မိုးမရွာသောကြောင့် တောင်ကြီးမြို့နယ်အတွင်းရှိ တောင်သူလယ်သမားများ ဒုက္ခရောက်

တောင်ကြီးတိုင်းမ်။ နောင်ခမ်းခါ
ဇွန်လ ၁ ရက်၊ ၂၀၁၀ ခုနှစ်။ အင်္ဂါနေ့

ယခုနှစ်တွင် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်သည့်ရာသီ ရောက်လာသော်လည်း မိုးရွာသွန်းမှုအလွန်နည်းပါးသောကြောင့် တောင်ကြီးမြို့နယ်အတွင်းရှိ တောင်သူ လယ်သမားများ တောင်ယာ ခြံ လယ်လုပ်ငန်းများ မလုပ်ကိုင်နိုင်သောကြောင့် လာမည့်နှစ်များအတွက် စားဝတ်နေရေးအခက်အခဲဖြစ်မည်ကို ပူပန်နေကြကြောင်း သိရသည်။



“ခါတိုင်းနှစ်များမှာ ခုချိန်ဆိုရင် မိုးရွာလို့ ဗွက်ထနေပြီ၊ ဒီနှစ်က ခြောက်ကပ်နေတုန်းပဲ၊ ခုထိပျိုးမစိုက်ရသေးဘူး၊ မပျိုးရသေးဘူး စပါးပင်တွေ။ မိုးရွာဒါ နည်းတယ်၊ စိုက်တာနောက်ကျတော့ စပါးထွက်တာလည်းနောက်ကျမယ်။ သိမ်းထားတဲ့ဆန်တွေ လောက်ချင်မှ လောက်တော့မယ်” ဟု တောင်ကြီးမြို့နှင့် နီးကပ်သည့် ရွာသားတစ်ဦးက ပြောသည်။

ဤကဲ့သို့ ရာသီဥတုအခြေအနေအရ သီးနှံနှင့် စပါးများ အချိန်နောက်ကျမှ စိုက်ပျိုးရသည့်အတွက်ကြောင့် နောက်နှစ်စားဝတ်နေရေးအတွက် ပူပန်ရသည်မက ဆန်ဈေးလည်း တက်လာမည်ကို စိုးရိမ်နေကြသည်။

၎င်းရွာသားမှ “ဒီအခြေအနေဆို စပါးထွက်နောက်ကျရင် နောက်နှစ် ဆန်ဈေးကတော့ လွယ်မှာမဟုတ်ဘူး” ဟု ဆက်ပြောသည်။

တချိန်းတည်းတွင် ရာသီဥတုပူပြင်းခြင်း၊ မိုးရွာသွန်းမှုမရှိခြင်းတို့ကြောင့် အ၀ိစီတွင်းနှင့် ရေတွင်းများတွင် ရေများခန်းခြောက်ပြီး ဆေးကြော သောက်သုံးဖို့ရေများလည်း ၀ယ်ယူနေရကြောင်းသိရသည်။

“ရေက ကျနော်တို့ရွာမှာ ၀ယ်နေရတယ်။ တောင်ကြီးမှာ ၀ယ်နေရတယ်။ ဒီလမှာ မိုးတစ်ခါ နှစ်ခါရွာလို့ ရေဈေးနည်းနည်းပြန်ကျသွားတယ်။ အစက ထော်လဂျီတစ်စင်းကို ၃၅၀၀ ကျပ်ပေးရတယ်။ အခုက ၂၅၀၀ ပဲ။ တစ်စင်းကို ပေပါ သုံးလောက်ရှိမှာပေါ့။”


ယခုနှစ်တွင် ရာသီဥတုအလွန်ပူပြင်းမှုနှင့် မိုးခေါင်မှုတို့ကြောင်း မြန်မာပြည်အနှံ့အပြားတွင် ရေခန်းခြောက်ပြီး ပြည်သူလူထုများ သောက်သုံးရေး ရှားပါးမှုပြဿနာနှင့် ရင်ဆိုင်နေကြောင်း သတင်းဌာများတွင် အစီခံခဲ့ကြသည်။

No comments: