ဘုန်းကြီးကျောင်းအသစ် ဆောက်လုပ်ပေးခြင်းမရှိ၍ ဆရာတော်အခက်တွေ့


ခွန်ရာဇာ (တောင်ကြီး) | ဇန်န၀ါရီလ ၂၁၊ ၂၀၁၄ | တောင်ကြီးတိုင်းမ်

လိန်းလီဘုန်းတော်ကြီးကျောင်းတွင် ဆရာတော်နှင့် တကာများ တောင်းဆိုမှုကို လိုက်လျောပေးမည်ဟု နုတ်ကတိပေးပြီး ယခုနောက်တစ်မျိုး လိမ်လည်မှု ပြုလုပ်သောကြောင့် ကျောင်းဆောက်လုပ်ခြင်း အကြွေးတင်နေသော ဆရာတော်သည် ကျေနပ်မှု မရှိ၍ ပြောင်းရွှေမှု မလုပ်နိုင်ကြောင်း သိရသည်။

“လိန်းလီဘုန်းတော်ကြီးကျောင်းကို အသစ်ပြန်ဆောက်လုပ်ပေးမှာပါ၊ ကောပကအဖွဲ့နဲ့ ရပ်မိရပ်ဖများနဲ့ အကြိမ်ကြိမ်တိုင်ပင်ထားပါတယ်။ မူလအစီစဉ်က တစ်မျိုးပါ၊ ယခု ရပ်မိရပ်ဖများနဲ့ အသစ်ပြန်လည်တည်ဆောက်ဖို့ လုပ်နေပါပြီ။ အဲဒီချေးငွေကိစ္စနဲ့ ပတ်သက်ပြီးတော့ တာဝန်ယူဆောင်ရွက်ပေးမှာ မဟုတ်ဘူး” ဟု ရေဝပ်ကျေးရွာ ကွပ်ကဲရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ပြောသည်။

“ဆရာတော်တို့ကျောင်းက ပြောင်းရွှေ့မှု မလုပ်ခင်က ကျောင်းတကာများက ကိုယ်ထူကိုယ်ထနဲ့ ဆောက်လုပ်နေဆဲ ကျောင်းရှိပါတယ်။ မပြီးသေးပါဘူး။ အဲတော့ ငွေပဲယူမယ်။ သူတို့ဆောက်ပေးစရာမလိုဘူး။ ပိုတဲ့ငွေကို ဇရပ်တို့ တစ်ခြား အဆောက်အဦးတို့ကို ဆောက်ဖို့ရည်ရွယ်ပါတယ်။ သူတို့သတ်မှတ်ထားတဲ့ နှုန်းထားအတိုင်းပေါ့။ ဒါကို လျှပ်စစ်ဝန်ကြီး ကိုယ်တိုင်က သဘောတူပါတယ်။ ဒါကြောင့် ဆရာတော်က ငွေချေးယူပြီး အတိုး ၁၀ နှုန်းဖြင့်ပေါ့။ ယခု သူတို့ပေးထားတဲ့ကတိ မတည်တော့ဘူး။ အဲတော့ ဘုန်းကြီးက အကြွေးတင်နေပြီ၊ စာချုပ်လုပ်တာလဲ သူတို့ရေးထားတဲ့ စာချုပ်က သဘာဝမကျလို့ ဘုန်းကြီးလက်မှတ်မထိုးဘူး။ ပြင်ပြီးရေးပြန် တော့လည်း သူတို့ဘက်က ဒီအဆင့် လက်မှတ်ထိုးခွင့် မရှိဘူးပြောတယ်။ ပြီးတော့ ဘုန်းကြီးတို့ ဆောက်တဲ့ ကျောင်းကို လာဖျက်တယ်။ ဘုန်းကြီး မေးတယ်၊ ဘယ်သူခိုင်းလဲပေါ့။ ဖျက်ပိုင်ခွင့် မရှိဘူး ပြောမှ ရပ်ထားတယ်။ ဒီတော့ ကျောင်းအသစ် မပြီးမချင်းမရွှေ့ဘူး။ ရေနှစ်နေပါစေ၊ တရားမျှတမှု မရှိ ရင် ကျောင်းမှာဘဲ သီတင်းသုံးမယ်” ဟု လိန်းလီကျောင်းဆရာတော် ဦးသုစိတ္တ က မြွက်ကြားခဲ့သည်။

လူကြီးစကား ယုံမိ၍ အကြွေးတင်နေကြောင်း၊ လိန်းလီဘုန်းကြီးကျောင်းတွင် ဘုရားစေတီနှင့် ကျောင်းဆောင်များကို ယခုချိန်ထိ ဘာတစ်ခုမှ မလုပ်ပေးသေးကြောင်း။ သူတို့ကြိုက်သော ကန်ထရိုက်နှင့် မလုပ်လို့ဟု အကြောင်းပြကြောင်း။ ဒေသခံအချို့လည်း ဆရာတော်မှ မပြောင်းရွှေ့လျှင် ကျနော်တို့လည်း မပြောင်းကြောင်း လိန်းလီကျေးရွာ ဒေသခံများက ပြောကြောင်း သိရသည်။

No comments: