ငါးမန်းဂိမ်းလောင်းကစားဝိုင်း လူငယ်များဘ၀ကို ခြိမ်းခြောက်နေ

ခွန်နဂါးဗွာ | နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်


တောင်ကြီးမြို့တွင် ခေတ်စားနေသော ငါးမန်းဂိမ်းလောင်းကစားဝိုင်းသည် ဥပဒေမဲ့ဖွင့်လျစ်နေခြင်းပြီး တက္ကသိုလ်ကျောင်းသားများ၊ လက်လုပ်လက်စားပြည်သူလူထုများကို ဘဝပျက်အန္တရာယ်ပြုသော လောင်းကစားဝိုင်းများကြောင့် အိမ်ပေါင်၊ ကားပေါင်သည့်အပြင် မြို့ပြနှင့် ကျေးရွာများအတွင်း သူခိုးများ ပေါများလာသည့်အဆင့်ဖြစ်နေကြောင်း တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်မှ ရပ်မိရပ်ဖတစ်ဦးက ပြောသည်။


“ကျွန်တော့သားက အိမ်မှာရှိတဲ့ဆိုင်ကယ်ကိုလည်း သွားပေါင်တယ်၊ အိမ်က ငွေကိုလည်း ပြန်ခိုးတယ်၊ နောက်ကြံရာမရသ သူ့ညီလေးဆိုင်ကယ်ကို ယူပေါင်လိုက်တယ်၊ ဒီဂိမ်းကစားပွဲဟာ လုပ်ချင်သလို လုပ်လို့ရတယ်။ ဆော့ကစားသူဟာ နိုင်ကိန်းမရှိဘူး၊ နိုင်ခြေအရမ်းနည်းပါးတယ်။ အစိုးရက အရေးယူပေးမှ ဖြစ်မယ်၊ ချဲတို့၊ ဖဲဝိုင်းတို့ကိုကျတော့ ဖမ်းဆီတယ်။ ဒီဂိမ်းက အကြီးစားဖြစ်နေတာကို မဖမ်းကြဘူး“ ဟု ဖက်ရဲရွာမှ ဂိမ်းအရမ်းဆော့ကစားသည့် လူငယ်တစ်ယောက်၏ ဖခင်ကစြဖ်သူက ပြောသည်။

“ကျွန်တော်တို့က လောင်းကစားစိတ်နဲ့ဆို ကိုယ်ရှုံးပြီဆိုရင် ပြန်ရနိုင်ဖို့ထပ်ကြိုးစားတာပေါ့၊ ပြန်ရချင် စိတ်ကြောင့် ထပ်ဆော့ကစားတာပေါ့၊ ကျွန်တော်က ၁ သိန်းလောက် ရှုံးဖူးတယ်။ နောက်ပိုင်း မဆော့တော့ဘူး။ တအားစွဲလမ်းတယ်၊ ဆော့ပြီး ထပ်ဆော့ချင်တယ်။ တစ်ချို့ဆို သိန်းပေါင်းများစွာ ရှုံးသူတွေလည်းရှိတယ်၊ နိုင်ပြီး နိုင်ချင်တယ် စိတ်ကို စွဲလမ်းစေတယ်“ ဟု လောင်းကစား ပြုလုပ်ဖူးသူ ညောင်ဖြူစခန်းရပ်ကွက်မှ အသက်၂၀ ကျော် ကျောင်းသားတစ်ဦးက ပြောသည်။

တောင်ကြီးမြို့တွင် ငါးမန်းဂိမ်းပေါ်လာခြင်းသည် သိပ်မကြာသေးကြောင်း။ ဒီနှစ်တွင် ဆိုးဆိုးရွားရွား ခေတ်စားနေကြောင်း။ ဂိမ်းဆော့ရာတွင် သေနတ်ကျည်တလုံးကို အစားစားဖြင့် ပစ်ခွင့်ရှိပြီး ကိုယ်ပစ်လိုက်သောအကောင်သည် သေသွားလျှင် အနိုင်ရရှိကြောင်း။ လက်ကြီးသမားများသည် တစ်ခါပစ် သိန်းနှင့်ချီပြီး ရှုံးသွားနိုင်ကြောင်း။ ယခုတွင် မိန်းမ ယောက်ျား လိင်မရွေး ဆော့ကစားလာနေသည်ကို တွေ့ရကြောင်း။ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီး အရေးယူရန် လိုအပ်ကြောင်း၊ ဂိမ်းပျံ့နှံ့မှု ရှိနေသည်ကို လာဒ်စားမှုများရှိလာနေစေခြင်း ဖြစ်ကြောင်း၊ တစ်ချို့ကျေးရွာမှ ဆင်းလာသော တောရွာများက ကုန်ပစ္စည်းများ ရောင်းပြီး လာဆော့ကစားကာ ဆုံးရှုံးမှုများလည်း ရှိကြောင်း စုံစမ်းသိရှိရသည်။

No comments: