ပအိုဝ်းခေါင်းဆောင် ဦးအောင်ခမ်းထီ ရွေးကောက်ပွဲမ၀င်ဟုဆို

ရန်ကုန်၊ မေ ၁၇
The Voice Weekly (Monday, May 24-30, 2010)

ပအိုဝ်းအမျိုးသားခေါင်းဆောင်ဖြစ်သူ ဦးအောင်ခမ်းထီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင် အရွေးခံမည်မဟုတ်ကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ၏ နာယက (၃) ဖြစ်သူ ဦးခွန်မောင်တုတ်က ပြောကြားသည်။



ဦးအောင်ခမ်းထီ၏ ကျန်းမာရေးအနေးအထားအရ ယင်းသို့ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ဆန္ဒမရှိခြင်းဖြစ်ကြောင်း၊ မဲဆွယ်စည်းရုံးရေးနှင့် နိုင်ငံရေးတွင် တက်ကြွစွာဆောင်ရွက်နိုင်ရန် အခြေအနေမပေးသဖြင့် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ဆန္ဒမရှိခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျန်းမာရေးသိပ်မကောင်းတော့ လူတွဲနဲ့ပဲသွားလာနေရတယ်။ အရေးကြီးတဲ့ နိုင်ငံတော်နဲ့ သက်ဆိုင်တဲ့ ဧည့်ခံပွဲတွေ တက်ဖို့အခက်အခဲရှိတယ်။ ဒါကြောင့်ပါ” ဟု ဦးခွန်မောင်တုတ်က The Voice Weekly ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားသည်။

တောင်ကြီးမြို့အခြေစိုက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ကို နယက ၅ ဦး၊ ဥက္ကဌနှင့် အတွင်းရေးမှူးများအပါအ၀င် ဗဟိုအလုပ်အမှုဆောင် ၃၆ ဦး၊ ဗဟိုကော်မတီ ၁၁၃ ဦးနှင့် ဖွဲ့စည်းထားကြောင်း ၎င်းထံမှ သိရသည်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ကို မေလ ၁၃ ရက်နေ့တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်အမှတ် (၄၂/၂၀၁၀) တွင် ဖေါ်ပြထားသည်။

No comments: