောဂ၊လူသုံးကုန်ပစ္စည်းများ၊ နိုင်ငံခြားဖြစ် မုန့်မျိုးစုံ၊ အလှကုန်ပစ္စည်းများကို လက်ကား ရောင်းချသည်။

ရန်ကုန်မြို့တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလက သင်္ဃန်းကျွန်းဈေးကြီး မီးလောင်ခဲ့ပြီးနောက် ယခုနှစ်အတွင်း ဒုတိယ အကြိမ်မြောက် ဈေး မီးလောင်ခြင်း ဖြစ်သည်။

ဧရာဝတီသတင်းထောက် ခက်ထန်နှင့် ရန်ကုန်အခြေစိုက် ဧရာဝတီသတင်းထောက်များ ပူးပေါင်းရေးသားသည်။

http://www.irrawaddy.org/bur/index.php/news/1-news/3223-2010-05-24-07-55-43

No comments: