ပအိုဝ်းတွေ ဘယ်ရောက်နေလဲ? ဘာတွေ လုပ်နေလဲ? အမှတ် (၂)

အမြင်ဆောင်းပါး | ဇန်န၀ါရီလ ၁ ရက်၊ ၂၀၁၄ ခု | တောင်ကြီးတိုင်းမ်

အမျိုးသားညီလာခံ ခေါ်ဆိုရန် လိုအပ်ခြင်းအကြောင်းရင်း။

ယ္ခင်စာရေးသူ စါင်ဖါအောင် နှင့် ဗွေးစါင်ပေ ပြုစုရေးသားခဲ့သော ဆောင်းပါးအမှတ် (၁) တွင် အခြားလူမျိုးစု အသီးသီးက အမျိုးသားညီလာခံများ ခေါ်ယူပြီးစီးခဲ့ကြသော်လည်း ပအိုဝ်းတို့မှာ မသေချာ မရေရာ ဖြစ်နေခြင်းကို အားမလို အားမရဖြစ်မိ၍ ရေးသားဖေါ်ပြရခြင်းဖြစ်ပေသည်။

သို့သော် အဆိုပါ အမှတ် (၁) ဆောင်းပါး၌ ဖေါ်ပြရန် ကျန်နေသေးသော အကြောင်းအရာ အချို့ရှိနေ၍ ယ္ခုကဲ့သို့ အမှတ် (၂) ဆောင်းပါးဖြင့် ဆက်လက်ဖေါ်ပြရခြင်းဖြစ်ပေသည်။ ထို့ကြောင့် ယ္ခုအချိန်တွင် အမျိုးသားညီလာခံတရပ်ခေါ်ရန် ဘာကြောင့်လိုအပ်ပါသလဲ ဆိုသည့်ကိစ္စပင် ဖြစ်ပေသည်။

၁၉၉၁ ခုနှစ်၊ ဧပြီလ (၁၁) ရက်နေ့က ပအိုဝ်အမျိုးသားအဖွဲ့ချုပ် (PNO) သည် ထိုစဉ်က နဝတ (SLORC) နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူချက် ရယူရန် လိုအပ်၍ “အမျိုးသားညီလာခံ” ဟူ၍ လူထုအစည်းအဝေးပွဲတရပ် ခေါ်ယူခဲ့သည်ဟု ဖတ်ရှုရပေသည်။ (ခွန်ဝိဇ္ဇာရေးသား၍ PNO မှ ထုတ်ဝေသော ဒုတိယတော်လှန်းရေး မှတ်တမ်းစာအုပ်တွင် အသေးစိတ်ပါရှိသည်) ယင်းအမျိုးသားညီလာခံသည် ထိုစဉ်က PNO/PNA ဥပဒေဘောင်တွင်း ၀င်နိုင်ရေးအတွက် စီစဉ်ခဲ့သည်ကို “လူထုဆန္ဒ” ဖြစ်သည့်အသွင် ဆောင်ယူခဲ့ခြင်း ဖြစ်သည်။

သို့သော် ပအိုဝ်းအမျိုးသား ပြည်သူလူထုများသည် ကရင်ပြည်နယ် ဖါးအံခရိုင်၊ မွန်ပြည်နယ် သထုံခရိုင်၊ ပဲခူးတိုင်း တောင်ငူခရိုင် နှင့် ရှမ်းပြည်တောင်ပိုင်း တောင်ကြီးနှင့် လွိုင်လင်ခရိုင်တို့တွင် အနှံ့အပြားပြန့်နှံ့နေထိုင်လျှက်ရှိကြသော်လည်း အဆိုပါ အမျိုးသားညီလာခံတွင် ရှမ်းပြည်တောင်ပိုင်းမှ ကိုယ်စားလှယ်များသာ ပါဝင်ကြကြောင်း သိရှိပေသည်။ ကျန်ရှိသည့်ပအိုဝ်းဒေသများမှ ပါဝင်မှု ရှိ/မရှိ သေချာစွာ မသိရှိရပေ။

ပအိုဝ်းအမျိုးသား တော်လှန်ရေးအဆက်ဆက်တွင် ပအိုဝ်းနယ်မြေဒေသအသီးသီးမှ ပါဝင်အမှုထမ်းခဲ့ကြသည်ကို အထောက်အထားများဖြင့် စာရေးသူက ဖော်ပြလိုပေသည်။ ကျဆုံးလေးပြီးသော ပအိုဝ်းအမျိုးသားခေါင်းဆောင် ဖါဖြားဗွာ ဦးလှဖေ၊ ဗိုလ်မှူးကြီးခွန်ထွန်းရီ၊ ဗိုလ်မှူးကြီးခွန်ဝိဇ္ဇာတို့အပြင် လက်ရှိတာဝန်ထမ်းဆောင်နေသော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ၏ နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ PNLO ဥက္ကဋ္ဌ ခွန်မြင့်ထွန်းတို့သည်လည်း သထုံနယ်မှ ပအိုဝ်းလူမျိုးများပင် ဖြစ်ကြပေသည်။ နယ်မြေဒေသအရ ပအိုဝ်းတော်လှန်ရေး၏ ဘူမိနက်သံမှာ ရှမ်းပြည်တောင်ပိုင်း ဖြစ်သော်လည်း တော်လှန်းရေးလုပ်ငန်းတွင် နယ်မြေဒေသအသီးသီးက ပအိုဝ်းလူမျိုးနွယ်စုများ အစဉ်အလာအရ ပါဝင်တာဝန်ထမ်းဆောင်နေကြသည်မှာ ယနေ့အချိန်ထိပင် ဖြစ်ပေသည်။

ထို့ကြောင့် ပအိုဝ်းအမျိုးသားညီလာခံကြီး ခေါ်ယူမည်ဆိုပါက နယ်ပါယ်စုံ၊ ဒေသစုံ၊ အလွှာစုံမှ ပအိုဝ်းမျိုးနွယ်စုများ၏ ကိုယ်စားလှယ်များ ပြည့်ပြည့်စုံစုံပါဝင်ရန် လိုအပ်ပေလိမ့်မည်။

ယင်းကဲ့သို့ ညီလာခံကြီးက အကြေအလည် ညှိနှိုင်းဆွေးနွေးပြီး စဉ်းစားချမှတ်ရမည့် တမျိုးသားလုံးဆိုင်ရာ လုပ်ငန်းစဉ်များကို အောက်ပါအတိုင်း ဆက်လက်တင်ပြလိုပေသည်။


လုပ်ငန်းစဉ် (၁) တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးရေးကိစ္စ။

ပြည်ထောင်စုအစိုးရက ဖိတ်ခေါ်ထားပြီး လိုင်ဇာကွန်ဖရင့် (KIO ဌာနချုပ်တွင် ပြုလုပ်သည့် တိုင်းရင်းသားညီလာခံ) က သဘောတူခဲ့သော အပစ်အခတ်ရပ်စဲရေးကိစ္စတွင် သဘောတူစာချုပ်တစ်ရပ် ပြုစုလျက်ရှိပေသည်။

လာမည့် ၂၀၁၄ ခု ဇန္န၀ါရီလအတွင်း အစိုးရဘက်နှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အင်အားစု နှစ်ဘက် လက်မှတ်ရေးထိုးကြမည့် အခြေအနေရှိကြောင်း သိရှိရပေသည်။ PNLO သည် တဖွဲ့ချင်း အပစ်ရပ် လက်မှတ်ရေးထိုးထားပြီးသော်လည်း တစ်ပြည်လုံးအတိုင်းအတာ၌ ထပ်မံလက်၍ မှတ်ရေးထိုးရဦးမည်ဖြစ်သည်။ ယင်းသို့ ရေးထိုးသည့်ကိစ္စရပ်၌ PNLO နှင့်သာ သပ်သပ်ဆိုင်သော ကိစ္စမဟုတ်ဘဲ ပအိုဝ်းတမျိုးသားလုံးနှင့်လည်း သက်ဆိုင်ပေသည်။ ဌာနေပြည်သူ့စစ် အသွင်ပြောင်းထားသော PNA ပြီးလျှင် လက်ရှိ PNLA သည် “ပအိုဝ်းအမျိုးသားတို့၏ ကိုယ်စားပြု လက်နက်ကိုင်တပ်ဖွဲ့” တဖွဲ့တည်းသာ ရှိနေ၍ ဖြစ်ပေသည်။ ပအိုဝ်းအမျိုးသားညီလာခံက ဦးစားပေး စဉ်းစားဆုံးဖြတ်ရမည့် ကိစ္စရပ်ဖြစ်သည်။


လုပ်ငန်းစဉ် (၂) နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေးကိစ္စ။

အထက်ဖော်ပြပါ တစ်နိုင်ငံလုံး အပစ်ရပ်သဘောတူစာချုပ် လက်မှတ်ထိုးပြီးပါက နိုင်ငံရေးဆွေးနွေးပွဲသို့ တက်လှမ်းကြရမည်ဖြစ်သည်။ တဆင့်ပြီး တဆင့် တိုးချဲ့လုပ်ဆောင်းသွားရမည့် နိုင်ငံရေး ဆွေးနွေးပွဲကြီးတွင် ပအိုဝ်းတို့အနေနှင့် တစ်ဖွဲ့ကောင်း တစ်ယောက်ကောင်း ပါဝင်ရန်မဟုတ်ဘဲ “အမျိုးသားကိုယ်စားပြု” အမျိုးသားကိုယ်စားလှယ်အဖြစ် ပါဝင်ဆွေးနွေးကြရမည် ဖြစ်သည်။

ထို့ကြောင့် ပအိုဝ်းအမျိုးသားကိုယ်စားလှယ် မည်သူကို ရွေးချယ်ရမည်ဆိုသည်ကို အမျိုးသားညီလာခံကြီးကသာ စဉ်းစားဆုံးဖြတ်ရမည် ဖြစ်ပေသည်။


လုပ်ငန်းစဉ် (၃) တစ်နိုင်ငံလုံး၌ ကောက်ယူမည့် လူဦးရေ သန်းခေါင်းစာရင်းကိစ္စ။

လာမည် ၂၀၁၄ ခု မတ်လ (၂၉) ရက် ညဥ့်သန်းခေါင်ယံမှ ဧပြီလ (၁၀) ရက်နေ့အထိ ကောက်ခံမည့် ပြည်ထောင်စုတ၀ှမ်းလုံး လူဦးရေသန်းခေါင်စာရင်း ကောက်ယူရေး၌ ပအိုဝ်းလူမျိုးတို့ မည်ကဲ့သို့ တုန့်ပြန်မည်ဆိုသည်ကို လူထု လူတန်းစားအားလုံးက စောင့်ကြည့်နေကြပေသည်။

ဦးဆောင်နိုင်ငံရေးပါတီများ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များထံမှ လမ်းညွှန်ချက်ပေါ်လစီများ မည်သို့မျှ မကြားရသည့်အတွက် အားငယ်နေကြမည်မှာ အမှန်ပင်ဖြစ်သည်။

ထို့အပြင် Pa-Oh Youth Network (PYN) မှ ပြင်ဆင်မှုများ ပြုလုပ်ပြီး သင်တန်းများ ပြုလုပ်နေသော်လည်း အားနည်းမှုများ ရှိနေပြီး သတင်းအချက်အလက်များ ဖလှယ်ဖြန့်ဝေပေးမှုမှာ လုံလောက်ခိုင်လုံမှု၊ အချိန်ပေးနိုင်မှုနှင့် လက်တွေ့ကွင်းဆင်းမှု အားနည်းနေသည်ဟု သင်တန်းပေးခဲ့သည့် စာရေးသူမှ သုံးသပ်မိသည်။

အကြောင်းရင်းမှာ ထိရောက်မှု အားနည်းသော သန်းခေါင်စာရင်း အချက်အလက် နှင့် ပေးပို့သင်ချမှု လုပ်ဆောင်ချက်ဖြင့် သန်းခေါင်စာရင်း ကောက်ယူမှုကိစ္စ ဆက်လက်လုပ်ဆောင်သွားပါက ပို၍အားနည်းသော ရလာဒ်ဖြင့် အဆုံးသတ်မှု ဖြစ်စေနိုင်သည်။

ရန်ကုန်တိုင်းအတွင်း မွန်အဖွဲ့အစည်းများက တင်ကြိုစာရင်းကောက်ယူခြင်း၊ ထိုင်းနိုင်ငံအတွင်း ရှမ်းလူငယ်များက တင်ကြိုစာရင်းကောက်ယူခြင်း စသောလှုံ့ဆော်မှုများ ရှိကြသည်ကို ၀မ်းမြောက်ဖွယ်ရာ တွေ့ရှိရပေသည်။

စာရေးသူ ငယ်စဉ်က ကြားသိခဲ့ရသော ဖါဖြားဗွာဦးလှဖေ၊ ဦးကျော်စိန်တို့၏ ဟောပြောချက်များ၌ ပအိုဝ်းဆိုသော အမျိုးသားလက္ခဏာအမည်ကို အခက်အခဲများကြားမှ ရုန်းကန် ဖေါ်ထုတ်ခဲ့ကြရသည်ဟု သိရပေသည်။

လွပ်လပ်ရေးမရမီ ၁၉၄၆/၄၇ ခန့်ကဟု ယူဆရသည်။ ထိုစဉ်က ပအိုဝ်းကို တောင်သူဟုသာ ခေါ်ဆိုကြပြီး၊ ကရင်နယ်မြေ၌ နေသောပအိုဝ်းကို ကရင်တောင်သူ၊ မွန်ဒေသ၌ နေသောပအိုဝ်းကို မွန်တောင်သူ၊ ရှမ်းပြည်နယ်ရှိ ပအိုဝ်းကို ရှမ်းတောင်သူ နှင့် ပဲခူးတိုင်းအတွင်း (ပြည်မ) ရှိ ပအိုဝ်များကိုမှု မြန်မာတောင်သူ ဟူ၍ ခေါ်ဝေါ်ကြလေသည်။ ပအိုဝ်းအမျိုးသား နိုင်ငံရေးခေါင်းဆောင်ကြီးများ၏ ကြိုးပမ်းမှု တော်လှန်ရေးလှုပ်ရှားမှုများကြောင့် ယနေ့ဆိုလျှင် “ပအိုဝ်း” ဟူ၍ လူသိများလာပြီး အသိအမှတ်ပြုမှုကိုလည်း ရရှိနေပြီးဖြစ်သည်။

သို့သော် တင်ကြိုပြင်ဆင်မှု လှုံ့ဆော်ပညာပေးမှု မရှိလျှင် “ကြောက်တတ်သော ပအိုဝ်းများပီပီ” သန်းခေါင်စာရင်းကောက် ဆရာ/ဆရာမများ အရာရှိများ၏ ရေလာ မြောင်းပေး လုပ်ရပ်များကို ပြန်မပြောဝံ့ကြဘဲ ပအိုဝ်းအဖြစ်မှ (မြန်မာ/ဗုဒ္ဓ) များအဖြစ် စာရင်းဝင်သွားနိုင်သည်ကို စာရေးသူ စိုးရိမ်မိသည်။

ရှမ်းပြည်တောင်ပိုင်း ပအိုဝ်ဒေသ၊ ကျေးရွာများ၌ လာရောက်စာသင်ပေးကြသော စစ်ကိုင်းရွာသစ်ကြီး ကျောင်းဆင်း ဆရာ/ဆရာမ များသည် “မြန်မာလူမျိုးဖြစ်ရေးမှုကို တပါတည်း သင်လာတတ်သည်မှာ စာရေးသူတို့အပါအ၀င် တော်တော်များများ သိထားကြပြီးဖြစ်သည်။

ဥပမာ- ပအိုဝ်းကျောင်းသူတစ်ဦးကို ရွာနာမည် “နန်းဗွာ” ဖြစ်သော်လည်း ဗမာဆရာများက “ချောစု” မှည့်ခေါ်ပေးလိုက်၍၊ နောင် ၎င်းကလေးမသည် ဗမာနာမည်နှင့်ပင် ကြီးလာခဲ့ရခြင်း၊ ကရင်နီ ကျေးလက်မှ “ဆော်ရယ်” အမည်ရှိ ကျောင်းသားကို လွိုင်ကော်အထက်တန်းကျောင်းသို့ သွားရောက်အပ်နှံရာ၌ နာမည်ခေါ်ရခက်သဖြင့် “အောင်ဟိန်း” ဟု ပြောင်းလဲစေခြင်းများကို ဆရာ/ဆရာမတို့ကပင် စီမံချက်ရှိရှိ လုပ်ဆောင်ခဲ့ကြ လုပ်ဆောင်နေဆဲ ရှိပေသည်။

ထို့ထက်မက လက်ရှိ လွိုင်လင်ခရိုင် ပင်လုံမြို့နယ်အတွင်းတွင် ထွက်ပေါ်နေသော သတင်းအခြေအနေမှာ ပအိုဝ်းအမျိုးသားအမည် “ခွန်” သုံးခွင့်မပေးပဲ “ခွန်” နေရာတွင် ရှမ်းအမျိုးသား အမည်ဖြစ်သော “စိုင်း” အဖြစ် အမည်ပြောင်းလဲ လုပ်ဆောင်နေမှုများ ရှိနေသည်ဟု ကြားသိရသည်။

ထိုနည်းတူစွာပင် ပအိုဝ်းအမျိုးသမီးအမည် “နန်း” နေရာတွင် ရှမ်းအမျိုးသမီး အမည်ဖြစ်သော “ယိင်း” အဖြစ် အမည်ပြောင်းလဲလုပ်ဆောင်သည်ဟုလဲ ပင်လုံဒေသခံများထံမှ ရင်ဖွင့် တိုင်ပင်လာခဲ့ခြင်းသာမက ဒေသခံများမှ ထိုအဖြစ်အပျက်မျိုး မဖြစ်စေရန် ကူညီတိုင်ပင်မှုများ ပြုလုပ်ပြီး၊ တခြားဒေသရှိ ပအိုဝ်းများကိုလဲ ထိုအခြေအနေမျိုး မရောက်စေနိုင်ရန် အသိ သတိပေးမှုများ ရှိနေသည်။

ယခုလည်း ၎င်းဆရာ/ဆရာမများကိုပင် သန်းခေါင်စာရင်းကောက်ယူရာ၌ အဓိကအင်အားအဖြစ် အသုံးပြုမည်ဆိုလျှင် တိမ်းစောင်းမှု မရှိစေရန် အသေအချာ ဂရုစိုက်ရမည်ဟု စာရေးသူ သတိပေးလိုပေသည်။

ထို့ကြောင့် ပအိုဝ်းဖြစ်လျှင် ပအိုဝ်းစကား တတ်/မတတ်နှင့် မဆိုင်။ ပအိုဝ်းဒေသအတွင်း နေထိုင်ခြင်း၊ မနေထိုင်ခြင်းနှင့် မသက်ဆိုင်ဘဲ “ပအိုဝ်းလူမျိုး” ဖြစ်ကြောင်း လူဦးရေအတိအကျ ရရှိနိုင်ရေးအတွက် စီမံချက်ချ၍ ပညာပေးနိုးဆော်ရမည့် တာဝန်မှာ PNLO/PNO/UPNO/ ပအိုဝ်းလူငယ်အဖွဲ့များ၊ ပအိုဝ်းအမျိုးသမီးအဖွဲ့များနှင့် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ သာသနာရေး၊ လူမှုရေး ခေါင်းဆောင်ရမည့် သံဃာတော်ကြီးများက ယခုထဲက စတင်စည်းရုံး လှုံ့ဆော်ရန် လိုအပ်ပေသည်။

တမူတည်း တပုံစံတည်း ရရှိရေးကို ပအိုဝ်းအမျိုးသားညီလာခံ၌သာ ချမှတ်ကြရမည် ဖြစ်ပေသည်။


လုပ်ငန်းစဉ် (၄) ၂၀၁၅ အထွေထွေရွေးကောက်ပွဲကိစ္စ။

လက်ရှိ မှတ်ပုံတင်ပြီး နိုင်ငံရေးပါတီ နှစ်ရပ်မှာ ၁) ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO၊ ၂) ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် UPNO တို့ ဖြစ်ကြပေသည်။ ရွေးကောက်ပွဲအနိုင်ရရေးအတွက် အလုပ်လုပ်ချိန် တစ်နှစ်သာကျန်ရှိသည့် ယှဉ်ပြိုင်ရမည့် ပါတီကြီးများ NLD/USDP/SNLD နှင့် SNDP တို့ကဲ့သို့ စည်းရုံးရေးအားကောင်းသော လူမျိုး/ပါတီများလည်း ရှိနေပေသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးပါတီများ အခြေအနေသည် USDP မှ အကွက်ကျကျ စီစဉ်ပြင်ဆင်ထားနိုင်မှုနှင့် ပိုမိုဖန်တီးနိုင်ခွင့် ရှိနေသည်။

လက်ရှိ ပအိုဝ်းနိုင်ငံရေးပါတီများသည် ကြိုတင်ပြင်ဆင်မှုနှင့် ကိုယ်ပိုင်ရပ်တည်မှု အားနည်းနေပြီး ပအိုဝ်းအမျိုးသားထု တရပ်လုံးအား ကိုယ်စားပြုနိုင်မည့် အခြေအနေကို မဖန်တီးနိုင်သေးခြင်းကြောင့် ပအိုဝ်းအမျိုးသားညီလာခံကို အချိန်အတွင်း ကြိုတင်ပြင်ဆင်ထားနိုင်မှသာ ပအိုဝ်းအမျိုးသားတစ်ရပ်ကို မူ၊ ပေါ်လစီနှင့် နိုင်ငံရေး စသော ဦးဆောင်မှုကဏ္ဍအတွက် ဖော်ဆောင်နိုင်လိမ့်မည်ဟု ဆောင်းပါးရှင်မှ ယုံကြည်သည်။

ပအိုဝ်းတမျိုးသားလုံး လှုပ်ရှားမှုအသွင်ဖြင့်သာ ပအိုဝ်းနိုင်ငံရေးပါတီမှ အမတ်လောင်းများ အရွေးချယ်ခံရမည့်ကိန်း ရှိပေသည်။ ယှဉ်ပြိုင်သူမရှိ ရွေးကောက်ပွဲမရှိဘဲ အသားလွတ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဖြစ်လာဖို့ အလားအလာ အလွန်နည်းသွားပြီး ဖြစ်သည်။

၂၀၁၀ မှာကဲ့သို့ “ပေါ၊ ချောင်၊ ကောင်း” အခြေအနေမျိုး မျော်လင့်ရန် မဖြစ်နိုင်တော့ပြီ။ ပအိုဝ်းအမျိုးသားညီလာခံ ခေါ်၍ နည်းဗျူဟာများ ရေးစွဲရန်သာ ကျန်တော့သည်။

စါင်းဖါအောင်
နှင့်
ဗွေးစါင်ပေ

No comments: