ပြည်သူ့ရဲတပ်ဖွဲ့မှ ပစ်သတ်လိုက်သောဟိုးပုံးမြို့နယ် ကြားဖြူပါတီ ဒုဥက္ကဌဦးလုံးရွှေအား အမှုမှန်ပေါ်ပေါက်ရန် သတင်းစာရှင်းလင်းပွဲပြုလုပ်

ခွန်ရာဇာ (တောင်ကြီး) | နိုဝင်ဘာလ ၇ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် မိုင်းပျဉ်းကျေးရွာအုပ်စု၊ ဖါလဲကျေးရွာနေ ကျားဖြူပါတီ ဟိုပုံးမြို့နယ် ဒုဥက္ကဌ ဦးလုံးရွှေသည် စက်တင်ဘာ၁၂ ရက်နေ့တွင် ဟိုပုံးပြည် သူ့ရဲတပ်ဖွဲ့ဝင်က ပစ်သတ်ကာသေဆုံးမှုကို အမှုမှန်ပေါ်ပေါက်စေရန် နိုဝင်ဘာ၇ ရက်က တောင်ကြီးမြို့ မြို့မရပ်ကွက်ရှိ ကျားဖြူပါတီရုံးတွင် သတင်းစာရှင်းလင်းပွဲကျင်းပကြောင်း သိရသည်။

ဖြစ်စဉ်တွင် စက်တင်ဘာလ ၁၂ ရက်နေ့၊ မွန်းလွဲ ၁နာရီခွဲအချိန်တွင် ဟိုပုံးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲဝင် များက ဦးလုံးရွှေ၏နေအိမ်သို့ ရောက်ရှိလာပြီး ရဲများက ဦးလုံးရွှေကိုပစ်သတ်ကြောင်း၊ ဆေးရုံမှစစ်ဆေးချက် အရဝမ်းဗိုက်နှင့် ကျောကုန်းတွင်သေနတ်ဒဏ်ရာတွေ့ရကြောင်း၊ ဘယ်ဘက်ရင်ဘတ်တွင်လည်းဓါးဒဏ်ရာ တွေ့ရှိကြောင်း ဆေးရုံသိုအတူလိုက်လာသော ရွာသူကြီးလက်ထောက် ဦးစံဖစ်၏ပြောပြချက်အရသိရသည်။

“တရားဥပဒေစိုးမိုးရေး ဆောင်ရွက်သွားနေချိန်မှာ ယခုလိုပစ်သတ်ခံနေရတာ ကျွန်တော်တို့မခံမရပ်ဖြစ် နေပါတယ်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း ၈ မှာ နိုင်ငံသားတိုင်းအခွင့်အရေးပေးထားပြီးသား၊ ဒါကိုပြည် သူတစ်ယောက်အနေဖြင့် မခံစားရဘူး၊ နိုင်ငံသူနိုင်ငံသားဟာ ဒီ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ရသင့်ရ ထိုက်တဲ့လူ့အခွင့်အရေးရစေချင်တယ်၊ ဥပဒေ၏အကာအကွယ်ကိုရစေချင်တယ်။ ဒီလိုလုပ်ရပ် လုပ်နေမယ်ဆိုရင် တရားဥပဒေစိုးမိုးရေး ရှိမှာမဟုတ်ဘူး၊ နိုင်ငံ၏တည်ငြိမ်အေးချမ်းရေးကိုလည်း ပျက်ပြားစေတယ်“ ဟု ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးစိုင်းမောင်တင်က ပြောသည်။

“ကျွန်တော့အဖေက အိမ်ထောင်ဦးစီးဖြစ်တဲ့အတွက် အဖေမရှိတော့ ကျန်ရှိမိသားစု ဒုက္ခရောက်၊ အခက် ခဲတွေ့နေရပါတယ်၊ ဒီလိုကြုံရတာ မကျေနပ်ပါဘူး၊ ရဲကသတ်ပိုင်ခွင့်မရှိဘူး၊ အမှုနှင့်ပတ်သက်လျှင် တရားရုံးကဘဲ စီရင်ခွင့်ရှိတယ်၊ အမှုမှန်ပေါ်အောင် ဟိုပုံးပြည်သူ့ရဲကို အမှုဖွင့်သွားမယ်၊“ ဟု အသတ်ခံရသော ဦးလုံးရွှေ၏သား စိုင်းကောဝိဒ က ပြောသည်။

အောက်တိုဘာလ ၁၆ ရက်နေ့တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ပြည်နယ်အစိုးရအဖွဲ့များသို့ စာတင်ထားကာ အချိန်နှစ်လနီးပါးကြာမြင့်သော်လည်း ဘာတုံ့ပြန်မှုမှ မရှိကြောင်း၊ နောက်ထပ်အမှုဖွင့်စာတင်သွင်းမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ မြို့နယ်ပါတီဒုဥက္ကဌဖြစ်သောကြောင့် အမှုမှန်ပေါ်အောင် လုပ်ဆောင်မည်ဆိုလျှင် ပါတီဘက်က ငွေကြေးထောက်ပံ့ပြီး အမှုဖွင့်သွားမည်ဖြစ်ကြောင်း၊ မိသားစုအနေဖြင့် ဆုံးရှုံးသွားသော အိမ်ထောင်ဦးစီးကို ပြန်မရသော်လည်း အမှုမှန်ပေါ်အောင် တာဝန်ရှိသူက ဆောင်ရွက်ပေးသင့်ကြောင်း၊ အသတ်ခံရသော ဦးလုံးရွှေသည် သားသမီးငါးယောက်ရှိပြီး၊ ခြံယာကို အဓိကထားလုပ်ကိုင်စားသောက်နေထိုင်ကြောင်း၊ ဦးလုံးရွှေသည် မိုင်းမျဉ်းတိုက်နယ် အတွင်းရေးမှူးအဖြစ် လုပ်ခဲ့သည်မှာ ၂၈ နှစ်ကျော်ရှိခဲ့ကြောင်း သိရသည်။

No comments: