RCSS/SSA အဖွဲ့မှ နမ့်စန်ဒေသတွင် အတင်းအဓမ္မ တပ်သားစုဆောင်းနေ

ခွန်ရာဇာ (တောင်ကြီး) | နိုဝင်ဘာ ၂၆၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

ရှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ် နောင်ဟီးကျေးရွာအုပ်စုတွင် ရွာကြီးလျှင် လူ ၅ ဦး၊ ရွာသေးလျှင် ၃ ဦးဖြင့် RCSS/SSA လက်နက်ကိုင်အဖွဲ့အစည်းမှ အတင်းအဓမ္မ စစ်သားစုဆောင်းနေကြောင်းကို နိုဝင်ဘာ ၉ ရက်နေ့တွင် ဒေသခံများပြောပြချက်အရ သိရှိရပါသည်။

ဖြစ်စဉ်တွင် အောက်တိုဘာ၊ စက်တင်ဘာ၊ နိုင်ဝင်ဘာလ အတွင်းတွင် RCSS/SSA လက်နက်ကိုင်အဖွဲ့မှ စစ်သားစုဆောင်းရန် နမ့်စန်မြို့နယ် နောင်ဟီးကျေးရွာအုပ်စုတွင် ရန်ဖန်ရန်ခါ လာရောက်လူတောင်းနေကြောင်း၊ နိုဝင်ဘာ ၉ ရက်နေ့တွင် ထပ်မံလာတောင်းနေကြောင်း၊ ရွာကြီးလျှင် လူ ၅ ယောက်၊ ရွာသေးလျှင်လူ ၃ ယောက်ပေးရကြောင်း၊ ဆန္ဒမရှိ၍ မလိုက်နိုင်သူများသည် လူတစ်ဦးကို ကျပ်သိန်း ၅ဝ ဖြင့် ထားထဲ့ပေးရကြောင်း အမည်မဖေါ်လိုသည့် ဒေသများက ဆိုသည်။

ထိုဒေသတွင် နေထိုင်သောပြည်သူများသည် လုံခြုံရေး လုံးဝမရှိကြောင်း၊ ထိုနယ်မြေတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNA) လုပ်ရှားမှုနယ်မြေဖြစ်သောကြောင့် PNA တပ်ဖွဲ့များ သိရှိသော်လည်း လျစ်လျူရှုထားကြောင်း နောင်ဟီးကျေးရွာရှိ ဒေသခံများပြောပြချက်အရ သိရှိရသည်။

ယင်းကိစ္စကို တောင်ကြီးမြို့ရှိ RCSS/SSA ဆက်ဆံရေးရုံးသို့ ဆက်သွယ်မေးမြန်းရာတွင် တပ်သားစုဆောင်းဖို့ အစီစဉ်တော့မရှိကြောင်း၊ သတင်းကိစ္စနှင့် ပတ်သက်လျှင် ၎င်းက ပြောဆိုဖြေကြားခွင့်မရှိကြောင်းနှင့် ထိုင်းနိုင်ငံဖုန်းနံပါတ်ဖြင့် တိုင်းမွိုင်းကိုဆက်သွယ်ရန် RCSS/SSA ဆက်ဆံရေးရုံးမှ ကိုစိုင်းဦးက ပြောခဲ့သည်။ ယင်းနောက် ထိုင်းဖုန်းဖြင့် ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။

PNA မှ ဗိုလ်မူးကြီးခွန်လာကို ဆက်သွယ်မေးမြန်းရာတွင် ”ကျွန်တော်တို့ ကန့်ကွက်ထားပါတယ်။ ဒီလို တပ်သားစုဆောင်းတာ ဥပဒေနှင့်လည်း မညီပါဘူး။ RCSS အဖွဲ့က လူကြီးများလည်း ပြည်သူလူထုဘက်ကို ထည့်သွင်းစဉ်းစားပေးသင့်တယ်“ ဟု ပြောခဲ့သည်။

ဒေသခံများက အားကိုးရာမဲ့ဖြစ်ပြီး လစဉ်တောင်းဆိုရာ ပေးစရာလူလည်းမရှိတော့ကြောင်း၊ ပင်ခါနှင့် ကျောက်တိုင်ဘက်တွင် နိုဝင်ဘာ ၉ ရက်တွင် ထပ်မံတောင်းဆိုလာသဖြင့် တောင်းပန်၍လည်းမရကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

No comments: