ဆီဆိုင်အခြေဆိုက် ၄၂၄ တပ်ရင်းမှ တပ်သားများ ဥပဒေမဲ့အကြမ်းဖက်ရိုက်နက်မှုကြောင့် အရပ်သားများဒဏ်ရရှိ

ခွန်ရာဇာ (တောင်ကြီး) | နိုဝင်ဘာလ ၅ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်



ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်တွင် အောက်တိုဘာ ၃၁ ရက်နေ့ ညနေ ၈ နာရီအချိန်တွင် တပ်ရင်းခမရ (၄၂၄) မှ ဗိုလ်နိုင်ချမ်းသာနှင့် ဒေသခံအရပ်သား ခွန်နေသာတို့ အရက်မူးပြီး ရန်ဖြစ်ရာမှ ဗိုလ်နိုင်ချမ်းသာက မကျေနပ်မှုဖြင့် တပ်ခွဲမှူးကို အကြောင်းကြားခေါ်မှုကြောင့် တပ်ခွဲမှူးဗိုလ်မှူးဇော်ထွန်းလွင်က စစ်သားအင်အား အယောက် ၃၀ ကျော်ခေါ်လာပြီး လမ်းတွင် တွေ့သမျှအပြစ်မဲ့ပြည်သူလူထုများကို တုတ်ဖြင့်အကြမ်းဖက်ရိုက်နက်ကာ အပြစ်မဲ့ပြည်သူများ ထိခိုက်ဒဏ်ရာများ ရရှိကြောင်း စုံစမ်းသိရှိရသည်။

ဖြစ်စဉ်တွင် အောက်တိုဘာ ၃၁ ရက်နေ့တွင် ခွန်ချစ်ထွေး၊ ခွန်နေသာ၊ ခွန်မင်းဦးတို့က ဆီဆိုင်ဈေး အနောက်မြောက်ဘက်ဆိုင်တွင် အရက်သွားသောက်ကာ ယင်းဆိုင်တွင် ဗိုလ်နိုင်ချမ်းသာနှင့်အဖွဲ့က ရှိနှင့်ပြီး အရက်မူးလာချိန်တွင် ဗိုလ်နိုင်ချမ်းသာက ဆိုင်ရှင်နှင့်အားပြိုင်စမ်းကာ ဆိုင်ရှင်က အရှုံးပေးလိုက်ကြောင်း၊ ထို့နောက် ခွန်နေသာတို့အဖွဲ့နှင့် အားပြိုင်ရန်လုပ်ပြီး ဗိုလ်နိုင်ချမ်းသာက ရှုံးကာ မကျေနပ်၍ သူ့တပည့်များနှင့် ပုလင်းများခွဲကာ ခွန်နေသာတို့အဖွဲ့ကို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုမှတဆင်း အဖက်နှင့်တဖက်ဝိုင်းဝန်းထိုးနက်ကြ ရန်ဖြစ်ကြပြီး၊ ဗိုလ်နိုင်ချမ်းသာအဖွဲ့နှင့် တပ်သားတို့က ၎င်းတို့ ၄၂၄ တပ်စခန်းသို့ ၎င်းတို့အား ဒေသခံရွာသားများက ဝိုင်းဝန်းထိုးကြပြီဟု ဖုန်းခေါ်အကြောင်းကြာလိုက်ကြောင်း သိရသည်။

ဗိုလ်နိုင်ချမ်းသာနှင့်သူ့တပည့်တပ်သားတို့အဖွဲ့ သုံးဦးတို့က ၎င်းအရက်ဆိုင်မှ ထွက်ခွါသွားပြီး မြကန်သာရပ်ကွက်နေ စိုင်းနေဝင်းက ဘီယာသွားဝယ်ပြီးပြန်လာသည့်အခါ လမ်းပေါ်တွင် ဗိုလ်ချမ်းသာတို့စစ်သားသုံးဦးနှင့်တွေ့ကာ “မင်းဘယ်က ပြန်လာလဲ” ဟု မေးပြီး စိုင်းနေ၀င်းမှ “ဘီယာသွားဝယ်တာပါ“ ဟု ပြန်ဖြေသည့်အခါ “မင်းကိုကောင်းကောင်းမေး ကောင်းကောင်းဖြေလေ“ ဆိုပြီး စိုင်းနေမင်းကို ဝိုင်းဝန်းထိုးကြိတ်ရိုက်နက်ခဲ့ကြကြောင်း မျက်မြင်သက်သေမှ တဆင့်သိရသည်။

စိုင်းနေမင်း၏ အစ်ကိုဖြစ်သူ ကျော်စွာဝင်းက ဘီယာသွားဝယ်ရာ၌ ပြန်ရောက်မလာသော ၎င်း၏ညီနောက်ကို လိုက်လာကာ သူလည်းအရိုက်နက်ခံရကြောင်း။ ထို့အပြင် မင်္ဂလာဆောင်မှ ပြန်လာသော အခြားဒေသခံနှစ်ဦးကိုလည်း ရိုက်နက်ကာ ရွာသားက ပြန်လည်ခုခံရာမှ တဖက်နှင့်တဖက် ထပ်မံရန်ဖြစ်ခဲ့ကြပြီး ဗိုလ်နိုင်ချမ်းသာတို့စစ်သားဘက်က ထွက်ပြေးသွားကာ အနီးနားရှိဒေသခံများက အရိုက်ခံရသည့် ရွာသားများကိုလာရောက်မေးမြန်းချိန်တွင် တပ်သားအယောက် ၃၀ ကျော် တင်ဆောင်လာသည့် စစ်ကားတစ်စီးဖြင့် ပြန်ရောက်လာကာ လမ်းပေါ်တွင် တွေ့သမျှအပစ်မဲ့ဒေသခံပြည်သူလူထုများကို ရိုက်နက်ပြီး သတင်းလာရောက်မေးမြန်းသောသူ ဆိုင်ကယ်နှစ်စီးကိုလည်း ကြေမွပျက်ဆီးသွားကြောင်း မျက်မြင်သက်သေ ဒေသခံများ ဆိုသည်။

စိုင်းနေမင်းသည် နောက်တစ်ကြိမ် အရိုက်ခံရပြန်ကာ ဦးခေါင်းတွင် ငါးချက်ချုပ်ရပြီးဒဏ်ရာပြင်းထန်စွာ ရရှိကြောင်း။ ခွန်ငဲပေက ကျောတွင် ဒဏ်ရာရရှိကြောင်း၊ စိုင်းကျော်စွာလည်း ဦးခေါင်းတွင် ဒဏ်ရာများ ရရှိကြောင်း။ စစ်သားများသည် အရိုက်နက်ခံရသော ဒေသခံပြည်သူများကို ရဲစခန်းသို့ ဆွဲခေါ်ဆောင်သွားပြီး၊ ယင်းစစ်သားများကပြင် ရဲစခန်းမှ ထိန်းသိမ်းထားသည့် စတင်ရန်ဖြစ်ခဲ့သူ ခွန်နေသာတို့အဖွဲ့သုံးဦးကို အပြင်သို့ခေါ်ထုတ်ခိုင်းကာ သောင်းကျန်းခဲ့ကြောင်း မျက်မြင်သက်သေများမှ တဆင့် သိရသည်။

“ကျနော်တို့ကို ရိုက်လည်းရိုက်တယ်။ ပြီးတော့ ရဲစခန်းအထိ ဆွဲခေါ်သွားပြီးတော့ ရဲစခန်းရောက်ခါနီးမှာ နောက်တခါထပ်ရိုက်သေးတယ်” ဟု အရိုက်ခံရသူ စိုင်းနေမင်းက ပြောသည်။

“ကျမတို့အိမ်ကိုလည်း တံခါးတွေလာဆွဲသေးတယ်။ တောင်းကျန်းသေးတယ်၊ တွေ့သမျှလူတွေကို ရိုက်လိုက်တာပဲ။ ဈေးပတ်သမားလဲ အရိုက်ခံရသေးတယ်။ စစ်သားအယောက် ၃၀ ကျော်တယ်၊ တုတ်တွေနဲ့ လာကြတယ်” ဟု မျက်မြင်သက်သေဖြစ်သူ ဒေါ်တင်သန်းက ပြောသည်။

ဒီဖြစ်ရပ်ကြောင့် တပ်ဗျူဟာမှူး ဆကခ (၇) ဗိုလ်မှူးကြီး အောင်ကျော်စိုး က အရိုက်ခံရသောသူများ၏ မိဘများကို နိုဝင်ဘာ ၃ ရက်နေ့တွင် လာရောက်တောင်းပန်ရာ၊ ဤပြဿနာမျိုး နောက်ထပ်မဖြစ်ရန် တာဝန်ယူနိုင်ခြင်း ရှိမှရှိ၊ ဒဏ်ရာရရှိသူများ၏ ကျန်းမာရေးဆေးကုသမှု အားလုံး တာဝန်ယူပေးရန်၊ ယခုပြုမူသော တပ်ခွဲမှူးများကို ရမ်းကားမှု ဥပဒေဖြင့် ပွင့်လင်းမြင်သာမှုရှိအောင် ထိထိရောက်ရောက် အရေးယူပေးရန်၊ ဟူသောသုံးချက်ကို အရိုက်ခံရသူ မိဘများက တောင်းဆိုထားကြောင်း သိရသည်။

ဗျူဟာမှူးလည်း ယခုကိစ္စကို ထိထိရောက်ရောက် တာဝန်ယူအရေးယူပေးမည်ဖြစ်ကြောင်း၊ အကယ်၍ နောက်ထပ်ဖြစ်လာခဲ့လျှင် တပ်တစ်ခုလုံးပြောင်ခိုင်းမည်ဖြစ်ကြောင်းနှင့် ပြောင်းရိုးပြောင်းစဉ်လည်း ရှိကြောင်း ပြောဆိုခဲ့ကြောင်း သိရသည်။

ပျက်စီးသွားသော ဆိုင်ကယ်နှစ်စီးကိုလည်း ပကတိအတိုင်းပြန်လုပ်ပေးမည်ဟု ဂတိပေးပြောဆိုပြီး၊ ရမ်းကားသောတပ်သားများကို စစ်ဆေးပြီး တပ်ဥပဒေ ပုဒ်မ ၆၅ ဖြင့် အရေးယူပေးမည်ဟု ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ကျော်စိုးက ကတိပေးပြောကြားခဲ့ကြောင်း သိရသည်။

အရိုက်ခံရသူများ၏မိဘများကို လာရောက်တောင်းပန်ရာတွင် ၄၂၃၊ ၄၂၄ တပ်မမှူးများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး၊ ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးခွန်လှသိန်း၊ မြကန်သာရပ်ကွက်ဥက္ကဌ တို့ပါဝင်ပြီး လာရောက်ကြောင်း၊ မျက်မြင်သက်သေများက စစ်သား အယောက် ၃၀ ကျော်ဟု ပြောသော်လည်း တပ်မမှူးများက စစ်ဆေးမှုအရ ၁၂ ဦးသာပါဝင်ခဲ့သည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။




No comments: